Monday, September 16, 2013

၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်

Posted by drmyochit Monday, September 16, 2013, under | No comments

အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို သတ်သေ ခဲ့မှု တစ်ခု ဒဂုံတောင်မြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဒဂုံတောင်မြို့နယ် ၇၀ ရပ်ကွက်တွင် အမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင် ထားသည်ကို မြို့နယ်ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။

ထို့ကြောင့် သွားရောက်စစ်ဆေးအတည်ပြုခဲ့ရာ သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးတင်မောင်ဖြစ်ပြီး နေအိမ်အောက်ထပ် ဧည့်ခန်းအတွင်း အမြင့်ခြောက်ပေကျော်ရှိသော ထုတ်တန်းတွင် အစိမ်းရောင် ပလစ်စတစ်ကြိုးကို လည်ပင်းတွင်ကြိုးကွင်းစွပ်ပြီး ဒူးထောင်လျက် အနေအထားဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနကဆိုထားသည်။

ပတ်ဝန်းကျင်ရှိသူများအား စစ်ဆေးရာတွင် ၎င်းအမျိုးသားသည် နေအိမ်အောက်ထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိထားရသည်ဟုဆိုသည်။ အလောင်းကို စစ်ဆေးရာတွင်လည်း အခြားပြင်ပဒဏ်ရာများ မတွေ့ရှိသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်စစ်ဆေးလျက်ရှိသည်ဟု ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအမှုကို အမှန်တကယ် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟုတ်၊ မဟုတ် ဆက်လက်စစ်ဆးမည်ဖြစ်သဖြင့် မြို့နယ်ရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဒုရဲမှူး အောင်ဆန်းဦးက စစ်ဆေးနေကြောင်း ရဲဌာနကထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန်

Posted by drmyochit Monday, September 16, 2013, under | No comments


ကိုယ်ဝန်ဆောင်ချိန် ဖြေထောက် ဖောရောင်မှု သက်သာစေရန် ကိုယ်ဝန်ဆောင်ချိန် မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။

အနေအထားပြောင်းပါ

အကြာကြီး မတ်တတ်ရပ်တာမျိုးကို ရှောင်ပါ။ ထိုင်တဲ့အခါ ခြေထောက်တွေကို တတ်နိုင်သမျှ မြ§င့်ထားလို့ရအောင် ခုံပု တစ်ခုပေါ်မှာ တင်ထားပါ။ ခြေထောက်ဖောရောင်မှု သက်သာ စေဖို့ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းပြီး လှဲလျောင်းပါ။

လှုပ်ရှားမှု လုပ်ပါ

အနားယူပြီးတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါ။ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာ ကြောင့် ခြေထောက်ဆီသို့ အရည်စီးဆင်းမှု လျော့ကျကာ ခြေ ထောက်ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ရေကူးတာက ခြေထောက် ဖောရောင်မှုကို တွန်းလှန်နိုင်ပါတယ်။

အရည်စုဆောင်းမှု မရှိစေရန် သတိထားပါ

သောက်တဲ့ ရေများလေလေ၊ ကိုယ်တွင်း အထူးသဖြင့် ခြေကျင်း ဝတ်နဲ့ ခြေထောက်မှာ အရည်စုပုံနိုင်ခြေလျော့နည်းလေလေ ဖြစ် ပါတယ်။ တစ်နေ့မှာ ရေရှစ်ခွက်သောက်တာကြောင့် ဆီးသွားရာ က အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ ပါသွားနိုင်ပါတယ်။

ဆားကို အရသာရှိရုံ သုံးပါ

ဆားအသင့်အတင့်စားတာကြောင့် ခန္ဓာကိုယ်က အရည် ဓာတ်ကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။ ဆားအများ အပြားစားတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ခြေထောက် ဖောရောင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

သက်သောင့် သက်သာ ရှိသော ဖိနက်ကို စီးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်နဲ့ ခြေကျင်းဝတ်ရောင် ရမ်းမှု သက်သာစေမယ့် ဖိနပ်ကို စီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်တင်မက လက်နဲ့ မျက် နှာပါ ဖောရောင်နေရင် သတိထားပါ။ ဒါက သွေးတိုးနေသလား၊ သွေးဆိပ်တက်နေသလားဆိုတာ စမ်းသပ်ရမယ့် အခြေအနေ ဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသပါ။

