Thursday, July 03, 2014

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များ စက်တင်ဘာတွင် ထုတ်ဝေဖွယ်ရှိ

Posted by drmyochit Thursday, July 03, 2014, under | No comments


ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်များကို စက်တင်ဘာအတွင်း ထုတ်ဝေနိုင်ဖွယ်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ သတင်းရရှိသည်။

‘‘စက်တင်ဘာလထဲလောက်မှာ ထုတ်ဝေပေးနိုင်မယ်။ အခုက ၀င်ခွင့်လမ်းညွှန်အတွက် အမှတ်စာရင်းတွေကို ပြုစုနေတုန်းပဲရှိသေးတယ်’’ဟု အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများ၏ အမှတ်စာရင်းများကို ဇွန်လ ၁၁ ရက်မှ စတင်၍ နေပြည်တော်ရှိ စာစစ်ဦးစီးဌာနရုံးနှင့် လှိုင်တက္ကသိုလ်အတွင်းရှိ မေခနှင့် ဇွဲကပင်အဆောင်များတွင် ထုတ်ယူနိုင်ပြီး တက္ကသိုလ်ဝင်တန်းကျရှုံးသူများ၏ အမှတ်စာရင်းများကိုလည်း ယမန်နှစ်များထက်စော၍ ထုတ်ယူနိုင်ပြီဖြစ်သည်။

၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၁၄ ခုနှစ် မတ် ၁၂ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကာ ငါးသိန်းလေးသောင်းကျော် ၀င်ရောက်ဖြေဆိုခဲ့ရာတွင် တစ်သိန်းခုနစ်သောင်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း ရှိခဲ့သည်။

ယမန်နှစ် တက္ကသိုလ်ဝင်ခွင့်များတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်များသို့ ၀င်ခွင့်အမှတ်များ များပြားခဲ့ပြီး ယခုနှစ်တွင် နည်းပညာတက္ကသိုလ်များ၌ လူဦးရေ လျှော့ချခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကလေးတွေက အလွတ်ကျက်ဖြေရတဲ့ ပညာရေးစနစ်က လာတယ်။ တက္ကသိုလ်ကို ရောက်လာတော့ တစ်ခါ အမှတ်နဲ့ဖြတ်ပြီးတော့ ရွေးချယ်လိုက်တာ။ ကလေးတွေ တကယ်ဝါသနာပါတဲ့ ဘာသာရပ်ကို မတက်ရသလို၊ ဥပမာ ဆေးကျောင်းပေါ့။ ဆေးကျောင်းကို တကယ်ဝါသနာပါတဲ့ကလေးက အမှတ်မမီရင် မတက်ရသလို၊ ဆေးကို ၀ါသနာမပါဘဲ မိဘက ဖိအားပေးလို့ တက်နေရတဲ့ ကလေးတွေ အများကြီးရှိနေတယ်။ ဒါမျိုးတွေဟာ ကလေးတွေအတွက် ရေရှည်မှာ ကောင်းမလာနိုင်ဘူး’’ဟု တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ဆရာတစ်ဦးကပြောသည်။

From: 7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်