Thursday, July 03, 2014

စင်ကာပူတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူ မထက်ထက်အောင်နှင့် တွေ့ဆုံခြင်း

Posted by drmyochit Thursday, July 03, 2014, under | No comments

စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပြီး အဆင်မပြေမှုများ ကြုံတွေ့ခဲ့မှုကြောင့် ငါးလွှာအမြင့်မှ ခုန်ချကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပြီး စင်ကာပူနိုင်ငံရှိ Teng Tong Seng Hospital တွင် ဆေးဝါးကုသမှု ခံယူနေသည့် အသက် ၂၁ နှစ်အရွယ်ရှိ မထက်ထက်အောင်ကို The Voice က ဆေးရုံတွင် သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များအား ဖော်ပြလိုက်ပါသည်။

Voice : ဒီနိုင်ငံကို ရောက်တာ ဘယ်လောက်ကြာပြီလဲ။

HHA : မတ်လက ရောက်တာပါ။

Voice : မြန်မာနိုင်ငံ ဘယ်နယ်ကလဲ။ ဘယ်သူ့အဆက်အသွယ်နဲ့ ဘယ်လို ရောက်လာတာလဲ။

HHA : ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာကပါ။ ရွာက အမျိုးသမီးတစ်ဦးက စင်ကာပူမှာ အလုပ်ရမယ်ဆိုပြီး မြန်မာပြည်ဘက်က အေးဂျင့်တစ်ခုနဲ့ချိတ်ပြီး ဒီနိုင်ငံက အေးဂျင့်တွေနဲ့ ဆက်သွယ်ပြီး ပို့လိုက်လို့ ရောက်လာတာပါ။

Voice : အဲလိုပို့တဲ့အတွက် အေးဂျင့်တွေကို ဘယ်လောက်ပေးရလဲ။ ရရှိတဲ့ လစာလည်း ဖြေကြားပေးပါ။ ဒီနိုင်ငံမှာ အသက် ၂၃ ပြည့်မှ အိမ်အကူလုပ်ရတာလို့ ဥပဒေရှိတဲ့အတွက် အသက်ကိုလည်း လိမ်ညာထားတာလား။

HHA : အသက်ကတော့ အေးဂျင့်တွေက ၂၃ နှစ်လို့ပြောလို့ မှာထားလို့ ၂၃ လို့ပြောတာပါ၊ အသက်က ၂၁ ပါ။ လစာကတော့ စင်ကာပူငွေ ၄၆၀ ရပါတယ်။ အေးဂျင့်ခကတော့ သမီးလစာရဲ့ ခုနစ်လစာ ပေးရပါတယ်။ ခုနစ်လပြည့်မှ သမီးက လစာရမှာပါ။ အခုလုပ်ပြီးခဲ့တဲ့ နှစ်လအတွက် လစာတွေကို အေးဂျင့်က သူ့ဘာသာသူ ယူသွားပါတယ်။ သမီးမမြင်ရပါဘူး။

Voice : တိုက်ပေါ်က ခုန်ချခဲ့ရတဲ့ အဖြစ်လေးကို အကျဉ်းလောက် ပြောပြပါဦး။

HHA : မေလ ၁၆ ရက်နေ့က သမီးခေါင်းတွေကလည်း တအားမူးပြီး စိတ်ကဘာလုပ်လို့ လုပ်မိမှန်း မသိလောက်အောင်ကို ဖြစ်နေပါတယ်။ သမီးသတိရလို့ ကြည့်လိုက်တဲ့အခါ အိမ်အောက်က သမံတလင်းပေါ် ရောက်နေပြီ။ အရေးပေါ် လူနာတင်ကားနဲ့ ရဲသားတွေ ရောက်နေတာကိုပဲ သိပါတော့တယ်။

Voice : ဒီလောက်အထိ ခုန်ချရလောက်အောင် ဖြစ်တယ်ဆိုတော့ အိမ်ရှင်တွေနဲ့ အဆင်မပြေလို့လား ဘယ်လိုအကြောင်းကြောင့်လဲ။