ဇွန်
By Good Health

ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ တက္ကသိုလ်တွေ

Posted by drmyochit Monday, September 16, 2013, under | No comments


နိုင်ငံခြား ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိတဲ့ လူတွေအတွက် ဒီဆောင်းပါးကို တင်ဆက်ပေးလိုက် ပါတယ်။ ဒါကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုတဲ့ တက္ကသိုလ် ၁၅ခုကို စာရင်းပြုထားတာပါ။ ဒီစာရင်းဟာ ၂၀၁၃ခုနှစ်အတွက် ဖြစ်ပြီး QS World University Rankingsမှ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

၁။ MIT(Massachusetts Institue of Technology)

၂။ ဟားဗတ်တက္ကသိုလ်

၃။ Cambridgeတက္ကသိုလ်

၎။ University College London(UCL)

၅။ Imperial College London

၆။ Oxfordတက္ကသိုလ်

၇။ Standfordတက္ကသိုလ်

၈။ Yaleတက္ကသိုလ်

၉။ University of Chicago(ချီကာဂို တက္ကသိုလ်)

၁၀။ Caltechလို့ ခေါ်တဲ့ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (California Institute of Technology)

၁၁။ အမေရိကန်၊ နယူးဂျာစီပြည်နယ်က Princetonတက္ကသိုလ်

၁၂။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့က ETH Zurich

၁၃။ University of Pennsylvania

၁၄။ ကိုလံဘီယာ တက္ကသိုလ်နဲ့

၁၅။ အမေရိကန်၊ နယူးယောက်မြို့က Cornellတက္ကသိုလ် တို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က Listနဲ့ နှိုင်းယှဉ် ကြည့်ရင် ဟားဗတ်တက္ကသိုလ်ဟာ Cambridgeတက္ကသိုလ်ကို ကျော်ဖြတ်ပြီး ဒုတိယနေရာ ရောက်လာခဲ့သလို လန်ဒန်က Imperial Collegeဟာလည်း နာမည်ကြီး Oxfordတက္ကသိုလ်ကို ကျော်ဖြတ်ကာ အဆင့် ၅နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သိသိသာသာ တိုးတက်လာတာ ကတော့ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Standfordတက္ကသိုလ်ဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၅နေရာကနေ ယခုနှစ်မှာတော့ အဆင့် ၇အထိ တိုးတက်လာပါတယ်။

Myanmar ICT

အင်ဒိုနီးရှားတွင် Google Street View မော်တော်ကား ယာဉ်တိုက်မှုဖြစ်

Posted by drmyochit Monday, September 16, 2013, under | No comments

ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုရှိ ဘိုဂါမြို့တွင် Google Street View မော်တော်ကား တစ်စင်းသည် ဘတ်စ်ကား နှစ်စင်းနှင့် ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

Google၏ မြေပုံစနစ်ကို ထောက်ပံ့ပေးသည့် အချက်အလက်များ စုဆောင်းပေးသော Google Street View မော်တော်ကား တစ်စင်းသည် အင်ဒိုနီးရှားတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုရှိ ဘိုဂါမြို့တွင် Google Street View မော်တော်ကား တစ်စင်းသည် ဘတ်စ်ကား နှစ်စင်းနှင့် ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရဲများက ယင်းမော်တော်ကားသည် ဘတ်စ်ကားတစ်စင်းနှင့် လမ်းနေရာ ယှဉ်မောင်းရင်း ယင်းဘတ်စ်ကားကို ဝင်တိုက်ကာ ထိုမှတစ်ဆင့် အခြားဘတ်စ်ကား တစ်စင်းကိုပါ ဆင့်တိုက်ပြီး ထို့နောက်တွင်မူ ထရပ်ကားထံ ဦးတည်သွားခြင်းဟု ပြောကြားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မည်မျှရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရချေ။

Googleက အင်ဒိုတွင် မိမိတို့၏ လုပ်ငန်းထောက်ပံ့မှု မော်တော်ကားတစ်စင်း ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်။ "ဒီလို မတော်တဆမှုမျိုးကို ကျွန်တော်တို့ အလေးအနက် သဘောထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ခုကိစ္စအတွက် ပူးပေါင်း ဆောင်ရွက်နေပါတယ်"ဟု Google၏ အင်ဒိုအခြေစိုက် ဆက်သွယ်ရေး နည်းပညာဌာန အကြီးအကဲ ဗစ်ရှ်နူမာမွတ်က ပြောကြားခဲ့သည်။ Googleသည် ၎င်းတို့၏ Street View ဝန်ဆောင်မှုအတွက် အင်ဒိုတွင် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလ ကတည်းက မော်တော်ကားများ စေလွှတ်ကာ ဓာတ်ပုံများရိုက်ယူရင်း အချက်အလက်များ စုဆောင်းခဲ့သည်။ ယခုနှစ် အစောပိုင်းကလည်း ဘော့ဆွာနာတွင် Google Street View ကားတစ်စင်းက မြည်းတစ်ကောင်ကို ဖြတ်ကြိတ်သွားကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သော်လည်း ထိုစဉ်ကမူ Googleက ငြင်းဆိုခဲ့သည်။

