ရန်ကုန်မြို့တွင် စာနယ်ဇင်းများ ရောင်းချနေသည့် မြင်ကွင်းတခု |
စစ်စစ်တော့ မီဒီယာလွတ်လပ်ခွင့် ရရှိစပြုနေတဲ့
မြန်မာစာပေလောကမှာ နိုင်ငံရေးစာပေတွေ တစ်ခေတ် ဆန်း လာတာဟာ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
ဓမ္မတာပါပဲ။ ကျွန်တော် တို့လို တက်သစ်စ လူငယ်စာရေးဆရာတွေ အားကျအတုယူလောက်တဲ့ စာပေအနုပညာရှင်တွေက
ရှိတော့ ရှိပေမယ့် အရှားသားလား။
ဘာပဲဖြစ်ဖြစ် ဆရာမောင်မိုးယံဟာ မျိုးဆက်သစ်စာပေသမားတွေ
လေးစားအတုယူရမယ့် စာပေ ပညာရှင်တစ်ယောက်ပါပဲ။ အမျိုးသားစာပေဆုအပါအဝင် စာပေဆုတွေကို ထိုက်ထိုက် တန်တန် ရရှိခဲ့တဲ့
ဆရာရဲ့ဆောင်းပါးပေါင်းချုပ်တွေဟာ စာပေလောကရဲ့ လစ်ဟာနေတဲ့ကွက်လပ်ကို တစ်ထောင့် တစ်နေရာ က
ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ယုံကြည်မိခဲ့တာအမှန်ပါ။
ဆရာမောင်မိုးယံဟာ ဝတ္ထုရှည်ရေးတာ အားမသန်ပဲ
ဝတ္ထုတိုနဲ့ဆောင်းပါးတွေဘက်မှာ အားသန် တာ သတိပြုမိပါတယ်။ မောင်မိုးယံဆိုတဲ့ နာမည်တစ်လုံးနဲ့
စာပေလောကမှာ ရပ်တည်နိုင်ဖို့ ဆယ်စုနှစ်(၃)ခုလောက် ကြိုးပမ်းအားထုတ်ခဲ့ရတာကိုလည်း အသိအမှတ်ပြုပါတယ်။
ပိုပြီးဂုဏ်ယူစရာကောင်းတာက မောင်မိုးယံဟာ
တပ်မတော်မှာ ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့ဖူးတာပါပဲ။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင်
ဒေသအသီးသီးမှာ ကျင်လည်ခဲ့ပြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတော့
အတွေ့အကြုံကတစ်ဆင့် စီးမျောလာတဲ့ ဆရာရဲ့ဝတ္ထုတို၊ ဆောင်းပါးတွေဟာ စာဖတ်သူကို တစ်စုံတစ်ရာ
အကျိုးပြုခဲ့တာတော့ အမှန်ပါ။ စာဆိုစစ်သည်လို့ ကင်ပွန်းတပ်ရမယ့် တပ်မတော်သားစာရေးဆရာ
ရှားပါးနေပြီဖြစ်တာကြောင့် မောင်မိုးယံရဲ့စာပေတွေဟာ တပ်မတော်သားဘဝကို ဖော်ကျူးနိုင်တဲ့အပြင်
ဝန်ထမ်းလောကအတွေ့အကြုံတွေကိုလည်း မျှဝေပေးနိုင်တာမို့ လက်ကမ်းကြိုဆို လျှက်ပါ။
မကြာမီကမှ စာပေလောကကို တစ်ကြော့ပြန်လည်ဝင်ရောက်လာတဲ့
ဆရာမင်းညိုစင်နဲ့ စကား စပ်မိတော့ ဆရာမောင်မိုးယံရဲ့ ဘဝဇာတ်ကြောင်းကို ဂဃနဏ သိခွင့်ကြုံရတယ်။
ဆရာမင်းညိုစင်နဲ့ ဆရာ မောင်မိုးယံဟာ ပုသိမ်ကောလိပ်မှာ ကျောင်းနေဘက်တွေလို့ပြောတယ်။
ဆရာနဲ့ ဆရာမင်းညိုစင်တို့ ပုသိမ် ကောလိပ်မှာတုန်းက နံရံကပ်စာစောင်တွေ၊ လက်ကမ်းစာစောင်တွေ
