Thursday, September 26, 2013

ကားတိုက်ခံရသည့် ပရိသတ်ကလေးမလေးနှင့် တွေ့ဆုံခဲ့သည့် တေလာဆွစ်ဖ်

Posted by drmyochit Thursday, September 26, 2013, under | No comments


လူငယ် ပရိသတ် အများစု၏ နှစ်သက်အားပေးခြင်းကို ခံရသည့် Country ဂီတစတား အဆိုတော် မလေး သည် အသက်(၇)နှစ်အရွယ် ဂရေ့စ်မာကယ်လ်၏ သတင်းကို ကြားသိပြီးနောက် သူမကို ကိုယ်တိုင် ဖက်လှဲ တကင်း နှုတ်ဆက် အားပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဖျော်ဖြေပွဲကို လာရောက်အားပေးရင်း ကားတိုက်ခံရသည့် ကလေးမလေး တစ်ဦးထံ တေလာဆွစ်ဖ် က ကိုယ်တိုင် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ လူငယ် ပရိသတ် အများစု၏ နှစ်သက် အားပေးခြင်း ကို ခံရသည့် Country ဂီတစတား အဆိုတော်မလေးသည် အသက်(၇)နှစ်အရွယ် ဂရေ့စ်မာကယ်လ်၏ သတင်းကို ကြားသိပြီးနောက် သူမကို ကိုယ်တိုင် ဖက်လှဲတကင်း နှုတ်ဆက် အားပေး ခဲ့ခြင်း ဖြစ်သည်။ နွေရာသီက တေလာ၏ ဖျော်ဖြေပွဲ တစ်ခုသို့ လမ်းလျှောက်သွားနေစဉ် ဂရေ့စ်ကို အရှိန်နှင့် မောင်းနှင်လာ သည့် မော်တော်ကား တစ်စင်းက ဝင်တိုက်မိခဲ့သည်။ ချီကာဂိုတွင် ဩဂုတ်လ (၁၀)ရက်နေ့ က ပြုလုပ်ခဲ့သည့် တေလာ၏ ဖျော်ဖြေပွဲအတွက် လက်မှတ်တစ်စောင်ကို ဂရေ့စ်၏ မိဘများက တစ်ဦးတည်းသော သမီးလေးအတွက် လက်ဆောင် ပေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဂရေ့စ်ခမျာ ဖျော်ဖြေပွဲမှ ပျော်ပျော်ရွှင်ရွှင် ပြန်လာရမည့်အစား ဒဏ်ရာဒဏ်ချက် များစွာဖြင့်သာ ဆေးရုံသို့ ရောက်သွားခဲ့သည်။

