Friday, September 20, 2013

မြေလျော်ကြေး ၅၀%ထုတ်ပြီးရင် ကြေးနီစီမံကိန်း ပြန်စမယ်

Posted by drmyochit Friday, September 20, 2013, under | No comments



စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသ ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ မြေယာတွေရဲ့ လျော်ကြေးငွေ တစ်ဝက်လောက်ကို ဒေသခံတွေ ထုတ်ယူပြီးရင် ကြေးနီစီမံကိန်းကို ပြန်လည်စတင်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်မြေဧက ၇၀၀၀ ကျော် သိမ်းဆည်းထားပြီး အဲဒီထဲက လျော်ကြေးငွေ မထုတ်ယူသေးသူ ၅၇% ရှိနေပြီး ထုတ်ယူသူ ၅၀% ရှိတဲ့အခါ လုပ်ငန်းတွေ စတင်မယ်လို့ လက်ပံတောင်းတောင် အစီရင်ခံစာ အကော်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ကြေညာ လိုက်တာဖြစ်ပြီး မြေယာ လျော်ကြေးတွေကို ယခုလ ၃၀ ရက်နေ့ နောက်ဆုံးထား ထုတ်ယူဖို့လည်း ကြေညာထားပါတယ်။

သတ်မှတ်ချိန်အတွင်း လျော်ကြေးငွေ မထုတ်ယူခဲ့ရင် အဲဒီ လျော်ကြေးငွေတွေကို ဒေသဖွံဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

သိမ်းဆည်းမြေတွေမှာ ထွန်ယက်စိုက်ပျိုးဖို့ လုပ်လာမယ်ဆိုရင်တော့ အရေးယူသွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာက ပြောဆိုခဲ့တဲ့အကြောင်း လက်ပံတောင်းတောင် အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောပြပါတယ်။

“၁၀၀ မှာ ၅၀ ရာခိုင်နှုန်းပြည့်သွားရင် ထုတ်ယူရမယ့် လယ်ဧက ရာခိုင်နှုန်းတစ်ဝက်လောက်ကို ထုတ်ယူပြီဆိုတာနဲ့ သူတို့ စီမံကိန်းကို စတော့မှာ ဖြစ်ကြောင်း အဲဒီကျရင် မြေလျော်ကြေးထုတ်ယူတဲ့ လယ်သမား ဖြစ်စေ မထုတ်ယူတဲ့ လယ်သမားဖြစ်စေ ဒီမြေတွေမှာ မူလလယ်မြေတွေမှာ ထွန်ယက်လုပ်ကိုင်ခွင့် ပေးတော့မှာ မဟုတ်ဘူး။ လျော်ကြေး မယူလည်း ဝင်ထွန်တယ်ဆိုရင် သူတို့ဖမ်းမယ်ဆိုတဲ့ အကြောင်း ရဲမှူးကြီး နေထွန်းက တရားဝင်ပြောတယ်”

ဒါ့အပြင် သိမ်းဆည်းထားတဲ့ လယ်မြေတွေမှာ လယ်ယာမြေ သိမ်းဆည်းထားတယ်ဆိုတဲ့ အမှတ်အသား အလံတွေ လုံထိမ်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်တွေကပဲ စိုက်ထူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလိုမျိုး ဖိအားပေးမှုတွေ ပြင်းထန်လာတဲ့အတွက် လယ်သမားတွေအနေနဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ဂရုမစိုက်တော့ဘဲ အဖမ်းဆီးခံပြီး ဆက်လက် လုပ်ဆောင်သွားရမယ့် အနေအထားဖြစ်နေတယ်လို့ ကိုဟန်ဝင်းအောင်က ပြောဆိုခဲ့ပါတယ်။

“အဓိကကတော့ဗျာ သူတို့မှာ အာဏာရှိတယ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ အရင် ဒီစစ်အာဏာရှင် လက်ထက်က ပုံစံအတိုင်း ဒီနေ့အချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပက်သက်ပြီး သူတို့တစ်ဖက်သက် ဆောင်ရွက်မယ်ဆိုရင် လယ်သမားတွေအနေနဲ့တော့ နောက်ဆုတ်မှာ မဟုတ်ဘူး အဖမ်းအဆီးခံပြီးတော့ တရားမျှတတဲ့ အခွင့်အရေးတွေကို ဆက်လက်တောင်းဆိုသွားဖို့ မတရားတဲ့ အမိန့်အာဏာကို ဂရုစိုက်တော့မှာ မဟုတ်ဘဲနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဖော်ထုတ်သွားမယ်။ တက်နိုင်သမျှတော့ ကျွန်တော်တို့က မတရားတဲ့ အမိန့်အာဏာနဲ့ တဖက်သက် ဖမ်းဆီးမှုကို အလွယ်တကူ ယုန်လေးတွေ ကြောင်လေးတွေလို အဖမ်းခံသွားမှာ မဟုတ်ဘူး”

လက်ပံတောင်းတောင် ဒေသမှာ ယခုရက်ပိုင်းအတွင်း ယခင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့စဉ်က တာဝန်ယူခဲ့တဲ့ ဒေသအာဏာပိုင်တွေ ပြန်လည် ရောက်ရှိနေပြီး ဒေသခံတွေအနေနဲ့လည်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရင်တော့ တက်နိုင် သမျှ ထိခိုက်မှုနည်းအောင် ကာကွယ်ဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်