ဖန်တီးခဲ့ကြတာကို ပြောပြခဲ့တာ တသသ ပါပဲ။ ဆရာမင်းညိုစင် က စာပေလောက ကနေ ပျောက်ကွယ်သွားပေမယ့်
ဆရာကတော့ ဆက်လက် ရှင်သန်နေပြီး မောင်မိုးယံဆိုပြီး
လူသိများတဲ့ကလောင်တစ်ချောင်း ဖြစ်စေလာအောင် အားထုတ်ခဲ့ရတယ်။
ဆရာဟာ စာရေးကောင်းသူပါ။ ရေးအားလည်းကောင်းပါတယ်။
အတွေးအမြင် ရင့်သန်တယ်။ အတွေ့အကြုံများတယ်။ ဗဟုသုတကြွယ်ဝတယ်။ ဒါကြောင့်လဲ မောင်မိုးယံဆိုတဲ့
ကလောင် တစ်ချောင်းဟာ စာပေလောကမှာ ဟိုးဟိုးကျော်ကြီးမဟုတ်တောင် လူသိများခဲ့တာ မဟုတ်လား။
ဆရာရဲ့ ''စိန်ပန်းပွင့်ပေါ်က မိုးရေစက်နှင့် သံယောဇဉ်တိမ်တိုက်များ..''ဆိုတဲ့ ဝတ္ထုတိုပေါင်းချုပ်
ဆိုရင် သိပ်ကြိုက် လို့ အထပ်ထပ် အခါခါ ဖတ်မိပါရဲ့။ အဲဒီစာအုပ်ထဲက ''ပေးဆပ်ခြင်းအလှည့်''
ဝတ္ထုတိုလေး ဆိုရင် မိဘကျေးဇူးကို ဖော်ကျူးထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ဖတ်ရင်းနဲ့
မျက်ရည်တောင် ဝဲမိပါတယ်။ အာရုံကြောထိခိုက်တဲ့ရောဂါနဲ့
ဆရာ့အဖေ ဆေးရုံတက်နေတုန်းမှာ သူနာပြု ဆရာမငှား ထားပါလျက် အဖေရဲ့ ဝတ်ကြီး ဝတ်ငယ် ပေးဆပ်ခြင်း
တစ်ရပ်အနေနဲ့ ဆရာက အလှည့်ရ ယူပြုစု တာကို အနုပညာဆန်ဆန်
ခြယ်မှုန်းထားတာဖြစ်လို့ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနဲ့ ရုရှားဘာသာ ပြန်ဆို ဖို့တောင်ကောင်းပါတယ်။
ဒါမှသာ မြန်မာတွေရဲ့ မိဘကျေးဇူး အထူးသိတတ်မှုကို နိုင်ငံတ ကာက သိလာမှာဆိုပြီးတော့ ဝိုင်းဝန်းအကြံပြုခဲ့ကြသေးတယ်။
၂ဝဝဝ ပြည့်နှစ်အတွက် စာပေဗိမာန် စာပဒေ သာ ပထမဆုရရှိခဲ့တဲ့ '' ချင်းတွင်းမြစ်၏ သမိုင်းတစ်ခေတ်
ပဲ့တင်သံ '' ဆိုရင်လည်း စာပေလော ကရဲ့ လစ်ဟာနေတဲ့ ခရီးသွားဆောင်းပါးကဏ္ဍကို တစ်ထောင့် တစ်နေရာက
ဖြည့်ဆည်းပေး လိုက် သလိုပါပဲ။ ဆရာ့ကို သိန်းဖေမြင့် အသေးစားလေးလို့တောင် ခေါ်ဝေါ်သ မုတ်ခဲ့ကြပါရဲ့။
တစ်နေ့က တော်ဝင်စင်တာက စာအုပ်ဆိုင်ကို ရောက်ခဲ့ပါတယ်။
မောင်မိုးယံရဲ့ ''ဆပ်ပြာတုံး သီအိုရီနှင့် ဒီမိုကရေ စီ နိုင်ငံရေးဆောင်းပါးများ..''စာအုပ်ကိုတွေ့လို့
ဝယ်လာခဲ့မိပါတယ်။ အမျိုးသား စာပေဆုရှင် မောင်မိုး ယံရဲ့ စာအုပ်ဆိုတော့ စာဖတ်သူကို တစ်စုံတစ်ရာသော
အတိုင်းအတာအထိ အကျိုးပြု တန်ကောင်းလေရဲ့ 
ဆိုပြီး ဝယ်ဖတ်မိခဲ့တာပါ။
ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ။ ခုခေတ်စကားနဲ့ပြောရရင်
