Wednesday, October 23, 2013

အသည်းကွဲဝေဒနာကို ခပ်ပြင်းပြင်း ဥပမာပေးခဲ့သည့် ကေတီပယ်ရီ

Posted by drmyochit Wednesday, October 23, 2013, under | No comments

ကေတီပယ်ရီက အသည်းကွဲ ဝေဒနာသည် မျက်နှာကို လက်သီးဖြင့် အထိုးခံရသလောက် နာကျင် ခံစားရခက်ကြောင်း နှိုင်းယှဉ်ပြောကြား

ကေတီပယ်ရီက အသည်းကွဲ ဝေဒနာသည် မျက်နှာကို လက်သီးဖြင့် အထိုးခံရသလောက် နာကျင် ခံစားရခက်ကြောင်း နှိုင်းယှဉ်ပြောကြားလိုက်သည်။ ခင်ပွန်းဟောင်း ရက်ဆဲလ်ဘရန်းနှင့် လမ်းခွဲချိန်က မိမိအနေဖြင့် အလွန်ဆိုးရွားသော ခံစားချက်မျိုးကို ဖြတ်သန်း ပိုင်ဆိုင်ခဲ့ရကြောင်း ကေတီက ဖွင့်ဟခဲ့သည်။ Roarစတား အဆိုတော်သည် (၂၀၁၁)ခုနှစ်က ဗြိတိသျှ ဇာတ်မြူးသရုပ်ဆောင် ရက်ဆဲလ်နှင့် လမ်းခွဲဖြစ်ခဲ့သည်။ ထိုစဉ်က ရက်ဆဲလ်သည် ကေတီအား ကွာရှင်းရန် ဆုံးဖြတ်ထားကြောင်း Text Message တစ်စောင်ဖြင့်သာ ဝတ်ကျေတန်းကျေ အသိပေးခဲ့သည်။ ကေတီသည် ထိုစဉ်က အလွန်စိတ်ပျက်ခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်လုနီးနီးထိ တွေးမိခဲ့ကြောင်း By the Grace of God သီချင်း စာသားများတွင် အရိပ်အမြွက် ထည့်သွင်း ဖွင့်ဟခဲ့ဖူးသည်။

ကေတီက "ကျွန်မက ကိုယ့်ကို လုပ်ကြံသူတွေ ရှိနေချိန်မှာ ပိုပြီး သန်မာလာတတ်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး။ ကျွန်မ အသည်းကွဲတုန်းက (၂)ပတ်လောက် အိပ်ရာထဲ လဲနေခဲ့တယ်။ တကယ့်ကို နာကျင်စရာပါပဲ။ ဒါပေမဲ့ ကျွန်မ ပြန်ပြီး ရုန်းထဖို့ အားယူနိုင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်မဟာ မျက်နှာကို လက်သီးနဲ့ထိုးပြီး လှေကားကနေ ကန်ချခံလိုက်ရတဲ့ နာကျင်မှုမျိုး ကြုံခဲ့ရပါတယ်။ ကျွန်မအတွက် လက်တွေ့ကို ရင်ဆိုင်ဖို့ လိုအပ်လာပြီ။ အိပ်မက်ထဲမှာ အချိန်ကုန်နေလို့ မဖြစ်တော့ဘူးလေ"ဟု ပြောကြားခဲ့သည်။

သူမက ယခုအခါ မိမိသည် လူတစ်ဦးအတွက် စိတ်နှလုံး ပုံအပ်ရန် ကြောက်ရွံ့သွားပြီဟုလည်း ဝန်ခံခဲ့သည်။ "တစ်ယောက်ယောက် လက်ထဲမှာ ကိုယ့်စိတ်အာရုံ အားလုံးကို နှစ်မြှုပ်လိုက်ဖို့ ဆိုတာက အကြံကောင်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအခြေအနေဟာ ကိုယ့်ဆီကနေ အချိန်မရွေး လွင့်ပါး ပျောက်ပျက်သွားနိုင်တာကြောင့်ပါ။ တစ်ချိန်ချိန်မှာ ယုံကြည်ထားသမျှ အရာရာ တစ်စစီ ပြိုကွဲသွားနိုင်တယ် ဆိုတာကို ကြိုတွေးထားဖို့ လိုပါတယ်"ဟု ကေတီက မှတ်ချက်ပြုသွားသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်