Wednesday, October 23, 2013

ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ New Century Global Center

Posted by drmyochit Wednesday, October 23, 2013, under | No comments

ကမ္ဘာ့အကြီးဆုံး အဆောက်အအုံဟု တရားဝင် သတ်မှတ်နိုင်သည့် New Centruy Global Centerကို တရုတ်နိုင်ငံ၊ ချန်ဒူမြို့တွင် ယခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့


ကောင်းကင်တွင် နေဝန်းကြီးက ထိန်လင်းလျှက် ရှိသည်။ ပြန့်ပြူးနေသည့် သောင်ပြင်လေးသို့ လှိုင်းကြက်ခွပ်လေးများက လာရောက် ရိုက်ခတ်နေပြန်သည်။ ယင်းမြင်ကွင်းသည် မထူးခြားလှသည့် သဘာဝ သွင်ပြင် တစ်ရပ်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ထူးခြားနေသည့် အချက်က အဆိုပါ မြင်ကွင်းအားလုံးသည် အဆောက်အအုံ တစ်ခုထဲတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး နေဝန်းကြီးရော၊ သောင်ပြင်ပါ လူသားတို့ ဖန်တီးထားသည့် အတုများ ဖြစ်နေခြင်းပင်။

ကမ္ဘာ့အကြီးဆုံး အဆောက်အအုံဟု တရားဝင် သတ်မှတ်နိုင်သည့် New Centruy Global Centerကို တရုတ်နိုင်ငံ၊ ချန်ဒူမြို့တွင် ယခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။ ချန်ဒူသည် တရုတ်နိုင်ငံ၏ စတုတ္ထ အကြီးဆုံး မြို့ကြီးဖြစ်ပြီး New Centruy Global Centerက အာရှဒေသ စီးပွားရေးအင်အားစု နိုင်ငံကြီး၏ တိုးတက် ဖြစ်ထွန်းမှုကို လက်တွေ့ ထင်ဟပ်စေသည့် ပြယုဂ်အဖြစ်လည်း သတ်မှတ်နိုင်မည် ဖြစ်သည်။ အဆိုပါ ဧရာမ အဆောက်အအုံကြီးသည် စတုရန်းမီတာ (၁.၇၆)သန်း ကျယ်ပြန့်ပြီး ကမ္ဘာပေါ်ရှိ အဆောက်အအုံများ အားလုံးတွင် အကျယ်အဝန်း သတ်မှတ်ချက်အရ အကြီးဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သည်။



အဆောက်အအုံကြီး တစ်ခုလုံး၏ အရှည်မှာ ကီလိုမီတာ တစ်ဝက်စာမျှရှိပြီး အကျယ်က မီတာ (၈၀၀) ရှိသည်။ ထို့အပြင် မီတာ(၁၀၀)ထိ မြင့်မားအောင် တည်ဆောက်ထားသည်။ New Centruy Global Center ကို (၂၀၁၀)ပြည့်နှစ်က စတင်ဆောက်လုပ်ပြီး ယခုနှစ်လယ်ပိုင်းတွင် အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။ အဆောက် အအုံကြီး ထဲတွင် ရုပ်ရှင်ရုံ (၁၄)ခု ထည့်သွင်းထားသည့် IMAX ရုပ်ရှင်ပြခန်းကြီးတစ်ခု ပါဝင် သည်။ ကြယ်ငါးပွင့် အဆင့်အတန်းရှိ အကောင်းစား ဟိုတယ်ကြီး နှစ်ခုလည်း ပါရှိနေပြီး ရွာတစ်ရွာစာမျှ ကျယ်ပြန့် သည့် ဈေးဝယ်စင်တာကြီး တစ်ခုလည်း ထည့်သွင်း ဆောက်လုပ်ပေးထားသည်။ ယခုအဆောက် အအုံကြီး တည်ဆောက်ရေးတွင် အဓိက ကျခဲ့သည့် Developer တစ်ဦးက New Centruy Global Centerထဲတွင် နာမည်ကျော် ဆစ်ဒနီ ပြဇာတ်ရုံကြီး အခု(၂၀)စာ ထည့်သွင်းထားနိုင်ကြောင်း ခပ်ကြွားကြွား မှတ်ချက်ပြုခဲ့သည်။
"ကျွန်တော်တို့က ဂျပန်က နည်းပညာ တစ်ရပ်ကို အသုံးပြုခဲ့ပါတယ်။ New Centruy Global Centerထဲမှာ နေအတု တစ်ခုလည်းရှိတယ်။ (၂၄)နာရီလုံး လင်းနေမယ့် နေတစ်စင်း ဆိုပါတော့။ အလင်းရောင်ပေးမယ်။ ပြီးတော့ အဆောက်အအုံထဲက လူတွေ အားလုံးအတွက် သက်တောင့်သက်သာ ဖြစ်လောက်မယ့် အပူချိန်မျိုးလည်း ရနေစေရမယ်"ဟု လျူဇွန်းက မှတ်ချက်ပြုခဲ့သည်။ လှိုင်းအတုများ ဖန်တီးထားသည့် ကမ်းခြေတုတွင် နေရောင်က သာယာစွာ ဖြာကျနေသည်။ ယင်းအပန်းဖြေ Resortသည် လူ(၆၀၀၀)စာ ဝင်ဆံ့သည်အထိ ကျယ်ကျယ်ပြောပြော ရှိနေမည် ဖြစ်သည်။ New Centruy Global Centerထဲ ပထမဆုံးအကြိမ် ရောက်ဖူးသူ တစ်ဦးသည် ဝင်ဝင်ချင်း၌ (၁၈)ထပ် ဆောက်လုပ်ထားသည့် စင်္ကြန်များ၌ ဥဒဟို သွားလာနေသူများ၊ အထက်အောက် လွန်းထိုး လှုပ်ရှားနေသည့် ခန့်ခန့်ထည်ထည် စက်လှေကားကြီးများကို ဖန်သားမျက်နှာပြင် အမိုးကြီးအောက်တွင် အံ့ဩဘနန်း တွေ့မြင်ရမည် ဖြစ်သည်။

