Thursday, September 26, 2013

လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်မှုများ ရှိနေချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စား လှယ် နှစ်ဦးအား ငွေကြေးဆိုင်ရာ အလွဲသုံးစား ပြုလုပ်သည်ဟု စွပ်စွဲမှုဖြစ်ပေါ်

Posted by drmyochit Thursday, September 26, 2013, under | No comments

မင်းရွာ တာဝအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပဲခူးတိုင်း ဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို အများပြည် သူပိုင် ငွေများအား အာဏာ အရှိန်အ၀ါသုံးကာ အလွဲသုံးစား ပြုလုပ်ခဲ့မှုအတွက် ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတနှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူများထံ တိုင်ကြားထားကြောင်း စက်တင် ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ Aung Soe & ACE TOP LAW FIRM တွင် ပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲတွင် မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီဝင်များက ပြောကြားသည်။

ပြည်သူများက ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ပြည်သူလူထု အကျိုးအား အမှန်တကယ် ဆောင်ရွက်နိုင်မှု နည်းပါးနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ပြည်ခိုင်ဖြိုး ပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား အာဏာ အရှိန်အ၀ါသုံးကာ တံတား တည်ဆောက် ရေးအတွက် အစိုးရအဖွဲ့က မတည်ပေးသည့် ရန်ပုံငွေများမှ ကျပ် ၁၂ သိန်း အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက် စောင့်ကြည့် သတင်းဂျာနယ်၊ အတွဲ ၈၊ အမှတ် ၄၀ တွင် သတင်း ဖော်ပြ ခဲ့ပြီး အဆိုပါ ဖော်ပြမှုအပေါ် အစွပ်စွဲခံ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် ဦးဖိုးဇော် (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးကိုကို (ပဲခူးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) တို့မှ စက်တင်ဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် စောင့်ကြည့်ဂျာနယ် အနေနှင့် မမှန်သတင်း ဖော်ပြခြင်းအတွက် နိုင်ငံပိုင် သတင်းစာများ အပါအ၀င် ဂျာနယ်ငါးစောင်မှ ပြန်လည် တောင်းပန်ရန် ကြေညာခဲ့သဖြင့် အဆိုပါ သတင်းစာ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''ဖြစ်လာတဲ့ ဖြစ်စဉ်အပေါ်မှာ အမှန်အတိုင်း ကျွန်တော်ရေးတာပါ။ ဒါက စာနယ်ဇင်းအပေါ် ဖိအားပေးတာလို့ မြင်ပါတယ်'' ဟု အဆိုပါ မင်းရွာ၊ ကုက္ကိုတန်း တံတားအတွက် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ကျပ် ၁၂ သိန်း အာဏာ အရှိန်အ၀ါ သုံးကာ အလွဲသုံးစား လုပ်ခဲ့ကြောင်း ဖော်ထုတ် ရေးသားခဲ့သည့် စောင့်ကြည့် သတင်းဂျာနယ်မှ ဦးမိုးမြင့်လွင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မင်းရွာ၊ ကုက္ကိုတန်း ကျေးရွာများအား ဖြတ်သန်းသွားသည့် ချောင်းကူးတံတားမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသဖြင့် နိုင်ငံတော် အစိုးရမှ သဘာဝ ဘေးအန္တရာယ်နှင့် ကယ်ဆယ် ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၈၀ ထောက်ပံ့ခဲ့ပြီး အဆိုပါ ငွေပမာဏမှ ကျပ် ၁၆၈ သိန်းကိုသာ မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ငွေကျပ် ၁၂ သိန်းအား ဦးဖိုးဇော်၊ ဦးကိုကိုတို့က ထပ်မံပေးအပ်မှု မရှိသဖြင့် ယင်းကဲ့သို့ အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်၍ အနိုင်ကျင့်ဖြတ်ယူ သုံးစွဲခဲ့ခြင်းအပေါ် မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရေး ကော်မတီနှင့် ရွာသူရွာသားများက စက်တင်ဘာ ၈ ရက်တွင် နိုင်ငံတော် သမ္မတနှင့် တာဝန်ရှိသူများထံ တိုင်ကြားခဲ့ကြောင်း မင်းရွာ၊ ကုက္ကိုတန်းတံတား တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။

''ကျွန်တော်တို့က ပြည်ခိုင်ဖြိုးပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သိက္ခာချတာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သိက္ခာကျအောင်လုပ်တဲ့ ကိုယ်စားလှယ် နှစ်ဦးကိုပဲ တောင်းပန်စေချင်တာပါ။ ကျွန်တော်တို့က ဒီငွေ ကျပ်၁၂ သိန်းကို မက်မောလို့ ပြောနေတာ မဟုတ်ပါဘူး။ ငွေကျပ် ၁၂ သိန်းအပေါ် မှာ ဖြစ်လာတဲ့ အကျင့်စရိုက်ကို ပြောနေတာပါ'' ဟု မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြားသည်။