From:Planet Myanmar Network

Breast reduction ရင်သား သေးအောင်လုပ်ခြင်း

Posted by drmyochit Monday, September 16, 2013, under | No comments


• ကျွန်မက အသက် (26) နှစ်ရှိပါပြီ။ ကျွန်မရင်သား နည်းနည်းကြီးပါတယ်ဆရာ။ အဲ့ဒါ သေးအောင် ဘာဆေးသုံးလို့ရလည်း၊ ဆရာကူညီပါ။ လွတ်လပ်ပေါ့ပါးတဲ့စတိုင်ကို ကြိုက်ပါတယ်ဆရာ။
• စုံအောင်မေးပါရစေ။ အိမ်ထောင်-ကလေး ရှိပါသလား။ ဘယ်-ညာ တူပါသလား။ အရွယ်အစားကြီးတာလား။ အောက်တွဲကျနေသလား။ အကျိတ်စတာ ရှိပါသလား။
• အိမ်ထောင်မရှိပါဘူးဆရာ အောက်နည်းနည်းကျပါတယ်ဆရာ ရင်သားသေးချင်တာပါဆရာ ရောဂါလည်းမရှိပါဘူးဆရာ
• အရပ်က 5.2 လက်မ၊ 136 ပေါင်ရှိတယ်။ အပျိုပါ။ ရင်သားက ပုံမှန်ထက်ပိုကြီးတယ်။ ရင်သားမရှိတော့လောက်အောင် သေးခြင်တာ ကူညီပေးပါဆရာ။

မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရင်သားထွားလာတယ်။ ကိုယ်ဝန်ဆောင်ရင် ပိုကြီးမယ်။ ကလေးနို့တိုက်လို့လဲ ကြီးမယ်။ ကလေးတယောက်မွေးတခါ ပိုကြီးနိုင်သေးတယ်။ ဒါတွေက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်။ အဲလိုမဟုတ်ဘဲ အဆီ (တစ်ရှူး) များလို့လဲ နို့ထွက် (တစ်ရှူး) တွေက ပုံမှန်နဲ ရင်သားကြီးတာလဲရှိတယ်။

ရင်သား အရွယ်အစားသေးအောင်၊ ပိုပြီးကြည့်ကောင်းအောင် Reduction mammoplasty ခွဲစိတ်နည်းနဲ့လုပ်နိုင်တယ်။ ရင်သားကို ကုသတာမှာ သူ့အလုပ်တာဝန်ကို မထိခိုက်ဘို့က ပိုအရေးကြီးတယ်။ Nipple-areola complex (နို့သီး + အရောင်ရင့်အဝိုင်း) နေရာက အရေးအပါဆုံး ဖြစ်တယ်။ အလုပ်မပျက်ဘို့၊ အမြင်လှဘို့နဲ့ စိတ်ကျေနပ်ဘို့ (၃) ချက် လိုပါမယ်။

ရင်သားကြီးလွန်းနေတာကို Macromastia ခေါ်တယ်။ ရင်သားက အရွယ်ကြီးနေလို့ လေးလံနေမယ်၊ တဖက်မှာ ဂရမ် ၅ဝဝ ထက်လေးတာလို့ Shnur Scale နည်းက သတ်မှတ်တယ်။ တွဲကျနေရင် ဇက်ကျော၊ ခေါင်း နောက်ကျောပါနာနေနိုင်တယ်။ ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေလဲရှိနိုင်တယ်။ သွေးလှည့်ပတ်မှုနည်းတာ၊ အသက်ရှူရခက်တာ၊ အောက်ခံ အရေပြားကို ထိခိုက်တာ၊ အဝတ်အစားရွေးရတာတွေ ဖြစ်နိုင်တယ်။

Breast hypertrophy (Macromastia and Gigantomastia) ခေါ်တဲ့ ရင်သားကြီးလွန်းနေတာမျိုးကို ဆေးနဲ့တော့ ကုမရနိုင်ပါ။ ကိုယ်အလေးချိန်ချနည်းနဲ့တော့ ရင်သားလဲ လိုက်သေးနိုင်ပါတယ်။ ခွဲစိတ်ကုသနည်းကို Reduction mammoplasty, Lipectomy လို့ခေါ်တယ်။ အစဉ်အလာသုံးခွဲစိတ်နည်းကို ၁၉၉ဝ ကတည်းကသုံးတယ်။