ဆရာ့စာအုပ်ဟာ သိပ်မမိုက်ပါဘူး။ ကန်တော့နော် ဆရာ။ ဒို့ဆရာမောင်မိုးယံတော့ လုပ်စားလိုက်ပြန်ပြီလားလို့တော့
မထင်စကောင်း ထင်မိပါတယ်။
ဆရာရဲ့ စာအုပ်ထဲမှာ ဆောင်းပါး(၂၇)ပုဒ် ပါရှိတဲ့အနက်
(၄/၅)ပုဒ်လောက်ကလွဲပြီး ပုဂ္ဂိုလ်ရေး အာဃာ တတွေ၊ ကြားဖူး နားဝနဲ့ရေး တာတွေ၊ စာရေးသားမှုအတတ်ပညာကို
အလွဲသုံးစားလုပ်ပြီး မထိတထိ ရေးထား တာတွေ ချည်းပါပဲ။ ဘယ်လိုများဖြစ်တာပါလိမ့်။ တပ်မတော်ကို
ပုတ်ခတ်၊ ခေတ်စနစ်ကြီး မကောင်းမြင် ဝါဒနဲ့ ဝေဖန်ရင် စာအုပ်ရောင်းအားကောင်းတာတွေကိုများ
အားကျနေပြီလား ဆရာ။ '' မင်းဒင်ရဲ့သက်ခိုင်''တို့
''မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်''တို့လို Best Seller ဖြစ်ချင် တာနဲ့ပဲ ''ဆပ်ပြာတုံး သီအိုရီနှင့်
ဒီမိုကရေစီ..''ကို လုပ်ချလိုက်တာများလား။
''ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်''ဆိုတဲ့
ဆောင်းပါးဟာ ခေါင်းစဉ်လှသလောက် ဆောင်းပါး ထဲမှာပါ တဲ့ ဆရာ့ရဲ့အရေးအသား၊ အတွေးအခေါ်တွေဟာ
ပြည်သူကို ''မှိုင်း''တိုက်သလိုပါပဲ။ အဲဒီ ဆောင်းပါးမှာ ''၂ဝဝ၆ ခုနှစ် နေပြည်တော်ပြောင်းရွှေ့ရေးသည်
ပြည်သူလူထုတစ်ရပ်လုံး၊ ဝန်ထမ်းလော က တစ်ရပ်လုံး အုတ်အော်သောင်းတင်း ဖြစ်ကာ အုပ်ချုပ်မှုယန္တရားတစ်ခု
ယိုင်လဲလု နီးပါးဖြစ်ခဲ့သည်။ ဘဝများ စွာ စတေးရသော ပြုပြင်ပြောင်းလဲမှုသည် တည်ငြိမ်အောင်
ကာလ အတန်ကြာ ပြန်လည် တည်ဆောက် ရသည်ကို ပြည်သူလူထုအသိပင်ဖြစ်သည်'' လို့ ရေးထားတယ်။ ပြီိးတော့
''ဝန်ထမ်း များကို အရုပ်လိုသဘောထားပြီး ကျားကစားသလို စိတ်ကူးဖြင့် ရွှေ့ခြင်းသည်
မလုပ်အပ်သော ကိစ္စဖြစ်သည်''လို့ ဆိုထားပြန်တယ်။ ဒါကတော့ ဝန်ကြီးဌာနအသီးသီးကို ပြောင်းရွှေ့ပြီး
နေပြည်တော်မြို့ သစ် တည်တာကို ဆရာ ဝေဖန်သလိုလိုနဲ့ သွားပုပ် လေလွင့်ရေးထားတာလို့ ကျွန်တော်တော့
ယူဆမိတယ်။ ကျွန်တော်Óဏ်မီသလောက် ပြန်လည်ဖြေရှင်း ပါရစေ။ ရန်ကုန်မြို့ကြီးဟာ ကားကြပ်၊
လူကြပ်နဲ့ မွန်းကြပ်နေပါပြီဆရာ။ ဟိုတစ်နေ့က ကျွန်တော် မလေးရှားကို အလုပ် ကိစ္စတစ်ခုခုနဲ့ သွားဖို့ နေအိမ်က မနက်(၈)နာရီမှာ
လေယာဉ်ကွင်းကို စထွက်ခဲ့ပါတယ်။ စင် စစ်တော့ လေယာဉ်ကွင်းနဲ့ ကျွန်တော့်အိမ်ဟာ ဝေးလှမှ
(၆)မိုင်ဝန်းကျင်ပါ။ လေယာဉ်ထွက်ချိန်က ၁ဝ နာရီ ၂၅ မိနစ် ဆိုတော့ အချိန်မီမယ် ထင်ခဲ့မိတာ။