HHA : အေးဂျင့်တွေပြောတော့ တစ်နေ့ကို ထမင်း သုံးနှပ်စားရမယ်၊ တနင်္ဂနွေနေ့တိုင်း အားလပ်ရက်ရမယ်၊ တစ်နေ့ ၂ နာရီ နားခွင့်ရှိတယ် ဆိုပြီးတော့ ပြောပေမယ့် သမီးအိမ်ရှင်တွေက သမီးကို တစ်ပတ်လောက်ပဲ ထမင်းချက်ခွင့် ပေးတယ်။ သူတို့လည်း ထမင်းချက် မစားဘူး။ အပြင်မှာစားတယ်။ သမီးကို တစ်နေ့ကို ခေါက်ဆွဲခြောက် နှစ်ထုပ်ပဲပေးတယ်၊ အဝတ်လျှော်စက် ရှိရဲ့သားနဲ့ အဝတ်တွေကို လက်နဲ့လျှော်ခိုင်းတယ်၊ အလုပ်တွေကလည်း တစ်ခုမပြီးသေးဘူး တစ်ခုဆက်လုပ်နေရတယ်။ နောက်တော့ အဝတ်တွေ မပြောင်ဘူးဆိုပြီး ထပ်ထပ်လျှော်ခိုင်းတယ်၊ အစားအသောက်က ဝဝလင်လင် မစားရတာရယ်။ ညအိပ်ချိန်တွေမှာလည်း ခိုင်းတာတွေရှိလည်း ရှိတယ်။

Voice : ခုန်ချပြီးနောက်ပိုင်း လက်ရှိ အနေအထားကို ပြောပြပေးပါ။

HHA : ခါးကတော့ ဆေးရုံတက်တဲ့ နေ့ကနေစပြီး ခါးပတ်နဲ့ နေရတယ်။ အခုတော့ ခါးပတ်စရာ မလိုတော့ဘူး။ ဒူးနှစ်ဖက်က တစ်ဖက်က အရိုးတွေ ကြေကုန်လို့ စတီးရိုးအစားထိုးပြီး မူလီတွေနဲ့ ကြပ်ထားရတယ်၊ ခြေဖနောင့်နဲ့ ခြေသလုံးက အသားတွေကတော့ ပေါင်ကအသားကို လှီးပြီး အစားထိုးထားတယ်။ ဇွန်လ ၁၆ နေ့က ညာဘက်ခြေဖနောင့်နဲ့ ခြေသလုံးကို ခွဲစိတ်ဖို့ ပေါင်ကအသားကိုယူပြီး ခွဲစိတ်ခဲ့တယ်။ ဆရာဝန်တွေ ပြောတာကတော့ ညာဘက်ခြေထောက် မသိမသာ နိမ့်သွားမယ်လို့ ပြောပါတယ်။

Voice : အခုလို ဆေးရုံတက်နေတော့ ဒီမှာမိသားစုဝင် မရှိတော့ ဘယ်သူတွေက အကုန်အကျခံပြီး ကူညီစောင့်ရှောက် ပေးနေလဲ။ အိမ်ရှင်က လာမကြည့်ဘူးလား။

HHA : သမီးတို့ အိမ်အကူတွေကို အိမ်ရှင်တွေက အသက်အာမခံ လုပ်ပေးထားတာ ရှိတယ်။ ကုန်ကျစရိတ်ကို လောလောဆယ် အိမ်ရှင်က အကုန်ခံထားတယ်နဲ့ တူတယ်။ အိမ်ရှင်က သုံးခါလာကြည့်တယ်၊ ကျန်တဲ့ရက်တွေမှာ စင်ကာပူကို ရောက်နေတဲ့ မြန်မာအစ်ကို အစ်မတွေက အန်တီ မအေးမာမာရဲ့ Facebook ကနေတစ်ဆင့် သိကြလို့ မုန့်လာပေးတာတို့၊ တရားစာအုပ်တို့၊ မုန့်ဖိုးတို့ လာပေးတယ်။ အဓိကတော့ အန်တီအေးမာမာက ခဏခဏ လာကြည့်တယ်။ သမီးမှမဟုတ်ဘူး၊ သမီးလို ဒုက္ခရောက်နေတဲ့ အိမ်အကူအားလုံးကို အန်တီအေးမာမာက အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပြီး ကူညီဆောင်ရွက် ပေးနေတယ်။