မင်းရွာ၊ ကုက္ကိုတန်း တံတား တည်ဆောက်ရာတွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သုံးရာ ရှစ်ဆယ့်ရှစ်သိန်း တစ်သောင်း တစ်ထောင် နှစ်ရာရှစ်ဆယ့် ခြောက်ကျပ် ဖြစ်ပြီး ပြည်သူများ၏ လှူဒါန်းငွေမှာ ကျပ်တစ်ရာကိုးဆယ့် ရှစ်သိန်းရှစ်ထောင့် ငါးရာကျပ်ဖြစ်ကာ အစိုးရအဖွဲ့ ခွင့်ပြုငွေမှာ ကျပ်သိန်း ၁၈၀ ဖြစ်သော်လည်း အမှန်တကယ် ရရှိငွေမှာကျပ် ၁၆၈ သိန်းသာ ဖြစ်သည့်အတွက် ကော်မတီမှ စိုက်ငွေအကြွေးမှာ ကျပ်နှစ်ဆယ့်နှစ်သိန်း နှစ်ထောင့်ခုနစ်ရာ ခြောက်ဆယ်ရှစ်ကျပ် ဖြစ်နေကြောင်း သိရသည်။

ထိုသို့ စိုက်ငွေ အကြွေးတင်နေသဖြင့် အစိုးရအဖွဲ့ ခွင့်ပြုငွေ ကျပ် ၁၂ သိန်းအား ရရှိရန် လိုအပ်နေသော်လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးဇော်က အဆိုပါ ၁၂ သိန်းအား တံတားဖွင့်ပွဲတွင် စိုက်ထုတ်သုံးစွဲမည်ဟု ပြောဆိုခဲ့သည့် အတွက် ကန့်ကွက်ခဲ့ကြောင်း မင်းရွာတာဝအုပ်စု ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ပြောကြားသည်။

''စက်တင်ဘာ ၉ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ကျွန်တော် အပါအ၀င် ရပ်ကျေး အုပ်ချုပ်ရေးမှူး လေးဦးကိုခေါ်ပြီး ဒီမင်းရွာ၊ ကုက္ကိုတန်း တံတားကို ကျပ်သိန်း ၈၀ အကုန်ခံပြီး ဖွင့်မယ်ပြောတယ်။ ကျွန်တော်တို့ ရွာတွေမှာ ဒီတံတားကြောင့် အကြွေးပတ်လည် ၀ိုင်းနေတာ ၁၂ သိန်း အကုန်ခံ မဖွင့်နိုင်ဘူး ပြောတော့ ဦးဖိုးဇော်က အဲဒါဆိုရင် ဒီ ၁၂ သိန်းကို ယူသွားပါ ပြောတယ်။ ကျွန်တော့် ကော်မတီဝင်တွေ မပါတဲ့အတွက် လက်မခံခဲ့ပါဘူး'' ဟု မင်းရွာတာဝအုပ်စု ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ပြောကြားသည်။

ထိုသို့ သတင်းမီဒီယာများနှင့် ကျေးလက်နေ ပြည်သူများအပေါ် အရှိန်အ၀ါ သုံးနေသည့် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအပေါ် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဆန်းဦးက ''လိုအပ်လာရင် ရွာသူရွာသားတွေနဲ့ စာနယ်ဇင်းဘက်က ကာကွယ်ပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်မယ်'' ဟု ပြောကြားသည်။

လက်ရှိ ဖြစ်ပွားခဲ့သည့် တံတားတည်ဆောက်ရေး ပြဿနာများနှင့် ပတ်သက်၍ ဦးဖိုးဇော်နှင့် ဦးကိုကိုတို့က အထူးလွှဲအပ်ထားသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်ကြွယ်က သူမ၏ အမှုသည် နှစ်ဦးတွင် အဆိုပါ ကျပ် ၁၂ သိန်းအား အလွဲသုံးစား ပြုလုပ်ထားခြင်း မဟုတ်ဘဲ တံတားဖွင့်ပွဲတွင် ကျပ်သိန်း ၈၀ အသုံးပြုမည် ဖြစ်သည့်အတွက် အဆိုပါ ကျပ် ၁၂ သိန်းအား အသေးသုံး အဖြစ်သာ သတ်မှတ်ထားပြီး တံတားနှင့် ပတ်သက်၍ ဂျာနယ်ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မင်းရွာ တာဝအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုး ပါတီဝင်ဖြစ်သူ ဦးကျော်သူရက ယင်းငွေအား ပြန်လည်မယူဟု ပြောကြားခဲ့ကြောင်း အထောက်အထားများ ရှိသည်ဟု စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်