လမ်းမှာ ကားတွေကြပ်၊ လမ်းတွေပိတ်၊ မီးပွိုင့်မိနဲ့ လေယာဉ် ထွက်ခါနီး မိနစ်(၂ဝ)အလိုကျမှ
လေယာဉ်ကွင်းရောက်ခဲ့ရတယ်။ လေယာဉ်ပေါ်တောင် ဒရောသောပါး အပြေးတက်ခဲ့ရတဲ့အဖြစ်။ စဉ်းစားကြည့်ပါဆရာ။
နေပြည်တော်ကို ဝန်ကြီးဌာနတွေ မပြောင်းရွှေ့ဘဲ ရန်ကုန်မြို့မှာသာ ဆက်ရှိနေရင် ဝန်ထမ်းတွေဟာ
အလုပ်ချိန်မီဖို့ မနက်(၅)နာရီလောက်ကတည်းက အိမ်က ထွက်ရမလိုဖြစ်နေပြီ။ ရုံးဆင်းရင်လည်း
ဒီလိုကားကြပ်၊ လမ်းပိတ်ပုံနဲ့ ညကြီးမိုးချုပ်မှ အိမ်ကိုပြန်ရောက်မှာ သေချာတယ်။
ဆရာလည်း နိုင်ငံတကာရောက်ဖူးမှာပါ။ ဖိလစ်ပိုင်ဆိုရင်
မနီလာမြို့ကြီးဟာ ဟောင်းနွမ်း၊ မွန်းကြပ်နေ လို့ မကာတီမြို့သစ်တည်ပြီး အုပ်ချုပ်မှုဌာနတွေဖြစ်တဲ့
သံရုံးတွေ၊ ဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ ခဲ့ရတာပါပဲ။ အပြောင်းအလဲကာလမှာ ပြီးပြည့်စုံမှု
မရှိသေးတော့ ဒုက္ခခံစားကြရမှာ ဓမ္မတာပါ။ ခုတော့ နေပြည်တော်မြို့သစ်ကြီးမှာ ဝန်ထမ်းတွေဟာ
ပျော်လို့၊ ရွှင်လို့ပါ။သပ်သပ် ရပ်ရပ်၊ ကျယ်ကျယ် ဝန်းဝန်းရှိတဲ့ ဝန်းထမ်းအိမ်ရာတွေမှာ
သက်တောင့်သက်သာ နေနိုင်သလို အိမ်နဲ့ ရုံးနဲ့နီးပြီး (၄)လမ်းသွား လမ်းတွေနဲ့ ကျယ်ကျယ်ဝန်းဝန်း
အသက်ရှူချောင်ချောင် နေထိုင်ခွင့်ရခဲ့ရတယ်။ ပင်စင်ယူ ရင်နေဖို့ မြေကွက်တွေရ၊ အိမ်တွေဆောက်နဲ့
ဘဝနောင်ရေးအတွက်လည်း စိတ်အေး စရာဖြစ်နေတော့ ပျော်လို့၊ ရွှင်လို့ပါ။ ဆရာ့ ကြည့်ရတာ ဝန်ကြီးဌာနတွေ
နေပြည်တော်ပြောင်းရွှေ့စဉ်က ရန်ကုန်မှာပဲ ကုတ်ကပ်ကျန်ခဲ့ဟန်တူတယ်။ နေပြည်တော်ကို တစ်ခေါက်တစ်ခါ
အလည် လာကြည့်ပါလား ဆရာ။ ဖိတ်ခေါ်ပါတယ်။
''၂၅ ရာခိုင်နှုန်း အပြောင်းအလဲ'' ဆိုတဲ့ဆောင်းပါးမှာတော့
ဆရာက ဒီလိုရေးထားပြန်တယ်။ ''မှန်လိုက် တာ ဆရာရယ်။ လူတစ်ချို့ကပြောတယ်။
မြန်မာနိုင်ငံက လူအုပ်ထဲကို ခဲနဲ့ပစ်ရင် ဗိုလ်ချုပ်တို့၊ ဒေါက်တာတို့ ခေါင်းပေါ်ကျနိုင်တယ်တဲ့..။
ဒါဟာ နိုင်ငံရဲ့အရေအတွက်နဲ့ အရည်အချင်းကို စော်ကားတဲ့ စကားလုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ဆိုလဲဆိုချင်စရာပါပဲ။ ပါရဂူဘွဲ့ယူတဲ့ဒေါက်တာတွေကလည်း
သူများစာ တမ်းတွေ ကို ကူးချသူကကူးချ။ Guite လုပ်တဲ့ ဆရာကို ရေးခိုင်းပြီး စစ်ဆေးသူကို
တန်ဖိုးဖြတ်တဲ့ သူကဖြတ်၊ ဘာတတ်သလဲမေးကြည့်။''
