Tuesday, November 26, 2013

နန်းသီတာ အဆင့်မြင့်စီမံကိန်း ခွင့်ပြုချက်ရပြီး ပြန်ကန့်ကွက်ခံရ ၀န်ကြီးဌာနနှင့် ရန်ကုန်စည်ပင် ပြန်ညှိနှိုင်းမည်

Posted by drmyochit Tuesday, November 26, 2013, under | No comments

ပို့ဆောင်ရေးဝန်ကြီှးဌာနက တည်ဆောက်မည့် ရန်ကုန်၊ နန်းသီတာ ဆိပ်ကမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန့်ကွက်ခဲ့သည့်အတွက် ၀န်ကြီးဌာနအနေဖြင့် စည်ပင်သာယာရေးကော်မတီနှင့် ပြန်လည်ညှိနှိုင်းသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အောင်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောသည်။

အဆိုပါ ဆိပ်ကမ်းအဆင့်မြှင့်တင်ခြင်းတွင် အထပ် ၂၀ ရှိ ဟိုတယ်နှင့် အခြားအထပ်မြင့် အဆောက်အအုံများ ပါဝင်သော်လည်း လက်ရှိတွင် ရန်ကုန် စည်ပင်သာယာရေးကော်မတီက နှစ်ထပ်အထိသာ ဆောက်လုပ်ခွင့်ပြုသည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြန်လည်ညှိနှိုင်းသွားမည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ် စာနယ်ဇင်းရှင်းလင်းပွဲတွင် ၀န်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး က စီမံကိန်းတည်နေရာသည် မြို့တွင်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ ထိန်းသိမ်းရေးနယ်မြေ နှင့် ဆက်စပ်လျက်ရှိသည့် နေရာ ဖြစ်သောကြောင့် လည်းကောင်း၊ မြို့တွင်း အဆောက်အအုံ ဆောက် လုပ်မှုအဆင့် သတ်မှတ်ရာတွင် ပေ ၁၆၀ အထိသာ ခွင့်ပြုထားသည့် နယ်မြေဖြစ်သောကြောင့် လည်း ကောင်း ပြန်လည်ညှိနှိုင်းရန် လိုသည်ဟု ပြောသည်။

အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိထားသည့် တင်ဒါများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်ခွင့် ပြုပေးပြီး ဖြစ်ခြင်းကြောင့် စည်ပင် သာယာရေး ကော်မတီမှ အထပ်မြင့်သတ်မှတ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်နိုင်ရန် နှစ်ဖက်ပြေလည်နိုင်မည့် အချက်များကို ဆွေးနွေးဆောင်ရွက်ရမည် ဟုလည်း ၎င်းက ပြောကြား သည်။

“နိုင်ငံတကာမှာလည်း သူသက်ဆိုင်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး လုပ်တာပဲ စည်းကမ်းတကျ ဆောင်ရွက်ရမယ်။ နိုင်ငံတကာမှာရှိတဲ့ စည်းမျဉ်းတွေက ခိုင်မာမှုရှိတယ်”ဟု ဦးကျော်စိုးက ဆိုသည်။

ရန်ကုန်မြို့ရှိ နန်းသီတာဆိပ်ကမ်းကို အဆင့်မြှင့်တင်ရန်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်တွင်း ကုမ္ပဏီများသို့ တင်ဒါကြေငြာကာ လုပ်ကိုင်ခွင့်ပြုခဲ့ဖြစ်ပြီး ၎င်းဆိပ်ကမ်းတွင်း ဆောက်လုပ်မယ့် အထပ် မြင့်အဆောက်အုံ ဆောက်လုပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးကော်မ တီ၊ Yangon HeritageTrust တို့မှ ကန့်ကွက်ခြင်းဖြစ်သဖြင့် ဆိပ်ကမ်းအဆင့်မြှင့်လုပ်ငန်းများကို ဆောင် ရွက်ရန်အတွက် ထပ်မံညှိနှိုင်းရမည် ဖြစ်သည်ဟုလည်း ဦးကျော်စိုးက ပြောကြားခဲ့သည်။

အဆိုပါ နန်းသီတာဆိပ်ကမ်း အဆင့်မြှင့်တင်ရေးတွင် Service Apartment အထပ် ၂၀၊ Office Building အထပ် ၂၀၊ Hotel ၁၆ ထပ်၊ Shopping Mall လေးထပ်၊ Cruise and Termina သုံးထပ်တို့ကို ဆောက် လုပ်ရန်အတွက် ၂၀၁၂ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် တင်ဒါရွေးချယ် ယှဉ် ပြိုင်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တင်ဒါခေါ်ပြီးလုပ်တုန်းက စည်ပင်ကနေ တင်ဒါအပေါ်မှာ ဘာမှ အကြောင်းကြားလာတာ မရှိဘူး။ အခု တင်ဒါလည်းပေးပြီးသွားပြီဆိုတော့ နှစ်ဖက် အဆင်ပြေဆုံးဖြစ်အောင်လို့ ညှိနှိုင်းရမယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ဆိုသည်။

လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် News Down Down ကုမ္ပဏီအနေဖြင့် တင်ဒါခွင့်ပြုထားသည့်အ တိုင်းဆောက်လုပ်ခွင့်ရရှိမည် မဟုတ်သော်လည်း အစိုးရအဖွဲ့တို့မှ ထပ်မံညှိနှိုင်းမှုမှရရှိလာသည့် ရလာဒ်အတိုင်း ဆောင်ရွက်ရန်ရှိသည်ဟု ကုမ္ပဏီညွှန်ကြားရေးမှူး ဦးစိုးတင့်က ဆိုသည်။

“ဒီနေရာမှက အထပ်နိမ့်ပဲ ဆောက်လုပ်ဖို့ ကောင်းပါတယ်။ အခုရှိတဲ့ သိုလှောင်ရုံတွေကိုလည်း အစည်းအဝေးတွေ လုပ်လို့ရတဲ့ ခန်းမကြီးတွေအဖြစ် အရင်လက်ရာမပျက် ဆောင်ရွက်သင့်တယ်”ဟု Yangon Heritage Trust မှ Program Manage ဦးကြံတိုင်းအောင်က အဆိုပါအစည်းဝေးတွင် အကြံပြု ပြော သည်။

ရန်ကုန်တိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အုံများ၏အပြင်ဘက် ဒီဇိုင်းများကို ရှေးမူမပျက်စေဘဲ အတွင်းအပြင်အဆင်ကို ပြုပြင်ဆောင်ရွက်နိုင်ခွင့်ကို ခွင့်ပြုထားသော်လည်း နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများတွင် အနည်းနှင့်အများ ထိခိုက်မှုရှိနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။

ဟိန်းကိုစိုး| အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် 
Mizzima 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်