Monday, October 14, 2013

စုံတွဲများ သီတင်းမကျွတ်ခင် ဒါလေးဖတ်ပေးပါ

Posted by drmyochit Monday, October 14, 2013, under | No comments


ဆရာ သီတင်းကျွတ်ခါ နီးလာတော့ အိမ်ထောင်ပြုမဲ့ စုံတွဲတွေ အတွက် ကျန်းမာရေး ပညာပေး အစီအစဉ်လေး လုပ်ချင်လို့ပါ။
သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလဲ ရှိတယ်။ သူတို့ မိဘစကားတောင် နားမထောင်ရင် ဆရာဝန့် စကားလဲ လိုက်နာမယ် မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ အိမ်ထောင်ဘက်က ဆွေတွေမျိုးတွေ စသူတွေလဲ မပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေ တိုးလာပါပြီ။ ဆရာဝန့်စကားလဲ နဲနဲလေးဖြစ်ဖြစ် နားထောင်ကြည့်ပါ။
အိမ်ထောင်ဘက်မှာ ကူးစက်ရောဂါတွေ ရှိသလား။ မျိုးရိုးလိုက်ရောဂါတွေ ရှိသလား။ ကိုယ့်မှာကော အဲတာတွေ ကင်းရှင်းသလား။ ဝဲ၊ ပွေး၊ တီဘီ စတာတွေကို အသာထားပြီး လိင်ကတဆင့် ကူးစက်ရော ဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါမပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေး ကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေ က သောက်ဆေးနဲ့ ရတယ်။ တချို့လဲ ဆေး ၃ လုံး ထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်မသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်း ကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ရောဂါ ကူးစေမယ်။
လိင်ကတဆင့် ကူးစက်ရောဂါတွေ ဆိုတာ -

၁။ Gonorrhea (ဂနိုရီးယား)
ဆီးသွားရင် ပူမယ်၊ နာမယ်၊ အရည်တမျိုးဆင်းမယ်။ နောက်ပိုင်းရောက်ရင် နီရဲလာမယ်။ အဆစ်၊ အရိုးတွေကိုကူးမယ်။ ယောက်ျားတွေမှာ ကျားအစိတွေ ရောင်မယ်။ အမျိုးသမီးတွေ အဖြူဆင်းမယ်၊ ဆီးစပ်၊ ဗိုက်နာမယ်၊ ကြားရက် သွေးဆင်းနိုင်တယ်။

၂။ Syphilis (ဆစ်ဖလစ်)
ဖြစ်ကာစ မသိကြဘူး။ ဆေးမကုရင် ဆိုးတာတွေဖြစ်နိုင်တယ်။ ဆေးကုရတာ မခက်ပါ။ မနာတဲ့အနာ ပေါက်လာတယ်။ အနာနဲ့ထိသူကို ကူးမယ်။ တခြားနေရာတွေ ကို ပြန့်မယ်။ နှလုံး၊ ဦးနှောက်၊ မျက်စိ၊ အာရုံကြောတွေဆီ ရောက်နိုင်တယ်။

၃။ Chlamydia (ကလာမိုင်ဒီးယား)
အဖြစ်များတယ်။ ကလေး မရတာဖြစ်သွားနိုင်တယ်။ ဆေးကုလို့လွယ်တယ်။ လည်ချာင်း၊ အစာဟောင်း အိမ်တွေကို ပြန့်နိုင်တယ်။ ယောက်ျားဖြစ်ရင် လိင်အင်္ဂါနာမယ်။ တခုခုဆင်းမယ်။ ဆီးအောင့်မယ်။ မိန်းမဖြစ်ရင် တခုခုဆင်းမယ်။ ယားမယ်၊ အနံ့ဆိုးတယ်။ ဆက်ဆံမှုပြုရင်လဲနာမယ်။ ဆီးအောင့်မယ်။

၎။ Herpes Simplex Virus Type 1 လိင်လမ်း-ရေယုံ
အမျိုးအစား (၁) ကနေ ပါးစပ်နှုတ်ခမ်းမှာ နာတဲ့အနာလေးတွေဖြစ်မယ်။ STD မဟုတ်တာများတယ်။ အပူကန်တာလို့ မြန်မာတွေကခေါ်ပြီး သူများတွေက Cold sores ခေါ်တယ်။ ပြောင်းပြန်။ အမျိုးအစား (၂) ကနေ လိင်လမ်းရေယုံ အစစ် ဖြစ်တယ်။ ကူးစက်တာလဲမြန်တယ်။ နိုင်တဲ့ဆေးမရှိပါ။ Antiviral drugs ဆေးတွေကတော့ သက်သာစေတယ်။

၅။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)
(ပါရာဆိုက်) ပါဘဲ။ ကုလို့လွယ်ပါတယ်။ ပိုးရှိနေမှန်း မသိသူကများတယ်။ မွေးလမ်းကနေ တခုခုဆင်းမယ်။ အဖြူ-အဝါ-အစိမ်း။ အနံ့ဆိုးတယ်။ ယားမယ်။ ဆက်ဆံရင်နာမယ်။ ဆီးအောင့်မယ်။ ဆီးပူမယ်။

၆။ Chancroid (ရှန်ကာရွိုက်)
(ဗက်တီးရီးယား) ကနေဖြစ်ကူးတယ်။ အနာဖြစ်မယ်။ ဆေးကုလို့လွယ်တယ်။ ယောက်ျား လိင်အင်္ဂါမှာ နာတဲ့ အကျိတ် ပေါ်မယ်။ ပြည်တည်လာမယ်။ တက်စေ့တွေရောင်မယ်။ အမျိုးသမီးလဲ အဲလိုဘဲ။

