Tuesday, November 26, 2013

ဗဟိုဘဏ်၏ တရားဝင် ညွှန်ကြားချက် မရှိဘဲ ပုဂ္ဂလိကဘဏ် အချို့မှ ပြည်ပသို့ လွှဲပို့သည့် နိုင်ငံခြားငွေအပေါ် အပိုဆောင်းငွေ ကောက်ခံခြင်းမှာ ပြည်သူများအပေါ် ထိခိုက်နိုင်သည့် လက်ဝါးကြီးအုပ်မှု ဖြစ်နေပြီး အချိန်မီ ဖြေရှင်းနိုင်ရန် လိုအပ်နေ

Posted by drmyochit Tuesday, November 26, 2013, under | No comments

ဗဟိုဘဏ်၏ တရားဝင် ညွှန်ကြားချက် မရှိဘဲ ပုဂ္ဂလိကဘဏ် အချို့မှ ပြည်ပသို့ လွှဲပို့သည့် နိုင်ငံခြားငွေအပေါ် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ဝန်းကျင် စတင်ကောက်ခံ နေခြင်းမှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ထိခိုက်မှုနှင့်အတူ ပြည်သူများအပေါ် ကုန်ဈေးနှုန်း မြင့်တက်ခြင်းဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည့် လက်ဝါးကြီးအုပ်မှုသာ ဖြစ်နေပြီး အမြန်ဆုံး ဖြေရှင်းနိုင်ရန် လိုအပ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

''မြန်မာနိုင်ငံမှာ ဥပဒေတွေရှိတယ်။ လိုက်နာရမယ့် အမိန့်ညွှန်ကြားချက် တွေရှိတယ်။ ဒီလိုမျိုး လုပ်ငန်းစဉ်တွေ ရှိနေပါရဲ့နဲ့ အုပ်စုဖွဲ့ပြီး လက်ဝါးကြီးအုပ်တာ မရှိသင့်ဘူး။ သွင်းကုန် လုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ်၊ ကုန်ထုတ် လုပ်ငန်းစဉ်မှာပဲ ဖြစ်ဖြစ် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ တကယ်ထိခိုက်မှာက စားသုံးသူ ပြည်သူတွေပါပဲ'' ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က သုံးသပ်ပြောကြားသည်။

ပုဂ္ဂလိကဘဏ် များမှတစ်ဆင့် ပြည်ပသို့ နိုင်ငံခြားငွေ လွှဲပို့ရာတွင် တစ်ဒေါ်လာလျှင် ၁၅ ကျပ် ၀န်းကျင် ကောက်ခံရာ၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် ရရှိမှုမရှိသဖြင့် အပိုဆောင်းငွေ ကောက်ခံမှုမှာ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်များအကြား ကောက်ခံသည့်ဘဏ်နှင့် မကောက်ခံသည့် ဘဏ်များဟူ၍ ကွဲပြားမှု ရှိနေကြောင်း သိရသည်။

နိုဝင်ဘာ တတိယအပတ်ခန့်မှ စတင်၍ အပိုဆောင်းငွေ ကောက်ခံနေသည့် ဘဏ်များမှာ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ သမ၀ါယမဘဏ် စသည့် ဘဏ်များနှင့် အခြားဘဏ်များတွင် အပိုဆောင်းငွေ ကောက်ခံမှု ရှိနေသော်လည်း အချို့သော ဘဏ်များတွင်မူ အပိုဆောင်းငွေ ကောက်ခံမှု မရှိသေးကြောင်း ပုဂ္ဂလိက ဘဏ်များမှ သိရသည်။

''နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရတဲ့ ဘဏ်တွေဆိုတာ ကုန်သည်ပွဲစား လုပ်နေတာမှ မဟုတ်ဘဲ။ အခုတိုးချင်တိုးမယ်။ ခွင့်ပြုချက် မရဘဲ နားလည်မှုနဲ့ အပိုဆောင်းငွေ ကောက်ခံတယ် ဆိုတာက မဖြစ်သင့်ပါဘူး'' ဟု Leo Light Co,ltd မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားသို့ ငွေလွှဲမှုများအပေါ် အပိုဆောင်းငွေ ကောက်ခံနေခြင်းမှာ ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် မဟုတ်ဘဲ နားလည်မှုဖြင့် တိုးမြှင့်ကောက်ခံ နေခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရသည်။

