Saturday, October 19, 2013

ဗုံးဖောက်ခွဲရန်စေခိုင်းသူနှင့် ကိုယ်တိုင်ဖောက်ခွဲသူဟု ရဲကသံသယရှိသည့် စောရွှေထူးကို မမိနိုင်သေး

Posted by drmyochit Saturday, October 19, 2013, under | No comments

ပုံစာအညွှန်း - ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာများ မေးမြန်းမှုကို ဖြေကြားပေးနေသော သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း၊ မဇ္ဈိမ) ဗုံးဖောက် ခွဲမှုဖြစ်စဉ်များကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို မထိခိုက်နိုင်ဟု ၎င်းက ပြောဆိုလိုက်သည်။

ဗုံးဖောက်ခွဲရန်စေခိုင်းသူနှင့် ကိုယ်တိုင်ဖောက်ခွဲသူဟု ရဲတပ်ဖွဲ့၏ သံသယရှိခြင်းခံသည့် နေတိုး ခေါ် စောရွှေထူးသည် ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးဟု ရဲချုပ်ဇော်ဝင်းက အောက်တို ဘာ ၁၈ ရက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၄ ရက် ရန်ကုန်မြို့ အလုံမြို့နယ် Western Park Ruby စားသောက်ဆိုင်နှင့် ကုန်သည်ကြီး များဟိုတယ်တို့တွင် ဗုံးထောင်မှုနှင့် ဖေါက်ခွဲမှုတို့ကို ပြုလုပ်ခဲ့သူဟု ဝန်ခံထားသူ စောမြင့်လွင် ခေါ် မောထ ၏ ထွက်ဆိုချက်တွင် စောရွှေထူးက စေခိုင်းခဲ့သည်ဟု ရဲချုပ်က ပြောသည်။

"စေခိုင်းချက်ကြောင့် စောမြင့်လွင်က ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကြောင့် လည်းကောင်း၊ ကျန်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေးဖြစ်စဉ်များမှာလည်း အသုံးပြုထားတဲ့ပစ္စည်းနဲ့ တပ်ဆင်ပုံ စနစ် တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါနေရာတွေကို နေတိုးခေါ် စောရွှေထူးနဲ့ နေတိုးဦးဆောင်တဲ့အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်" ဟု ရဲချုပ်က ပြောသည်။

အောက်တိုဘာ ၁၄၊ ၁၅ ရက်များတွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများ အတွက် ကိုယ်တိုင်ပြုလုပ်ခဲ့သူအဖြစ် စောရွှေထူးကို ရဲချုပ် ဇော်ဝင်းက သံသယရှိနေသည်။

စောရွှေထူးသည် KNU(ကရင်အမျိုးအသားအစည်းအရုံး)၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်ဟု ရဲချုပ်က ဆိုလိုက်ပြီး "KNU အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့တခုမှာ ပါဝင်တဲ့ ပြောရမယ်ဆိုရင် စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက် တဲ့ တာဝန်ခံတစ်ယောက်ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွား သည်။

သို့သော် ယခုဗုံးဖောက်ခွဲမှုဖြစ်စဉ်တွင် KNU နှင့် ပတ်သက်မှု မရှိသည်ကို အလေးအနက် ယုံကြည်သည်ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့က KNU အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးမှာ လုံးဝ လုပ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါ တယ်" ဟု ပြောသွားသည်။ ယခုဖြစ်စဉ်များကြောင့် လက်ရှိ အစိုးရနှင့် တိုင်းရင်း သားခေါင်းဆောင် များ အကြား တည်ဆောက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်နိုင်စရာ အကြောင်းမရှိဟုလည်း ဦးရဲထွဋ်က ပြောသည်။

"ဘယ်လိုစိန်ခေါ်မှုမျိုးပဲဖြစ်ဖြစ် ကျွန်တော်တှို့ ဒါကို မဖြစ်ဖြစ်အောင်လုပ်သွားမှာပါ"ဟု ပြည်တွင်း ငြိမ်းချမ်းရေး ကို ရည်ညွန်းပြီး သူကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဖာပွန်ခရိုင်ခြေစိုက် KNU တပ်မဟာ (၅) ကလည်း `ငြိမ်းချမ်းရေး ဖော် ဆောင်နိုင်ရေး အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေ သည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည် ဟု အောက်တိုဘာ ၁၇ ရက်က ကြေငြာချက် ထုတ်ပြန်ထား သည်။

ယခုလ ၉ ရက်မှ စပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ် ထက်မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ကောလဟာလသတင်းများလည်း ထွက်ပေါ်လျက်ရှိနေသည်။


Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်