Thursday, September 26, 2013

Kindle Fire မျိုးဆက်သစ် Tablet ၃ မျိုးကို Amazon စတင်မိတ်ဆက်

Posted by drmyochit Thursday, September 26, 2013, under | No comments

Tablet (၃)မျိုးမှာ ဒီဇိုင်းပိုင်း ပြောင်းလဲထားသည့် Kindle Fire HD၊ Kindle Fire HDX 7နှင့် Kindle Fire HDX 8.9တို့ ဖြစ်ကြ



Amazonသည် ၎င်းတို့၏ Kindle Fire အမျိုးအစား Tablet ကွန်ပျူတာများ၏ မျိုးဆက်သစ် (၃)ခုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Amazon၏ ရည်မှန်းချက် ကြီးမားသော ခြေလှမ်းအဖြစ် မိတ်ဆက်လာသော Tabletများတွင် အထင်ကြီးလောက်ဖွယ် Software ဖြည့်တင်းမှုများ ပါဝင်လာကြောင်း လေ့လာသူများက ဆိုသည်။ ယင်းTablet (၃)မျိုးမှာ ဒီဇိုင်းပိုင်း ပြောင်းလဲထားသည့် Kindle Fire HD၊ Kindle Fire HDX 7နှင့် Kindle Fire HDX 8.9တို့ ဖြစ်ကြသည်။ အဆိုပါ Tablet (၃)မျိုးလုံးကို အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အမျိုးအစားအလိုက် ခွဲခြားရောင်းချ သွားမည်ဖြစ်သည်။ HDX 7၏ 4Gကွန်ရက်သုံး မျိုးကွဲကို နိုဝင်ဘာလ (၇)ရက်နေ့၊ HDX 8.9 4Gကွန်ရက်သုံး Versionကို ဒီဇင်ဘာလ (၁၀)ရက်နေ့တို့တွင် အသီးသီး ဈေးကွက်ထဲ တင်ပို့ရန် စီစဉ်ထားသည်။


အစောဆုံးအဖြစ် ဒီဇိုင်းပြောင်းလဲထားသည့် (၇)လက်မအကျယ်ရှိ Kindle Fire HDကို အောက်တိုဘာလ (၂)ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။ ထို့နောက် WiFiသီးသန့် ချိတ်ဆက်နိုင်သည့် HDX 7ကို အောက်တိုဘာလ (၁၈)ရက်၊ HDX 8.9ကိုမူ နိုဝင်ဘာလ (၇)ရက်နေ့တို့တွင် ရောင်းချမည်ဟု Amazonက ကြေညာသည်။ Fire OSသစ်ကို အသုံးပြုထားသည့် Tablet (၃)မျိုးလုံး၏ စွမ်းဆောင်ရည်ကို အပြည့်အဝ စမ်းသပ်ခွင့် မရှိသေးသော်လည်း လေ့လာသူများက ကောင်းမွန်သည့် ပေါင်းစပ်မှုများ ပါဝင်လာမည်ဟု ယုံကြည်ထားသည်။

Amazonသည် Kindle အမျိုးအစားသစ် (၃)ခုလုံးကို ဒီဇိုင်းပိုင်း လုံးဝ ပြောင်းလဲခဲ့သလို ပုံရိပ်ဖော် အရည်အသွေးကိုလည်း ဂရုတစိုက် မြှင့်တင်ခဲ့သည်။ အထူးသဖြင့် မျက်နှာပြင် (၇)လက်မ အရွယ်ရှိ HDX 7၏ Displayသည် 1920x1200ထိ ရှိနေပြီး မျက်နှာပြင်အကျယ် (၈.၉)လက်မရှိ HDX 8.9၏ ပုံရိပ်ပြတ်သားမှုသည် 2560x1600ထိ ထောက်ပံ့မည်ဟု သိရသည်။ ထို့အပြင် အရောင်တောက်ပမှုနှင့် အရောင်ကွဲပြားစွာ ပုံဖော်မှု အရည်အသွေးများလည်း ပိုမို မြင့်တက်လာမည် ဖြစ်သည်။

