Thursday, July 03, 2014

ဟောင်ကောင်ဒီမိုကရေစီ တောင်းဆိုပွဲ လူ ၅၀၀ အဖမ်းခံရ

Posted by drmyochit Thursday, July 03, 2014, under | No comments


ဟောင်ကောင်စီးတီး၊ ဇူလိုင် ၂

တရုတ်အစိုးရ၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော ဟောင်ကောင်ကျွန်းတွင် ဒီမိုကရေစီကို လိုလားသော လူထုဆန္ဒပြ ဖော်ထုတ်ပွဲကြီးတစ်ရပ် ပြုလုပ်ခဲ့ရာ လူတစ်သန်းဝက်ခန့် လမ်းမများပေါ် ထွက်လာခဲ့ကြပြီး ၅၀၀ ခန့် အဖမ်းခံလိုက်ရသည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဟောင်ကောင်သည် ယခင်ဗြိတိန် ကိုလိုနီဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်လက်အောက်သို့ လွှဲအပ်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် ဒီမိုကရေစီရေး တောင်းဆိုသူ အင်အားကောင်းကောင်းဖြင့် လမ်းမပေါ်တက်လာခြင်း ဖြစ်သည်။

ကိုလိုနီခေတ်က ဟောင်ကောင်အလံများကို ဝှေ့ယမ်းကြကာ တရုတ်အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြကာ ဒီမိုကရေစီကို လိုလားကြောင်း၊ တရုတ်ကိုဆန့်ကျင်ကြောင်း စသည့်အချက်များ ပါဝင်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတစ်ပိုင်း ဖြစ်နေသော တရုတ်ပိုင် ဟောင်ကောင်ကျွန်းတွင် ခေါင်းဆောင်ရွေးချယ်ပါက ခေါင်းဆောင်လောင်းကို ပြည်သူ နှစ်သက်သဘောကျသူများက မဲဖြင့် ရွေးကောက်တင်မြှောက်ရေး ဖြစ်စေရန် အဓိက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိစနစ်အရ ဗဟိုအစိုးရက လိုလားသူ ၁၂၀၀ ပါဝင်သည့် ကော်မတီက ဟောင်ကောင်ကျွန်း၏ အမှုဆောင်ချုပ်ကို ရွေးကောက် တင်မြှောက်ကြခြင်းအပေါ် ကျွန်းသားများက မကျေနပ်ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့ဆန္ဒပြပွဲကြီး အပြီးတွင် ရာပေါင်းများစွာသော ပြည်သူများက ဟောင်ကောင်၏ ဗဟိုဘဏ္ဍာရေး ဧရိယာတွင် ဝင်ရောက်ပြီး ထိုင်သပိတ်မှောက်ခဲ့ကြသည်။

ဟောင်ကောင်သည် ပြည်မကြီးနှင့် မတူဘဲ လွတ်လပ်စွာပြောရေးဆိုခွင့်၊ ဆန္ဒပြခွင့်တို့ ရရှိကြပြီး ယင်းအခွင့်အရေးများ ဆုံးရှုံးသွားမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်ကြခြင်း ဖြစ်သည်။

ယင်းသို့ စိုးရိမ်မှုများသည် ပြီးခဲ့သည့် ဇွန်လက တရုတ်ဗဟိုအစိုးရ၏ ဟောင်ကောင် အနာဂတ်အတွက် ရေးသားထားသော စက္ကူဖြူစာတမ်း အစီအမံ ထွက်လာပြီးနောက် ပိုပြီးစိုးရိမ်မှု မြင့်တက်လာခဲ့သည်။

ဟောင်ကောင် တက်ကြွလှုပ်ရှားသူများက လူထုဆန္ဒခံယူပွဲတစ်ခုကို အစိုးရ အသိအမှတ်မပြုဘဲ ပြုလုပ်ခဲ့ကြပြီး လူပေါင်းရှစ်သိန်းနီးပါး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး ပါဝင်ထောက်ခံခဲ့ကြသည်။ တရုတ်အစိုးရက ထုတ်ဝေသည့် China Daily သတင်းစာက ဟောင်ကောင်ကျွန်းကို ဗြိတိန်လက်မှ လွှဲပြောင်းယူပြီး နောက်ပိုင်းတွင်လည်း လွတ်လပ်ခွင့်များကို ခံစားနေကြရဆဲ ဖြစ်သည်ဟု တန်ပြန်ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်