''ထို့အတူပဲ တပ်မတော် အရာရှိကြီးငယ် သင်တန်းတွေနဲ့
အရပ်ဘက်အရာရှိ သင်တန်း တွေဟာ မိတ္တူကူး တဲ့ဆိုင်တွေ အကျိုးရှိအောင် ဖင်နဲ့ခေါင်း၊ ခေါင်းနဲ့ဖင်
ခေါင်းစဉ်အမည်သာ ပြောင်းတဲ့ စာတမ်းတွေ နဲ့ ဘဝအပြောင်းအလဲလုပ်လိုက်ကြတာ ထိပ်ဆုံးအထိရောက်လာကြတဲ့
မြင်ကွင်းတွေက ခံပြင်းစရာ ပါပဲ။''
လူတစ်ချို့ပြောတာကို
ကန့်ကွက်သလိုလိုနဲ့ ထောက်ခံထားတဲ့ စာသားပါဆရာ။
ဗိုလ်ချုပ်တွေ၊ ဒေါက်တာတွေ ဟာ အရည်အချင်းမရှိဘဲ ဖောချင်းသောချင်း မြန်မာပြည်မှာ
ပေါချင်တိုင်းပေါနေ တယ်ဆို တဲ့ ဆရာရဲ့အယူအဆဟာ
အတ္တမာနတွေဖုံးလွှမ်းနေတဲ့ ဝေဖန်မှုတစ်ရပ်ပါ ဆရာ။ ဗုဒ္ဓရဲ့အဆုံး အမတွေ ထဲမှာ ကံ၊ ကံ၏အကျိုးဆိုတာ
ပါ ပါတယ်။ ကံဆိုတာအလုပ်ပါ။ လူဆိုတာ ကိုယ့်သ မိုင်းကို ကိုယ်ရေးကြတာမို့ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ။
ဒါဆိုရင် တစ်ခုလောက် မေးစမ်းပါရစေ။ ဆရာ့မှာ
အရည်အချင်းလည်းရှိပါလျှက်၊ တရားဓမ္မ ဆက်နွယ်တဲ့ ဆောင်းပါးတွေတောင် ရေးနေသူမို့ ကိုယ်ကျင့်တရားလည်း
ကောင်းပါလျှက်နဲ့ ဘာဖြစ်လို့များ ဗိုလ်မှူးဘဝကနေ ရာထူးမတက်ခဲ့ရပါသလဲ။ ဆရာရဲ့တွေးခေါ်တတ်မှု၊
ဗဟုသု တကြွယ်ဝမှု၊ ပင်ကိုယ် အရည်အချင်းနဲ့ ဗိုလ်ချုပ်တွေ မှိုလိုပေါနေတဲ့လောကကြီးမှာ
ရောကော သောကော ဗိုလ်ချုပ် တစ်ယောက်တော့ ဖြစ်သင့်တာပေါ့။ ကျွန်တော်ကြားဖူးတာ ပြောကြည့်မယ်နော်
ဆရာ။ တပ်မတော်မှာ အကျင့်စာရိတ္တနဲ့ သက်ဆိုင်တဲ့အမှုအခင်း ဖြစ်ခဲ့ဖူးရင် ရာထူးမတက်ဘူးလို့
ကြားဖူးတာပဲ။ ဆရာ့အနေနဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဒီလိုအမှုအခင်းတွေ ဖြစ်ခဲ့ဖူးလို့
ဗိုလ်မှူးဘဝနဲ့ပဲ အရပ်ဘက်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လိုက်ရတာလား။ ဖြေစမ်းပါဆရာ။
ရိုးရိုးသားသားပေါ့။
မေးစမ်းပါရစေ။ ဗိုလ်မှူးဘဝနဲ့ တပ်မတော်သားဘဝကို
နိဂုံးချုပ် အသုံးသတ်ခဲ့ရတဲ့ဆရာဟာ တပ်မတော် မှာ ဘယ်လောက်ထိ အဆင့်မြင့် သင်တန်းတွေ တက်ခဲ့ဖူးလို့
''ထို့အတူပဲ တပ်မတော် အရာရှိကြီး ငယ် သင်တန်းတွေနဲ့ အရပ်ဘက်အရာရှိ သင်တန်း တွေဟာ မိတ္တူကူးတဲ့ဆိုင်တွေ
အကျိုး ရှိအောင် ဖင်နဲ့ခေါင်း၊ ခေါင်းနဲ့ဖင် ခေါင်းစဉ်အမည်သာ ပြောင်းတဲ့ စာတမ်းတွေနဲ့
ဘဝအပြောင်း အလဲလုပ် လိုက်ကြတာ ထိပ်ဆုံးအထိရောက်လာကြတဲ့ မြင်ကွင်းတွေက ခံပြင်းစရာ ပါပဲ။''