Voice : ဆေးရုံဘယ်တော့ ဆင်းရမယ်လို့ ဆရာဝန်တွေက ပြောလဲ။ ရောဂါ အခြေအနေကရော ဘယ်လိုလဲ။ HHA : ဇူလိုင်လကုန်လောက် ဆင်းလို့ရမယ်လို့ ပြောပါတယ်။ အစားထိုး ကုသထားတဲ့ နေရာတွေက အရင်ကကိုင်ရင် ကိုင်မှန်းမသိဘူး။ အခုတော့ ထိရင်သိတယ်၊ နာကျင်တာတွေလည်း အတော်လေးကို သက်သာနေပါပြီ။

Voice : အခုကိစ္စကို မြန်မာသံရုံးနဲ့ အေးဂျင့်တွေက ဘာတွေကူညီဆောင်ရွက် ပေးတာရှိလဲ။

HHA : အခုထိတော့ သမီးကို သံရုံးရော အေးဂျင့်တွေရော ဘာမှလာကူညီ ဆောင်ရွက်ပေးတာတော့ မရှိဘူး။

Voice : မြန်မာပြည်က အေးဂျင့်နဲ့ မိသားစုဝင်တွေရော သိသွားပြီလား။

HHA : အခုတော့ သိသွားပြီ။ ဒီကအေးဂျင့်က မြန်မာပြည်က အေးဂျင့်ကို လှမ်းအကြောင်းကြားလိုက်လို့ သမီး ဒီလို ဖြစ်တာကို သိသွားပါပြီ။ ဘာမှမပူဖို့ အိမ်ကို မှာထားတယ်။ အန်တီအေးမာမာရဲ့ အကူအညီနဲ့ အိမ်က မိသားစုဝင်တွေကိုလည်း စကားပြောပြီးပါပြီ။ မြန်မာပြည်ဘက်က အေးဂျင့်ကတော့ အေးဂျင့်ခ ခုနစ်လစာ တောင်းနေတယ်။

Voice : နေကောင်းရင် မြန်မာပြည်ကို ပြန်မှာလား၊ ဒီမှာဆက်နေမလား၊ မြန်မာပြည်က ဒီကို အိမ်အကူလာလုပ်မယ့် သူငယ်ချင်းတွေကိုရော ဘာမှာချင်သေးလဲ။

HHA : သမီး နေကောင်းရင် မြန်မာပြည်ကို ပြန်မှာပါ။ သူငယ်ချင်းတွေကို ဒီအလုပ် လုပ်ရမယ်ဆိုရင် မလာပါနဲ့လို့၊ မဖြစ်မနေ လာရမယ် ဆိုရင်လည်း ဒီက အိမ်ရှင်တွေအကြောင်း၊ အင်္ဂလိပ် စကားပြောနဲ့ ဒုက္ခရောက်တဲ့အခါ ဘယ်ကို အကူအညီ တောင်းရမယ် ဆိုတာတွေကိုပါ သိအောင်လုပ်ပြီး အိမ်အကူ လုပ်ငန်းတွေ ကျွမ်းကျင်မှ လာပါလို့ မှာချင်ပါတယ်။ ငွေက မြန်မာပြည်မှာလည်း ရှာလို့ရပါတယ်၊ သမီးတောင်မသိလို့ လာခဲ့မိတာပါ။ အေးဂျင့်တွေ ပြောတိုင်းမယုံပါနဲ့။

Voice : မိသားစုတွေကို ဘာမှာချင်သေးလဲ။

HHA : သမီး အားလုံးအဆင်ပြေတယ်။ အမေဘာမှမပူပါနဲ့။ နေကောင်းရင် ပြန်လာမယ်။ မြန်မာ အစ်ကို၊ အစ်မတွေ ကူညီထားတဲ့ ငွေတွေကိုလည်း အမေ အကြွေးဆပ်နိုင်အောင် ပို့ပေးမယ်။ သမီးအားလုံး အဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်။

Voice : ဘာပြောချင်သေးလဲ။

HHA : သမီး ဆေးရုံတက်နေချိန်ကို ဝိုင်းဝန်း စောင့်ရှောက်ပေးကြတဲ့ အန်တီ အေးမာမာနဲ့ မြန်မာ အစ်ကို အစ်မတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်ရောက်လာမယ့် မြန်မာအိမ်အကူအားလုံး သမီးလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

မိုးကြိုး
The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်