HDX မျိုးဆက် Tablet နှစ်ခုလုံးတွင် 2.2 GHz Quad-Core Qualcomm Snapdroagon 800ကို CPUအဖြစ် အသုံးပြုထားပြီး Graphic ထောက်ပံ့မှုအတွက် Adreno 330 GPUကို ထည့်သွင်းထားသည်။ ယင်းCPUသည် ယခင်မျိုးဆက်ဟောင်း Kindle HDထက် မြန်နှုန်း(၃)ဆ မြင့်တက်လာစေမည် ဖြစ်သည်။ အဓိကအားဖြင့် ဂိမ်းကစားမှု စွမ်းဆောင်ရည်ပိုင်းတွင် သိသာစွာ မြင့်တက်လာမည်ဟု Amazonက ဆိုသည်။ Memory ပမာဏမှာ 2GBဖြစ်ပြီး HDX စီးရီး Tabletများသည် ယခုနှစ် ထုတ်ဝေသမျှ Tabletအားလုံးအနက် Graphic ပုံဖော်မှုပိုင်းတွင် အဆန်းသစ်ဆုံး ဖြစ်ကြောင်း Cnetက မှတ်ချက်ပြုထားခဲ့သည်။


Amazonက ဘက်ထရီသက်တမ်းကို မြှင့်တင်ထားပြီး စာဖတ်ရန်သီးသန့်အတွက် (၁၇)နာရီ၊ အမျိုးမျိုးသော လုပ်ဆောင်မှုများအတွက် (၁၁)နာရီဆက်တိုက် အသုံးခံမည်ဟုလည်း ကြေညာထားသည်။ Amazonက အဓိကထား မိတ်ဆက်သည့် HDX စီးရီး နှစ်ခုလုံးတွင် ရှေ့ဘက်၌ 1.2 megapixel အရည်အသွေးရှိ HDကင်မရာများ တပ်ဆင်ပေးထားသော်လည်း HDX 8.9 တစ်ခုတည်းတွင်သာ နောက်ဘက်ကင်မရာ ပါဝင်မည်ဟု သိရသည်။ ယင်းကင်မရာသည် 8.0 megapixel အရည်အသွေးရှိပြီး LED Flash Lightကိုပါ ဖြည့်စွက်ပေးထားသည်။ Amazonသည် OSအဖြစ် Android 4.2.2ကို အခြေခံ မြှင့်တင်ထားသည့် Fire OS 3.0ကို Tabletတိုင်းတွင် ထည့်သွင်းထားကြောင်းလည်း သိရသည်။

Amazonသည် Kindle Fire HDကို သိုလှောင်မှု ပမာဏ 8GB၊ 16GB နှစ်မျိုးသာ ထုတ်လုပ်မည်ဖြစ်ပြီး ဈေးနှုန်းကို (၁၃၉)ဒေါ်လာနှင့် (၁၆၉)ဒေါ်လာတို့ သတ်မှတ်ထားသည်။ ယင်းသည် Wifiသီးသန့်သာ ချိတ်ဆက်နိုင်မည် ဖြစ်သည်။ HDX 7အတွက်မူ 16GB၊ 32GBနှင့် 64GBတို့ ထုတ်လုပ် ရောင်းချမည်ဖြစ်ပြီး (၂၂၉)ဒေါ်လာမှ (၄၀၉)ဒေါ်လာကြား ဈေးနှုန်းအသီးသီး ကျသင့်မည် ဖြစ်သည်။ ယင်းသတ်မှတ်ချက်တွင် WiFiသီးသန့်အတွက်ရော၊ 4G ချိတ်ဆက်နိုင်သည့် Versionအတွက်ပါ အကျုံးဝင်သည်။ HDX 8.9 အတွက် ထုတ်လုပ်ရောင်းချမည့် သိုလှောင်မှု ပမာဏများသည် HDX 7နှင့် တူညီပြီး 16GB Wifiသီးသန့်အတွက် အနိမ့်ဆုံးဈေး (၃၇၉)ဒေါ်လာမှ 64GB 4Gကွန်ရက်အတွက် အမြင်ဆုံး (၅၇၉)ဒေါ်လာထိ ဈေးနှုန်း သတ်မှတ်ထားကြောင်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်