"ကမ်းခြေတုမှာဆိုရင် ပင်လယ်လေညင်း အတုလေး တိုက်ခတ်နေတာကို ခံစားရလိမ့်မယ်။ အဆိပ်အတောက် လုံးဝမရှိဘဲ သန့်ရှင်းနေတဲ့ လေမျိုးပေါ့"ဟု လျူက ဆိုသည်။ ယင်းကမ်းခြေတု၏ သောင်ပြင်သည် မီတာ(၄၀၀) ရှည်လျားသည်။ ကမ်းခြေတု၏ အဆုံးတစ်ဖက် နံရံတွင် ကမ္ဘာ့အရှည်လျားဆုံး LED Screenကြီးက ပိတ်ကာထားပြီး နံနက်ခင်း တိမ်တိုက်လေးများ၊ ညနေဆည်းဆာချိန်များကို အလျင်းသင့်သလို ပြောင်းလဲပြသနေမည် ဖြစ်ရာ အမှန်တကယ် ကမ်းခြေတစ်ခုသို့ ရောက်ရှိနေသည့် ပုံစံမျိုး ဖန်တီးထားသည်။ ကမ်းခြေသို့ လာရောက်သူသည် နံရံထဲတွင် ထည့်သွင်းမြှုပ်နှံထားပြီး အရောင်အသွေးစုံ ငါးလေးများ ကူးခတ်နေသည့် ဧရာမ ငါးကန်ကြီးကို ဖြတ်ကျော်လာရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ပိုလီနေးရှား လူမျိုးတို့၏ ကျေးရွာလေးသဖွယ် တန်ဆာဆင်ထားပြီး အရှေ့အလယ်ပိုင်း ဒေသမှ ကက်စ်ဘားဟ် တိုက်အိမ်လေးများသဖွယ် အဆောက်အအုံလေးများ ရှိနေသည့် ကမ်းခြေအစပ်သို့ ခြေချခွင့် ရမည်ဖြစ်သည်။

"ဒါက ချန်ဒူ မဟုတ်ဘူး။ မက်ဟမ်တမ်ရှင့်"ဟု တရုတ်နိုင်ငံ၊ ဗြိတိန်ကုန်သွယ်မှုရုံးမှ အကြီးအကဲ ဇူယွမ်က ညွှန်းဆိုခဲ့သည်။ သူမက ချန်ဒူသည် တရုတ်၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရှန်ဟိုင်းထက်ပင် ပိုမိုမြန်ဆန်စွာဖြင့် အဆောက်အအုံများကို ဆောက်လုပ်နိုင်ပြီး မြို့ပြ တိုးတက်ဖြစ်ထွန်းမှုတွင် ခြေလှမ်းကျဲကျဲ လှမ်းနေကြောင်းလည်း သုံးသပ်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အဆောက်အအုံကို ပိုင်ဆိုင်ထားပြီးနောက် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို ပိုင်ဆိုင်ရန်လည်း အလှမ်းမဝေးတော့ချေ။ တရုတ်နိုင်ငံသည် ချန်ရှာမြို့တွင် Sky City မိုးပျံတိုက် စီမံကိန်းကို စတင် အကောင်အထည်ဖော် တည်ဆောက်နေပြီ ဖြစ်သည်။ Sky Cityသည် (၂၀၁၄)ခုနှစ်၊ ဇွန်လတွင် အပြီးသတ်နိုင်မည်ဟု ရည်မှန်းထားပြီး အမြင့်(၂၇၄၉)ပေ ရှိမည်ဖြစ်သည်။ ယင်းအဆောက်အအုံ အပြီးသတ်ပါက လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ဒူဘိုင်းမှ ဘာ့ဂ်ျခါလီဖာထက် ပေ(၃၀) ပိုမြင့်ပြီး စံချိန်သစ် တင်နိုင်မည်ဟု သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်