ရန်ကုန်၊ ဒီဇင်ဘာ ၈။
မြန်မာနိုင်ငံတွင် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် သက်ရောက်သည့် ပုဒ်မ ၃၇၇ ရှိနေခြင်းကြောင့် လိင်စိတ် ခံယူမှု ကွဲပြားသူများ တန်းတူညီမျှမှုရရှိရေး အတွက် ဆောင်ရွက်မှုများအပေါ် အခက်အခဲ များသည်ဟု လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့် ရန်ကုန်အခြေစိုက် လိင်တူချစ်သူများ ဖွဲ့စည်းထားသည့် Kings & Queens အဖွဲ့မှ အဖွဲ့ဝင် ကိုမိုးအောင်၏ ပြောကြားချက်မှ သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် သဘာဝမကျသည့် လိင်ဆက်ဆံမှုပြုခြင်း၊ တိရိစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေတခု ဖြစ်သည်။
“ကျွန်တော်တို့လို ယောင်္ကျားပုံစံလို၊ Gay တွေပုံစံလိုမှာ သိပ်မရှိပေမယ့် Transgendar (ဆန့်ကျင်ဘက်လိင်ကဲ့သို့ ၀တ်စားဆင်ယင် ပြုမူနေထိုင်သူ)တွေအပေါ် အထိများတယ်။ ကြည့်လိုက်လိုရှိရင် သူတို့က ကွက်ကွက်ကွင်းကွင်း မြင်သာတဲ့ ပုံစံတွေနဲ့ဖြစ်နေတယ်။ ယောင်္ကျားလေး ပုံစံကနေ မိန်းကလေးပုံစံနဲ့ ၀တ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် ကြည့်လိုက်တဲ့မျက်လုံးတွေက အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ အဲဒါကစ စပြီးတော့ခွဲခြားခံရတာပဲ။ မိသားစုတွေကလည်း ကိုယ်တွေရဲ့ လိင်စိတ်ခံယူမှုကို နားလည်မှုမပေးဘူး။ သူ့ရဲ့လိင်စိတ်ခံယူမှုဖြစ်ချင်တဲ့အပေါ်မှာ နေခိုင်းတာမဟုတ်ပဲနဲ့ အတင်းအဓမ္မ သွပ်သွင်းတဲ့ နေထိုင်မှု ပုံစံထဲမှာ နေထိုင်ခဲ့ကြရတာတွေ ရှိတယ်”ဟု Kings & Queens အဖွဲ့တွင် ပါဝင်ကာ လိင်တူချစ်သူများ၏ လူ့အခွင့်အရေး တန်းတူညီမျှမှုရရှိရရေး၊ လိင်စိတ်ခံယူမှု အပေါ် လူသားများ ပိုမိုသိရှိရေး၊ ပညာပေးမှု၊ ဗဟုသုတဖြန့်ဝေမှုများတွင် ပါဝင်လှုပ်ရှားနေသူ ကိုတင်ကိုကိုမှ ပြောကြားသွားသည်။
လိင်စိတ်ခံယူမှု ကွဲပြားသူများသည် ဆွေမျိုးသားချင်း မိသားစုများ၏ ခွဲခြားဆက်ဆံခံရခြင်းများနှင့်အတူ လူမှုပတ်ဝန်းကျင်တွင် အထင်သေးဆက်ဆံခံရမှုများကြောင့် မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် ဝေးကွာကာ သိမ်ငယ်မှုများကြောင့် ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားကြတော့ပဲ အလုပ်အကိုင် အခွင့်အလမ်းများတွင် နောက်ကျကျန်ကာ ခက်ခဲကြမ်းတမ်းသော ဘ၀များကို ရင်ဆိုင်ဖြတ်သန်းနေရသည်ဟု သိရသည်။
ထို့ကြောင့် လိင်တူချစ်သူများ အနေဖြင့် လက်ရှိတွင် လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ရက်နှင့် ချိတ်ဆက်ထားသည့် မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် လိင်တူချစ်သူ အဖွဲ့အစည်း ၁၉ ဖွဲ့မှ လိင်စိတ်ခံယူမှုနှင့် ပတ်သက်သည့် ပညာပေးမှု၊ ဗဟုသုတများကို ပြည်သူများသိရှိအောင် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူအများကြားတွင် ခွဲခြားဆက်ဆံခံနေရမှုများ၊ အများနည်းတူ လွတ်လပ်စွာ နေထိုင်ခွင့်မရှိမှုများ၊ လက်ထပ်ခွင့် မရှိမှုများ၊ နှိမ့်ချဆက်ဆံခံနေရမှုများကြောင့် တန်းတူညီမျှသည့် လူ့အခွင်အရေး ရရှိအောင် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
လိင်တူချစ်ခင်မှုအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ဥပဒေများရှိနေခြင်းသည် လိင်တူချစ်သူများအကြား HIV/AIDS ကုသရေးတွင် အခက်အခဲ၊ အဟန့်အတားဖြစ်နေကြောင်းနှင့် လိင်တူချစ်သူများအကြား HIV/AIDS ကူးစက်ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ ဖြစ်နေရခြင်းမှာ လူထု အတွင်း ခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲများ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာ ၁၉ ရက်က ကုလသမဂ္ဂ အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံသို့ပေးပို့သော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဖိုးစနေ
မြန်မာ့ခေတ်
Sunday, December 08, 2013
ပုဒ်မ ၃၇၇ ကြောင့် လိင်စိတ်ခံယူမှု ကွဲပြားသူများ တန်းတူညီမျှမှု ရရှိရေး အခက်တွေ့
Posted by drmyochit
Sunday, December 08, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment