တက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမများကို ပြောင်းရွှေ့တာဝန်ချထားခြင်း အမိန့်စာထုတ်ပြန်ပြီးနောက် ချက်ချင်းပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ညွှန်ကြားမှုများရှိနေ၍ ဆရာ၊ ဆရာမများ အခက်အခဲကြုံတွေ့နေကြောင်း သတင်းရရှိသည်။
တက္ကသိုလ်အသီးသီးမှ ပြောင်းရွှေ့တာဝန်ချထားခံရသော ဆရာ၊ ဆရာမများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးရန်လိုအပ်ခြင်း၊ မိမိတို့၏ရင်သွေးများ ကျောင်းပြောင်းရွှေ့ရေးအတွက် ကျောင်းထွက်လက်မှတ်စီစဉ်ရခြင်း၊ မိသားစုကိစ္စစီမံရခြင်းနှင့် ခရီးစရိတ်၊ မိသားစုစရိတ်အတွက် ငွေကြေးအခက်အခဲရှိနေခြင်းတို့ ကြုံတွေ့ကြကြောင်း ပြောင်းရွှေ့မိန့်ကျသူများက ပြောသည်။
‘‘အော်ဒါ(အမိန့်စာ)မှာ ရေးထားတာ ချက်ချင်းသွားရမယ့်အနေအထား ဖြစ်နေတယ်။ ကျောင်းဖွင့်ရက်ကြီး အမြန်သွားဆိုတဲ့ပုံပဲ။ ကျောင်းပိတ်ရက်တော့ ထွက်မပေးပဲနဲ့။ ဟိုကဆရာ ဒီလာ၊ ဒီကဆရာ ဟိုသွားနဲ့ ကြားက ကျောင်းသားတွေ နစ်နာတယ်။ အခု သူတို့နောက်ကျတဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ ပေါ်တာပါ’’ဟု ပြောင်းရွှေ့မိန့်ကျထားသော ဆရာတစ်ဦးက ပြောသည်။
တက္ကသိုလ်ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ကျရာ တက္ကသိုလ်အသီးသီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရာတွင် လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ရန်နှင့် ငွေကြေးအခက်အခဲပြေလည်စေရန် လုံလောက်သော အချိန်ပေးရန် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းက တောင်းဆိုထားသည်။
‘‘အခုတော့ အဆင်ပြေသွားပါပြီ။ တချို့ အဝေးကြီးသွားရမယ့်သူတွေရှိတယ်။ မိသားစုနဲ့ သွားရမယ့်သူတွေရှိတယ်’’ဟု တက္ကသိုလ် ဆရာ၊ ဆရာမများ အပြောင်းအရွှေ့ကာလ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းတာဝန်ရှိသူကပြောသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဆရာမတစ်ဦးက နေရာရွှေ့ပြောင်းမှုအတွက် ချက်ချင်းဆောင်ရွက်ရန် ညွှန်ကြားခြင်းမရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် အခက်အခဲဖြစ်ပေါ်သော သတင်းကြားရကြောင်း ဆိုသည်။
ယခင်က တက္ကသိုလ် ဆရာ၊ ဆရာမများ နေရာရွှေ့ပြောင်းရာတွင် နီးစပ်ရာတက္ကသိုလ်ဖြစ်ပါက ပြောင်းရွှေ့ချိန် တစ်ပတ်နှင့် အလှမ်းဝေးပါက ပြောင်းရွှေ့ချိန်နှစ်ပတ် သတ်မှတ်ပေးကြောင်း သိရသည်။
Thursday, July 03, 2014
နယ်ပြောင်းရမည့် တက္ကသိုလ်ဆရာ၊ ဆရာမအချို့ ချက်ချင်းပြောင်းရွှေ့ရန် ညွှန်ကြားချက်ကြောင့် အခက်တွေ့
Posted by drmyochit
Thursday, July 03, 2014, under ပြည်တွင်းသတင်းများ | No comments
7 Day News Journal
Time in Rangoon

0 comments:
Post a Comment