ဆိုပြီး ရေးရတာ ပါလဲ။ တစ်ဆင့်စကားကို ကိုယ့်စကားလုပ်
ရေးတာဟာ စာပေကျင့်ဝတ် ချိုးဖောက်တာပါ။ အရပ်ဘက် ဝန်ထမ်းဖြစ်တော့ လည်း ဆရာဟာ ဘယ်သင်တန်းမှ
မယ်မယ်ရရ မတက်ခဲ့ဖူးဘူးလို့ သိရတယ်။ ကျွန်တော်က တစ်ဆင့်စကားကိုပြောတာ မဟုတ်ပါဘူး။ ဆရာကိုယ်တိုင်
ရေးထားတဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်ကို ဖတ်ကြည့်ပြီးမှ ပြောတာပါ။ တပ်မတော်ရဲ့ လေ့ကျင့်ရေးမူဝါဒတွေဟာ
ပြောင်းလဲနေတာကို တပ်မတော်နဲ့ ဆယ်စုနှစ်(၂)ခုလောက် ကင်းကွာနေတဲ့ ဆရာက ဘယ်လိုလုပ်ပြီးသိမှာလဲ။
အခွင့်အရေးများကြုံခဲ့ရင် တပ်မတော်နဲ့ အရပ်ဘက်က အရာရှိကြီးတွေကို ထူးချွန်ထက်မြက်အောင်
လေ့ကျင့်ပေးနေတဲ့ သင်တန်းတွေ တက်ကြည့်စမ်းပါ။ ဆရာ ရေးထားတာတွေဟာ ဆန့်ကျင်ဘက်ဖြစ်ပြီး
ကြားဖူးနားဝတွေ ဆိုတာ သဘောပေါက် လာပါ လိမ့်မယ်။
စာရေးဆရာဆိုတာ ရိုးဂုဏ်ရှိရတယ်လို့ ကြားဖူးတယ်။
ဆရာကြီးရွှေဥဒေါင်းရဲ့ ''ဘဝတစ်သက်တာ မှတ် တမ်း'' တို့၊ ဆရာကြီးသော်တာဆွေရဲ့ ''ကျွန်တော့်ဘဝဇာတ်ကြောင်း''တို့ကို
စာပေသမားတိုင်း ဖတ်ဖူး ကြ ပါတယ်။ ဘယ်လောက်များ ရိုးဂုဏ်ရှိကြတဲ့ စာပေတွေလဲ။ ဆရာကြီးရွှေဥဒေါင်းဆို
ဆရာကြီးပီမိုးနင်းနဲ့ အတူ တစ်ညလုံး ပေပေတေတေနေခဲ့တာကအစ၊ နောက်ဆုံး ကုတ်ကင်း ပွတ်တာ အဆုံး
ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ရေးပြခဲ့သလို ဆရာသော်တာဆွေဆိုရင် ကြက်တိုက်တာ၊ အရက်သောက် တာ၊
မိန်းမပွေတာ တွေကို မခြွင်းမချန် ရေးခဲ့တာ ဆရာဖတ်ခဲ့ဖူးမှာပါ။ အဲဒါရိုးဂုဏ်ပါပဲ။
ကိုယ့်ကို ကိုယ်ကျ သူတော်စဉ်ကြီးလို၊ ကောင်းတာတွေပဲရေး၊ သူတစ်ပါးကျ ချီးမွမ်းခြေကျောက်လုပ်၊
ဒါတွေ ဟာ ရိုးဂုဏ်ရှိတဲ့စာပေတွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဆရာလည်း ဆရာ့ဘဝဇာတ်ကြောင်းကို
ရိုးရိုး သားသား ပွင့်ပွင့်လင်းလင်း ရေးရဲရင်၊ သတ္တိရှိရင် အမှန်အတိုင်းရေးကြည့်ပါလားဆရာ။
''ကျုပ်က တိုင်းပြည်ချစ်လို့ တပ်ထဲဝင်တာ၊
ကျုပ်တို့နယ်စပ်မှာရှိတဲ့ သူပုန်တွေ နှိမ်နင်းမယ်ဆိုပြီး ရဲဘော် ဘဝနဲ့ စစ်တပ်ထဲဝင်တာ။
၁ဝ တန်းအောင်လို့ ဗိုလ်သင်တန်းတက်ခဲ့ရတာ။ ဒီလိုခွဲခြား နိုင်မှန်း သိရင် အစထဲက သူပုန်လုပ်ပြီး
အလင်းပြန်ဝင်တယ်။ အလင်းဝင်တဲ့သူတွေ မြေရ၊ ကားရ၊ ပါမစ်တွေရနဲ့ ကောင်း စားနေကြတယ်လေဗျာ..''
