Thursday, July 03, 2014

အနောက်အာဖရိကတွင် အီဘိုလာရောဂါ ကူးစက်မှု မကြုံစဖူး အခြေအနေ ပြင်းထန်လာ

Posted by drmyochit Thursday, July 03, 2014, under | No comments



အာဖရိကတွင် လက်ရှိဖြစ်ပွားနေသည့် အီဘိုလာ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် မကြုံစဖူး အခြေအနေမျိုးထိ ဆိုးရွားလာကြောင်း အီဘိုလာ ရောဂါပိုးကို စတင်ဖော်ထုတ် တွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်က ဝန်ခံ ပြောကြားခဲ့သည်။

ဒေါက်တာပီတာပီယော့သည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဝမ်းရောဂါ တစ်မျိုးအဖြစ် သတ်မှတ်နိုင်သည့် အီဘိုလာကို စတင်ဖော်ထုတ် တွေ့ရှိခဲ့သူ ဖြစ်သည်။ ယခုအခါ အာဖရိက အနောက်ပိုင်းဒေသ နိုင်ငံသုံးခုတွင် အီဘိုလာ ကူးစက်နေပြီး လူပေါင်း(၄၆၇)ဦးထက်မနည်း သေဆုံးခဲ့သည်။

ဒေါက်တာပီယော့က “အချက်သုံးချက် ပြောချင်တယ်။ တစ်အချက်က အနောက်အာဖရိကမှာ ဒီလောက်ဆိုးရွားတဲ့ အီဘိုလာ ကူးစက်မှုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒုတိယအချက်က အီဘိုလာ ကူးစက်မှုက နိုင်ငံသုံးခုစာ နယ်နိမိတ် ကျယ်ပြန့်သွားတာ ဒါပထမဆုံးပဲ၊ တတိယအချက်က နိုင်ငံတစ်ခုရဲ့ မြို့တော်၊ ဒါမှမဟုတ် အထင်ကရ မြို့ကြီးတွေထိ ရောဂါကူးစက်လာတာလည်း ဒီတစ်ကြိမ် မတိုင်ခင်က မရှိခဲ့ဖူးဘူး”ဟု CNNသို့ ပြောကြားခဲ့သည်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ဂီနီရာ၊ ဆီရာလီယွန်နီနှင့် လိုင်ဘေးရီးယားတို့တွင် ဖြစ်ပွားနေသည့် ရောဂါကူးစက်မှုများသည် ထိန်းချုပ်ရန် လက်လှမ်းမမီသည့် အခြေအနေထိ ကျယ်ပြန့်လာနေကြောင်း သတိပေးထားသည်။ “အီဘိုလာ ကူးစက်ပြီဆိုရင် သေဖို့က (၉၀)ရာခိုင်နှုန်းလောက် သေချာသွားပြီ။ ဘယ်လိုစံနှုန်းနဲ့ တိုင်းတိုင်း ဒီလောက် သေဆုံးနိုင်ခြေဆိုတာ အရမ်းပြင်းထန်နေတယ်။ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာဖူးသမျှ အသေအပျောက် အများနိုင်ဆုံး ဗိုင်းရပ်စ်တစ်မျိုးလို့တောင် ဆိုရလိမ့်မယ်”ဟုလည်း ဒေါက်တာ ပီယော့က ဆိုသည်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရပါက ကုသနိုင်မည့် နည်းလမ်းမျိုး ရှာမတွေ့သေးချေ။ သို့သော်လည်း ရောဂါရှိသူနှင့် နီးနီးစပ်စပ် နေရုံမျှဖြင့် ကူးစက်ရန် ခဲယဉ်းကြောင်း ဒေါက်တာပီယော့က ရှင်းပြခဲ့သည်။ “အရမ်း နီးစပ်လွန်းတဲ့ အခြေအနေ မဟုတ်ရင် မကူးနိုင်ပါဘူး။ ဒါကြောင့် ဘတ်စ်ကားပေါ်မှာ အီဘိုလာ ရောဂါသည်တစ်ယောက် ပါလာရုံနဲ့ ဘတ်စ်ကားတစ်စီးလုံး ရောဂါကူးမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

သာမန်ဆပ်ပြာနှင့် ရေတို့ကို အသုံးပြု၍ ခြေလက်တို့ကို ဆေးကြောခြင်း၊ အီဘိုလာဖြင့် သေဆုံးထားသည့် အလောင်းများကို လက်ဖြင့် တိုက်ရိုက်ကိုင်တွယ်မှု မပြုလုပ်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ရှောင်လွှဲနိုင်ကြောင်းလည်း သိရသည်။

_Ref: Amanpourblog.cnn
7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်