ထိုသို့ ဗဟိုဘဏ် သတ်မှတ်ငွေအပေါ် တိုးမြှင့်ကောက်ခံမှု ရှိနေပြီး ဘဏ်အလိုက် ငွေကြေးသတ်မှတ်မှု မတူသော်လည်း လက်ရှိတွင် နိုင်ငံခြားငွေ တစ်ဒေါ်လာအပေါ် ၁၀ ကျပ်အထက် ကောက်ခံမှုနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးနဲ့ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း အရမ်းကွာဟလာလို့ ပုဂ္ဂလိကဘဏ်တွေ အဆင်မပြေကြောင်း ဗဟိုဘဏ်ကို တင်ပြတော့ အဆင်ပြေသလိုလုပ်လို့ ပြောလို့ ကျွန်တော်တို့ တိုးကောက်တာပါ'' ဟု ပြောကြားသည်။

ထိုသို့ တိုးကောက်နေသော်လည်း လက်ရှိအချိန်တွင် ပုဂ္ဂလိကဘဏ် အချို့မှာ ငွေတိုးမြှင့် ကောက်ခံနေသည့် ကြားမှ အရှုံးပေါ်နေသည်ဟု ဆိုကာ ပြည်ပသို့ နိုင်ငံခြားငွေလွှဲပို့မှုအား ရပ်ဆိုင်းထားမှုများ ဖြစ်ပေါ်နေပြီး ထိုသို့ ငွေလွှဲပို့နိုင်မှု မရှိသဖြင့် ပြည်ပလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် မြန်မာကုမ္ပဏီများ အနေနှင့် ငွေကြေးရှင်းလင်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေသည့်အပြင် မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်စနစ်ကိုလည်း နိုင်ငံတကာတွင် ယုံကြည်မှု ကင်းမဲ့စေနိုင်ပြီး ဗဟိုဘဏ် အနေနှင့် ပြည်သူများ ထိခိုက်မှုမရှိရန် ၀င်ရောက် ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့် အဓိက တာဝန်ယူရသည့် အနေအထားမှာ Monetary Policy နှင့် Financial Stability သာ ဖြစ်နေပြီး Monetary Policy အပိုင်းတွင် Money Supply Change များအား တာဝန်ယူရကာ Financial Stability အပိုင်းတွင် ပုဂ္ဂလိက ဘဏ်များအား ကြီးကြပ်မှု ပြုလုပ်ရကြောင်း လတ်တလော ပြင်ဆင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားသည်။

''ဘယ်နိုင်ငံမှာမှ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲခနှုန်းထားတွေကို ၀င်ရောက်ကြီးကြပ်တာမျိုး မရှိပါဘူး'' ဟု ၎င်းက ပြောကြားသည်။

''အခု ဖြစ်နေတာက ပုဂ္ဂလိကဘဏ် အပိုင်းမှာ ယှဉ်ပြိုင်မှုမရှိလို့ လက်ဝါးကြီးအုပ်မှုတွေ ဖြစ်နေတာပါ။ သူတို့က ယှဉ်ပြိုင်မှုရှိအောင် ဘဏ်လုပ်ငန်း ကဏ္ဍကို ဖွင့်ပေးမယ်ဆိုရင် မကြိုက်ချင်ကြဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုက ယှဉ်ပြိုင်မှုမရှိလို့ လုပ်နေတာမျိုး၊ ပြည်သူလူထုကို ထိခိုက်လာတာမျိုး ဆိုရင်တော့ ဘဏ်လုပ်ငန်းမှာ ယှဉ်ပြိုင်မှု ရှိလာအောင် ဖွင့်ပေးရပါမယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်