သြစတြေးလျနိုင်ငံမှာ ကျန်းမာရေးမကောင်းတဲ့ ခိုလုံခွင့်တောင်းခံသူ အမျိုးသမီးတဦးကို Nauru ကျွန်း ထိန်းသိမ်းရေးစခန်းမှာ ပို့ဆောင်ထားရှိခဲ့တဲ့အတွက် ဒုက္ခသည်အရေး ကူညီပေးသူတွေနဲ့ လူ့အခွင့်အရေး
အဖွဲ့တွေက အစိုးရကို ဝေဖန်နေကြပါတယ်။
ခိုလုံခွင့်တောင်းခံသူ တွေထဲက ၇ လ ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီး တဦးကို နာယူးကျွန်းမှာ ထိန်းသိမ်း ထားတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များကူညီရေး အေဂျင်စီက ထုတ်ဖော် ပြောကြားလိုက်ပြီး အဲဒီအမျိုး သမီးအတွက် အထူးကျန်းမာရေး စောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးမှာ ဆီးချိုရောဂါလည်း ရှိနေပြီး သူမ ကလေးမွေးဖွားမယ့်အချိန်မှာ ဆီးချိုရောဂါကြောင့် အသက်အန္တရာယ်အတွက် ပိုမို စိုးရိမ်စရာ ရှိတယ်လို့ ဆိုပါတယ်။
ကလေး ၂ ယောက်မိခင် အသက် ၃၀ အရွယ်ရှိတဲ့ အဲဒီအမျိုးသမီးဟာ အခုလက်ရှိ အမွှာပူး ကိုယ်ဝန် ဆောင်ထားပြီး မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
Nauru ကျွန်းပေါ်မှာ မိခင်နဲ့ စောင့်ရှောက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison ကို မေးမြန်းတဲ့အခါမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ နဲ့ ၀န်ထမ်းတွေကို အလုံ အလောက် စီစဉ်ထားတယ်လို့ ပြန်လည် ဖြေကြား ခဲ့ပါတယ်။
ပုံမှန်အားဖြင့်တော့ ကျန်းမာရေးမကောင်းတဲ့ ခိုလုံခွင့်တောင်းခံသူတွေကို တခြားနေရာတွေကို မပို့ဆောင်ပဲ သြစတြေးလျမှာပဲ ကူညီစောင့်ရှောက်မှုပေးလေ့ရှိပြီး အခုလို Nauru ကျွန်း ပို့ဆောင်ခဲ့တဲ့ ကိစ္စအတွက် သြစတြေးလျ အစိုးရသစ်ရဲ့ မူဝါဒကို လူအများက အကြီးအကျယ် ဝေဖန်နေကြတာဖြစ်ပါတယ်။
ABC
0 comments:
Post a Comment