ဂရေ့စ်သည် Taxiပေါ်မှ ဖခင်နှင့်အတူ အဆင်းတွင် SUV ကားတစ်စင်းက တစ်နာရီ မိုင်(၃၀)မျှနှုန်းဖြင့် ဖြတ်တိုက်သွားခြင်း ဖြစ်သည်။ ဂရေ့စ်ခမျာ သူမ၏ စံပြပုဂ္ဂိုလ်ကို တွေ့ဆုံခွင့် ရရန် အိပ်မက်တစ်ခု ပျက်သုဉ်းခဲ့ပြီး မာစီ ကလေးဆေးရုံတွင် အိပ်မက်ဆိုး ကာလများကို ဖြတ်သန်းခဲ့ရသည်။ ဂရေ့စ်၏ ဦးခွံတွင် (၂)နေရာ အက်သွားပြီး အခြား ဒဏ်ရာများလည်း ရရှိခဲ့သည်။ မျက်နှာတွင်ရော၊ ခန္ဓာကိုယ်တွင်ပါ လမ်းနှင့် အရှိန်ပြင်းပြင်း ပွတ်တိုက်မိခြင်းကြောင့် ဂရေ့စ်ခမျာ ပွန်းရာခြစ်ရာ ဗလပွနှင့် ဖြစ်ခဲ့သည်။ ထိုအကြောင်းကို တစ်ဆင့်စကား တစ်ဆင့်ကြားပြီးနောက် တေလာက ဂရေ့စ်ကို လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဂရေ့စ်၏ မိဘများက သမီးဖြစ်သူကို စိတ်ပြေလက်ပျောက် ဖြစ်စေရန် စက်တင်ဘာလ (၂၁)ရက်နေ့၊ နက်ရှ်ဗီးလ်တွင် ပြုလုပ်သည့် တေလာ၏ Red ဖျော်ဖြေပွဲသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် တေလာက မိသားစု(၃)ဦးကို ဖိတ်ခေါ်ပြီး ဂရေ့စ်ကို တသီးတခြား အချိန်ပေး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ စင်နောက်သို့ ဖိတ်ခေါ်ခံရပြီးနောက် တအံ့တဩ ဖြစ်ခဲ့သည့် ဂရေ့စ်၏မိခင် အေမီမာကယ်လ်က "အဝတ်လဲခန်းထဲက ထွက်လာလာချင်း တေလာက သမီးလေးရဲ့ နာမည်ကို ခေါ်တယ်။ ပြီးတော့ ပြေးလာပြီး ဒူးထောက်ထိုင်ချတယ်။ ဂရေ့စ်ကိုလည်း ဖက်ထားတယ်။ ပြီးတော့ သူနည်းနည်း အအေးမိနေတဲ့အကြောင်း၊ ဂရေ့စ်က သူ့ဖျော်ဖြေပွဲမှာ ကူပြီးတော့ အသံကျယ်ကျယ် ဆိုပေးပါလို့လည်း နောက်နေသေးတယ်"ဟု Peopleသို့ ပြောကြားခဲ့သည်။ တေလာသည် သူမ၏ အမာခံ ပရိသတ်လေးကို ကျန်းမာရေးအခြေအနေ မေးမြန်းခဲ့သလို အမှတ်တရ ဓာတ်ပုံလည်း တွဲရိုက်ပေးခဲ့သည်။ ထို့အပြင် ဂရေ့စ်ကံကောင်းစေရန် အမှတ်တရ ဆုတောင်းအော်တိုလည်း ရေးပေးခဲ့သေးသည်။

အေမီက "တေလာရဲ့ အမေကလည်း ကျွန်မကို လာတွေ့တယ်။ ဂရေ့စ်ရဲ့ အကြောင်းကို ကြားတုန်းက စိတ်မကောင်းဘူးတဲ့။ မိခင်ချင်း ကိုယ်ချင်းစာပြီး ကျွန်မတို့နဲ့ထပ်တူ စိတ်ပူမိကြောင်းလည်း ပြောပါတယ်။ ဒီအတွေ့အကြုံကတော့ သမီးလေးတင် မကဘူး၊ ကျွန်မတို့အတွက်ပါ အိပ်မက်ဆန်ဆန် အံ့ဩစရာ ဖြစ်ခဲ့ပါတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ Peopleက ဂရေ့စ်ကို မေးမြန်းရာ သူမက စိတ်လှုပ်ရှားနေဟန်ဖြင့် "တေလာက သိပ်သဘောကောင်းတယ်။ အရပ်လည်းရှည်တယ်။ လှလည်းလှတယ်"ဟုသာ ပြောကြားသွားသည်။

ယခုအခါ ဂရေ့စ်သည် ကျောင်းပြန်တက်နေပြီဖြစ်ပြီး လုံးဝဥဿုံ ကျန်းမာနေပြီဟု သိရသည်။ "သမီးလေးရဲ့ ဆိုးရွားတဲ့ မတော်တဆမှု တစ်ခုကို မျက်မြင်ကြုံခဲ့ရပြီး ခုလိုပြန်ကောင်းလာတာဟာ အံ့ဩစရာပါပဲ။ ကျွန်မတို့ ကံကောင်းခဲ့ပါတယ်။ ခုတော့ သမီးက ကျောင်းမှာ တေလာနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ပဲ လျှောက်ကြွားနေပြီလေ"ဟု အေမီက ရယ်ရယ်မောမော ပြောဆိုသွားခဲ့သည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်