လို့ ဆရာရဲ့မိတ်ဆွေ သူရဲကောင်းမှတ်တမ်းဝင်ကြီး ပြောခဲ့တာဆိုပြီး ဆရာရေး ထား တာလေ။ တပ်မတော်ဟာ
လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်ထောင်စု တပ်မတော်ပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊
မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားလူမျိုး အစုံရှိကြ ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့
ကြိုးစားမှု ပေါင်းစပ်ရင် ထိုက်တန်တဲ့ ရာထူး အဆင့်တော့ ရကြတာ ချည်းပါပဲ။ ဗမာမှ မဟုတ်ပါဘူး။
ချင်းမို့နှိမ်တယ်။ ရခိုင်မို့ ရာထူးမပေးဘူး ဆိုတာ မရှိပါဘူး။ ချင်းပြည်နယ်ဝန်ကြီးချုပ်
ဦးဟုန်းငိုင်း ဟာ ချင်းတိုင်းရင်းသား တပ်မတော်သား အငြိမ်းစားတစ်ဦးပါ။ တပ်မတော်မှာ
ဗိုလ်မှူးချုပ်အထိ ဖြစ်ခဲ့ဖူးသလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဟာလည်း
တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင် ခဲ့ဖူးတဲ့ ရခိုင်တိုင်းရင်းသား စစ်စစ်တွေပါ။
နောက်ပြီးတော့ ဆရာ့ဆောင်းပါးထဲမှာပါတဲ့ သူရဲကောင်းမှတ်တမ်းဝင်ကြီးကရော
တကယ် ရှိပါရဲ့လား။ ကျွန်တော်လည်း စာတိုပေစတွေ ရေးနေတာပါပဲဆရာရယ်။ စာရေးဆရာဆိုတာ ကိုယ်ပြောချင်တဲ့
စကား ကို ဇာတ်ကောင်ဖန်တီးပြီး တစ်ဆင့်ပြောခိုင်းတတ်ကြတယ်မဟုတ်လား။ ဆရာရဲ့ သူရဲကောင်း
မှတ်တမ်း ဝင်ကြီးဟာ ဆရာဖန်တီးထားတဲ့ လံကြုတ်ဇာတ်ကောင် တစ်ကောင်ဖြစ် လိမ့်မယ်လို့ ကျွန်တော်ဖြင့်
သံသယရှိမိပါတယ်။ တပ်မတော်မှာ တိုင်းပြည်နဲ့ လူမျိုး အတွက် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား
စစ်မှုထမ်းခဲ့ရင် သူရဲကောင်းမှတ်တမ်းဝင်လို့ အဆင့်မြင့် ဘွဲ့ထူး၊ ဂုဏ်ထူးကို မပြောနဲ့
တိုင်းမှူး၊ တပ်မမှူး အဆင့်က သူ့ရဲ့ ရဲဝံ့စွန့်စားစွာ လုပ်ဆောင်မှုအပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့တာရှိခဲ့ရင်
ရာထူးတစ်ဆင့် တိုးတက် မှုမှာ ထည့်သွင်းစဉ်းစားခဲ့တာ အစဉ်အလာတစ်ရပ်ပါပဲ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရဲ့သားဆိုရင်
မြန်မာပြည်မြောက်ဖျားတစ်နေရာ၊ ပြောရအုံးတော့၊ ဆရာ ဗိုလ်ကြီးဘဝတုန်းက ကျင်လည် တာဝန်ထမ်းဆောင်
ခဲ့တယ်ဆိုတဲ့ ကချင်ပြည်နယ်မှာ ပေးအပ်တဲ့တာဝန်တွေကို ရွတ်ရွတ် ချွံချွံ တာဝန်ထမ်းဆောင်ခဲ့လို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ချီးကျူး ဂုဏ်ပြုခြင်း ခံရတဲ့ အပြင် သူ့ထက် ဝါရင့်တဲ့
အရာရှိတွေကို ကျော်ပြီး ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)အဖြစ် ရာထူး တိုးပေးခြင်း ခံရတယ်လို့
သိခဲ့ရတယ်။ စစ်မြေပြင်အဆင့်တိုးဆိုလား၊ ဘာဆိုလား ပြောတာပါပဲ ဆရာရယ်။ ဆရာက စစ်သား လုပ်ဖူးသူဆိုတော့
ပိုသိမှာပေါ့။
လက်ရှိအစိုးရက တိုင်းရင်းသားပြန်လည်စည်းလုံးညီညွတ်ရေး