၇။ LGV (Lymphogranuloma Venereum) (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
Chlamydia (ကလာမိုင်ဒီးယား) တမျိုးကနေဖြစ်စေတယ်။ အနာဖြစ်မယ်။ ခေါင်းကိုက်၊ ဖျား၊ အားယုတ်၊ တက်စေ့တွေ ရောင်မယ်။ တခုခုဖြစ်ဖြစ် သွေးဖြစ်ဖြစ် ဆင်းမယ်။

၈။ Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
လိင်ကတဆင့်ကူးတာ ဟုတ်ချင်မှဟုတ်မယ်။ Chlamydia နဲ့ Gonorrhea ကနေလဲဖြစ်စေတယ်။ အသေအခြာဆေးမကုရင် အမျိုးမီးမှာ ကလေးမရတာဖြစ်နိုင်တယ်။ ဗိုက်အောက်ပိုင်းနာနေမယ်။ ကိုယ်ပူမယ်။ ဆက်ဆံရင်နာမယ်။ ဆီးအောင့်မယ်။ ကြားရက် သွေးဆင်းမယ်။ ဆေးမကုရင် ကလေးမရနိုင်တာဖြစ်လာနိုင်တယ်။

၉။ Hepatitis B အသဲရောင် (ဘီ)
အသဲကို တဖြေးဖြေးဖျက်ဆီးတယ်။ သွေးကနေလဲကူးတယ်။ ကိုယ်ကထွက်တဲ့အရည်တွေကနေလဲ ကူးတယ်။ မအေကနေ ကလေးကိုလဲကူးတယ်။ ဆေးထိုးအပ်ကနေလဲကူးတယ်။ ကာကွယ်ဆေးရှိတယ်။

၁ဝ။ HIV/AIDS ခုခံအားကျရောဂါ
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ဖျက်ဆီးတယ်။ လိင်၊ သွေးနဲ့ မိခင်-ကလေး ကူးစေနိုင်တယ်။ HIV/AIDS Tests စမ်းသပ်နည်းတွေနဲ့ စမ်းသပ်ပါ။
လိင်ကတဆင့်ကူးစက်ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ။
• တယောက်ယောက်မှာ လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် မကူးစက်အောင် လိင်မဆက်ဆံဘဲနေပါလို့ပြောတာ အမှန်ဆုံးဘဲ။ လက်တွေ့မကျလို့ အကြံကောင်းပေးတာကို လိုက်နာပါ။ ပွင့်ပွင့်လင်းလင်းမေးပါ-ဖြေပါ။ ဆေးစစ်ကြပါ။ (ကွန်ဒွမ်) အမြဲသုံးပါ။ လက္စဏာရှိရင် မြန်မြန် ထိထိရောက်ရောက်ဆေးကုပါ။
• ဒါပေမဲ့ Condoms (ကွန်ဒွမ်) ကနေ အကုန်လုံးကို မကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasis တွေကိုတော့ ကောင်းကောင်း ကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို (ကွန်ဒွမ်) မဖုံးတာမို့ မကာကွယ်နိုင်ပါ။
• STDs and Pregnancy ကိုယ်ဝန်ဆောင်ရင် အထူးသတိထားပါ။ စောမွေးတာ-ပျက်တာလဲ ဖြစ်နိုင်တယ်။ အထဲကကလေးကို ထိခိုက်နိုင်တယ်။ အသေမွေးနိုင်တယ်။ အလေးချိန်မပြည့်ကလေး မွေးနိုင်တယ်။ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ရှိနိုင်တယ်။
• အများစုရောဂါတွေက နောက်ထပ်ဖြစ်မှာကို ရောဂါပြီးသွားသလို မဖြစ်စေနိုင်ပါ။ Gonorrhea, Syphilis, Chlamydia နဲ့ Trichomoniasis တွေကို ဆေးကုရင် ရှိနေတာတွေ ကောင်းသွားမယ်။ ဒါပေမဲ့ နောက်ထပ် ဖြစ်တာကို နောက်တခါ ဆေးထပ်ကုရလိမ့်မယ်။ ကိုယ်ကဆေးကုပေမဲ့ အဖေါ်က ဆေးမကုရင် ပြန်ကူးလာမယ်။
ကူးစက်ရောဂါတွေအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေဖြေနေတာ နှစ်တွေ ကြာလာတော့ ကနေ့ မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ သဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်း သိပါတယ်။ ပွင့်ပွင့်လင်းလင်းမေသူတွေကို ချီးကျူးပါတယ်။
(၁) ရာသီမှန်နေပါစေ။ မမှန်သူတွေ OG ပြပါ။ မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင် လုပ်ပေးနိုင်ပါတယ်။
(၂) အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ရင် သူများတွေထက် ပိုဂရုစိုက်ပါ။ ရေးထားတာတွေ ဖတ်ပါ။
(၃) သွေးအုပ်စု စစ်ထားပါ။ အထူးသဖြင့် အမျိုးသမီး Rh group သိထားပြီး လိုအပ်ရင် ကာကွယ်ဆေး ထိုးနိုင်ပါတယ်။
(၄) ကိုယ်ဝန်ရှိ-မရှိ ဆီး (သွေး) စစ်ပါ။ ဆရာဝန်ကို လှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
(၅) သားအိမ်ဝ (ခေါင်း) ကာကွယ်ဆေး ထိုးထားပါ။
(၆) ကိုယ်ဝန် မယူချင်သေးရင် မိသားစု စီမံကိန်း (ကိုယ်ဝန် တားနည်း-တားဆေး) တွေကို စနစ်တကျ သုံးတတ်ဘို့ ကြိုတင်သိထားပါ။

By ဒေါက်တာတင့်ဆွေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်