မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခြင်းအပြင် အရှေ့အာရှ ဒေသမှ ထိပ်တန်းခေါင်းဆောင်များ ပါဝင်တက်ရောက်မည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက် (ယနေ့) တွင် ဘရူနိုင်းနိုင်ငံ၌ စတင်ပြုလုပ်မည် ဖြစ်ပါသည်။
(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား တက်ရောက် ရန် စီစဉ်ထားသော်လည်း အိုဘားမား၏ အာရှခရီးစဉ်ကို ဖျက်သိမ်းလိုက်သဖြင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိတော့ပေ။ သို့သော် အမေရိကန်သမ္မတ အိုဘားမားအစား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဘရူနိုင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ထို့အတူ ဂျွန်ကယ်ရီ ဦးဆောင်ပြီး အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံပြီး ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်မည် ဖြစ်သည်။
(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ အရှေ့အာရှ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး လီခို့ချောင်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့၊ တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟီး၊ နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးတို့ တက်ရောက်ကြမည် ဖြစ်သည်။
ယခု ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းများတွင် ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အမြုံ အကောင်အထည်ဖော်ရေး၊ ASE AN Economic Community (AEC) အတွက် အာဆီယံ လမ်းပြမြေပုံ ဒုတိယဆင့် ကူးပြောင်းမှုဆိုင်ရာ ဆွေးနွေးမှု၊ ASEAN Socio-Cultural Community (ASCC) လုပ်ဆောင်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြေညာစာတမ်း၊ တောင်တရုတ်ပင်လယ် အရေးနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်။
"အောင်မြင်မှုတွေ ရရှိထားပေမယ့် ဆက်လုပ်ရမှာတွေ ရှိနေသေးတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း ရှေ့ဆက်လုပ်ဆောင် နေရပါမယ်။ ရှေ့ဆက်သွားရမှာ ရှိသလို လက်ရှိရထားတဲ့ အောင်မြင်မှု အရှိန်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီတိုးတက်မှုတွေကို ပိုမိုကျယ်ပြန့်ပြီး စိန်ခေါ်မှု ပိုများတဲ့ အရှေ့အာရှနဲ့ အာရှပစိဖိတ် ဒေသတွေအထိ ထိတွေ့ဆက်ဆံ ရပါမယ်" ဟု အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh က ပြောကြားသည်။
By Eleven
Time in Rangoon


0 comments:
Post a Comment