ရရှိအောင် ကြိုးပမ်းဆောင်ရွက် နေချိန် မှာ တပ်မတော်ကလည်း တစ်ထောင့်တစ်နေရာက ပံ့ပိုးကူညီနေပါတယ်
ဆရာ။ ငြိမ်းချမ်းရေးဆိုတာ စကားဝိုင်း မှာ ထိုင်ပြောနေရုံနဲ့မပြီးဘဲ လျှော့သင့်တာလျှော့၊
တင်းသင့်တာတင်း၊ အခွင့်အရေးပေး သင့် တာပေး လုပ်ရတာပဲ။ ဒါကြောင့်ဆရာ့မိတ်ဆွေရဲ့ပြောစကားကို
တပ်မတော်သားဟောင်း ဖြစ်တဲ့ ဆရာက တွေးခေါ်မျှော်မြင်ဥာဏ် ရှိပါလျှက်နဲ့ ဘာဖြစ်လို့များ
စဉ်းစားဆင်ခြင်ခြင်းကင်းမဲ့စွာ တခုတ်တရ ထည့်ရေး ထား သလဲ မသိတတ်အောင်ပါပဲ ဆရာ။
ကဲပါ။ ဆရာရေ။ ဆရာရဲ့ တပ်မတော်နဲ့ အစိုးရကို
ဝေဖန်ပုတ်ခတ်ပြီး ရစရာမရှိအောင် ရေးထားတာတွေ ကို ကောက်နှုတ်ပြောရရင် ဝတ္တုရှည်တစ်ပုဒ်နီးပါး
ဖြစ်နိုင်လို့ ဒီလောက်ပါပဲ။ ဆရာဟာ ကျွန်တော် ရဲ့ မြင်ဆရာ၊ ကြားဆရာပါ။ ကျွန်တော့်အနေနဲ့
ဆရာ့ကို အနန္တဂိုဏ်းဝင်လို့ သတ်မှတ်ပြီး အိပ်ရာဝင်မှာ ရည်မှန်းကန်တော့ခဲ့တာပါ။ ခုလိုဝေဖန်မိတာတောင်
ကံကြီးများ ထိုက်လေမလား စိုးရိမ်မိပါရဲ့။
ဆရာရဲ့အကျိုးကို လိုလားသူ တပည့်တစ်ဦးအနေနဲ့
အကြံလေးတစ်ခုတော့ ပြုပါရစေ။
- စာပေလောကမှာ ဂုဏ်သိက္ခာရှိတဲ့ဆရာရဲ့ကလောင်ကို ပေါ်ပင်ဆောင်းပါးတွေနဲ့ မလဲလိုက် ပါနဲ့။
- နိုင်ငံရေးစာပေဆိုတာ ဆရာမကျွမ်းကျင်ပါဘူး။ ဆရာကျွမ်းကျင်တဲ့ ခရီးသွားဆောင်းပါး တွေကိုပဲ ရေးစမ်းပါ။ ဘဝအတွေ့အကြုံကို အခြေခံတဲ့ ဝတ္တုတွေ ရေးစမ်းပါ။
- ဆရာကို ပြုစုပျိုးထောင်ပေးခဲ့တဲ့တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့။
ကျွန်တော် ဆောင်းပါးရဲ့နိဂုံးချုပ်ကိုတော့
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေအစမှာ ဖော်ပြလေ့ရှိတဲ့ ကဗျာလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။
ဆရာ ပုသိမ်ကောလိပ်တက်စဉ်တုန်းက ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီး မဟုတ်လား။
သစ္စာ
''ငါ့စာဖတ်၍၊ မမြတ်သည့်တိုင်
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်
တွေးထိုက်ဖွယ်ရာ၊ တစ်ပိုဒ်တစ်လေ
တွေ့ငြားပေမူ၊ စာပေကျေးကျွန်
ငါဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
မလုပ်ပါတည်း..။ တဲ့''
ဘယ်လောက်ကောင်းလိုက်တဲ့ ခံယူချက်ပါလဲ ဆရာ။
ဆရာလည်း ဒီလိုပဲခံယူတတ်ပါစေ။ ဆရာရဲ့ ''ဆပ်ပြာတုံးသီအိုရီနှင့် ဒီမိုကရေစီ''ကတော့ အပျင်းပြေနှစ်ခြိုက်ဖွယ်လည်း
မပါ၊ တွေးစရာ ကလည်း နတ္ထိ၊ စာဖတ်သူကိုလည်း အကျိုးမပြုလို့ စာအုပ်စင်မှာထားရင် နောင်လာနောင် သားတွေ အတွက်
အတုယူမှားစရာ ဖြစ်မှာစိုးရိမ်တဲ့အတွက် စာအုပ်တန်ဖိုး မြန်မာကျပ်ငွေ တစ်ထောင်ကို နှမြောတ သစွာနဲ့
မီးရှို့ပစ်လိုက် မိတာကိုတော့ ခွင့်လွှတ်ပါ ဆရာ...။
ဆရာရဲ့
တပည့်
မောင်အမျိုးမှန်
1 comments:
အရမ်းကောင်းပါတယ် အရေးအသား ပြောင်မြောက်ပါတယ် စာကောင်းပေမွန်တွေ ဆက်လက်ရေးသား နိုင်ပါစေ
Post a Comment