၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးတာဝန် လက်ခံရယူမည့် မြန်မာနိုင်ငံ
အနေနှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်-ဂျပန်၊
တရုတ်-အမေရိကန် အားပြိုင်မှုများအကြား ကြားညပ်ကာ မြေစာပင် ဖြစ်မသွားရန်
လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ဒုတိယအကြိမ်
ပြုလုပ်သည့် အာဆီယံ စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးသည့် ပညာရှင်များ၏
ပြောကြားချက်အရ သိရသည်။
နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့်
ဂျာမနီနိုင်ငံ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းတို့ ပြုလုပ်သည့် ၂၀၁၄ ခုနှစ်
အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် အကြိုဆွေးနွေးသည့် ဒုတိယအကြိမ် အာဆီယံ စကားဝိုင်းကို
နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ၊ ဟန်းဆိုင်ဒယ်
ဖောင်ဒေးရှင်းမှ Mr. Achim Munz နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်တွင် အမေရိကန်
နိုင်ငံမှ စိတ်ဝင်စားမှု ရှိနေသည့် အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသ
တောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှနှင့် မြောက်အမေရိက
ဈေးကွက်များအား အဓိက ချိတ်ဆက်ထားသည့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု
ဖြစ်နေသည့် တောင်တရုတ် ပင်လယ်အရေး ဆွေးနွေးရန် တရုတ်နိုင်ငံမှ
သဘောတူညီမှုနှင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ
မြှုပ်နှံလာနေပြီး တရုတ်နိုင်ငံနှင့် ကျွန်းစုပိုင်ဆိုင်မှုဆိုင်ရာ
အငြင်းပွားမှု ဖြစ်နေသည့် ဂျပန်နိုင်ငံအကြား အားပြိုင်မှုများ
ရှိလာနိုင်သည့်အတွက် ပညာရှင်များက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်း
ဖြစ်သည်။
"တရုတ်နိုင်ငံက ဖိအားပေးရင် ဘယ်လိုလုပ်မလဲဆိုတော့
ဘရူနိုင်းကို အတုယူရမယ်။ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ အာဆီယံ
လေးနိုင်ငံနဲ့ ထိတွေ့ရမယ်။ တရုတ်နိုင်ငံနဲ့လည်း ထိတွေ့ရမယ်။ အမေရိကန်
အပါအ၀င် သက်ဆိုင်တဲ့နိုင်ငံ အားလုံးနဲ့ ထိတွေ့ပြီး ဒီပလိုမေစီကို
ကျင့်သုံးရမယ်။ တရုတ်ကိုတော့ ဆန့်ကျင်လို့ မရဘူး။ ပြီးတော့ ဒီပြဿနာတွေက ၁၀
နှစ်၊ နှစ် ၂၀ နဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေဆိုတော့ လိမ္မာပါးနပ်စွာနဲ့
ဖြေရှင်းရမယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါမယ်" ဟု နိုင်ငံခြားရေး
ဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထူးက
ပြောကြားသည်။
အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်အား ကမ္ဘောဒီးယားနိုင်ငံ ရယူစဉ်က
တောင်တရုတ် ပင်လယ်နှင့် ဆက်နွှယ်ပြီး အာဆီယံ ၀န်ကြီးများ သဘောတူညီမှုဖြင့်
ထုတ်ပြန်သည့် ထုတ်ပြန်ချက်အား တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့်
ထုတ်ပြန်နိုင်မှု မရှိခဲ့ကြောင်း သိရသည်။ ကျန်အာဆီယံ ကိုးနိုင်ငံ အနေဖြင့်
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်
ဆက်ဆံမှုများကြောင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ရှိလာနိုင်သည်ကို
ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့်
ဆက်နွှယ်နေသည့် မြန်မာမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး သိပ္ပံမှ အဖွဲ့ဝင်
ဦးကြီးမြင့်က ပြောကြားသည်။
"ကျွန်မတို့ နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ
မဟုတ်ပါဘူး။ ဒီအတွက် ကမ္ဘောဒီးယား နိုင်ငံလို ဖိအားပေးမှုခံမှာ မဟုတ်သလို
အားပြိုင်မှုတွေကြား ညပ်တာမျိုးလည်း အဖြစ်မခံနိုင်ပါဘူး" ဟု ဒေါ်မိုးသူဇာက
ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင်
ပုံရိပ်ဆိုးများ ရှိနေသော်လည်း အများဆုံး မြှုပ်နှံထားသည့်
တရုတ်နိုင်ငံနှင့် အသွင်ကူးပြောင်းမှု ပြုလုပ်နေသည့် မြန်မာနိုင်ငံအပေါ်
အမေရိကန် ပြည်ထောင်စုမှ ပိတ်ဆို့မှုအချို့ ထားရှိသော်လည်း စီးပွားရေး
ပူးပေါင်းမှု ဆိုင်ရာများ စတင်ပြုလုပ်လာခြင်း၊ မြန်မာနိုင်ငံအတွင်း
ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်လာသည့် ဂျပန်နိုင်ငံတို့နှင့်
သုံးပွင့်ဆိုင် အားပြိုင်မှုများမှာ မြန်မာနိုင်ငံ၏ ဘက်မလိုက် မူဝါဒနျင့်
လက်ရှိအနေအထားများအရ စီးပွားရေး ထိခိုက်မှုများ ကြုံတွေ့လာနိုင်မည် မဟုတ်ဘဲ
အကောင်းဆုံး ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ
ဦးဝင်းအောင်က သုံးသပ်ပြောကြားသည်။
"အမေရိကန်သမ္မတ အိုဘားမား
လက်ထက်မှာ အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ်အရေး စိတ်ဝင်စားမှုကြောင့် တရုတ်နဲ့
အမေရိကန် အားပြိုင်မှုတွေ အကြားမှာ အာဆီယံ နစ်မြုပ်သွားမလား
စိုးရိမ်နေကြတယ်။ အင်အားကြီး အမေရိကန်နဲ့ တရုတ်အားပြိုင်မှုမှာ အာဆီယံမြေစာ
ဖြစ်မသွားဖို့ လိုတယ်။ မြန်မာနိုင်ငံ အနေနဲ့ အကိုင်အတွယ် မှားသွားရင်
အာဆီယံ ညီညွတ်မှု ပျက်ပြားသွားနိုင်တယ်" ဟု ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ
အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင်
ကိုင်တွယ်လုပ်ဆောင်ရမည့် ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို
သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင်
နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN
Political Security Community)ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့်
ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ
ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC(ASEAN Socio Cul tural
Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင်
ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံ
နိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီ ပေးနိုင်မည် ဆိုသည်ကို
ဆွေးနွေးခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏
လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများအကြား နိုးကြားမှု
ရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ်အပါအ၀င်
အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊
တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း
ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို
ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌနေရာ လွှဲပြောင်းရယူစဉ် (Photo:AFP)
EMG
0 comments:
Post a Comment