Surgical anatomy ရင်သားကို ခွဲစိတ်ခန္ဓာဗေဒအရ (တစ်ရှူး) အမျိုးအစားတွေ များတယ်။
1. Chest wall ရင်ပတ်နံရံက နံရိုးအမှတ် ၂ ကနေ ၆ အထိ၊
2. Pectoralis muscles ကြွက်သား + အရွတ်လွှာ + အရွတ်ပြား၊
3. Lobules (လိုဗြူးလ်)
4. Nipple နို့သီးအဖျား၊
5. Areola အရောင်ရင့်အဝိုင်း၊
6. Milk duct နို့ပြွန်၊
7. Fatty tissue အဆီ၊
8. Glandular tissue နို့ထွက်အိတ်၊
9. Adipose tissue (အဒီပို့စ် တစ်ရှူး)
10. Skin envelope အရေပြား။

ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။
I. Inferior pedicle technique (Anchor pattern, inverted-T incision, Wise pattern)
II. Vertical scar technique (lollipop incision)
III. Horizontal scar technique
IV. Free nipple-graft technique
V. Liposuction-only technique (lipectomy)

Liposuction-only technique အဆီစုပ်ထုတ်နည်းကို ရင်သားအရွယ်အစား သိပ်မကြီးရင် လုပ်နိုင်တယ်။ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်နည်းကို ကလေးနို့တိုက်နေသူနဲ့ နို့ဖြတ်ကာစလူတွေကို လုပ်မပေးပါ။

ချုပ်လိုက်ရင် ဆေးနဲ့သေးမယ်ဆိုတာ မယုံပါနဲ့။ သဘာဝ၊ မိမွေးတိုင်းကို ပြင်ချင်တာမှန်သမျှ အဆိုး-အကောင်း ချိန်ဆရမယ်။ (ပလပ်စတစ် ဆာဂျင်) ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရှင်းပြပါလိမ့်မယ်။ ခေါင်းအေးအေးထားပြီးမှသာ ကိုယ်တိုင် ဆုံးဖြတ်ပါ။

ဒေါက်တာတင့်ဆွေ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် တရုတ်စီးပွားရေး လုပ်ငန်းများ ပွင့်လင်းမှုမရှိဟု တရုတ်အထူးသံကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ပြောကြား

Posted by drmyochit Monday, September 16, 2013, under | No comments

အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ရန်ကုန် ၊ စက်တင်ဘာ ၁၅

တရုတ် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ သည် ပွင့်လင်းမှုမရှိကြောင်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် တရုတ်ပြည် သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး မူဝါဒအကြံပေး ကော်မတီအဖွဲ့ဝင် မစ္စတာဝမ် ယင်ဖန်နှင့် တွေ့ဆုံစဉ် ယင်းသို့ ဝေဖန် ပြောကြားခဲ့ခြင်းဖြစ်သည် ဟု မစ္စတာဝမ်ယင်ဖန်က ရန်ကုန် တိုင်းမ်သို့ ပြောသည်။

မစ္စတာ ဝမ်ယင်ဖန် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် မည် သည့်နေ့က တွေ့ဆုံခဲ့သည်ကို ပြောဆိုခြင်းမရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့သည်ကို အတည်ပြုပြောကြားခဲ့သည်။

''ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခဲ့ပါတယ်။ သူက တရုတ် စီးပွားရေးလုပ်ငန်းတွေဟာ ပွင့် လင်းမှုမရှိဘူးလို့ ဝေဖန်ခဲ့တယ်။ သူပြောတာက တစ်ခုခုလုပ်ရင် ပြည်သူတွေကို ပြောဖို့ပါ။ ပြည် သူတွေ သိနားလည်သွားရင် သ ဘောတူမှာပါတဲ့။ စီမံကိန်း တွေ လုပ်ရင် ပြည်သူတွေအတွက် ဘာ တွေအကျိုးရှိအောင် ဆောင်ရွက် ပေးနိုင်မလဲဆိုတာ ပြည်သူတွေ ကို မြင်တွေ့စေရပါမယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ပြောခဲ့ ပါတယ်''ဟု မစ္စတာဝမ်ယင်ဖန် ကပြောသည်။ မစ္စတာဝမ်၏ မြန်မာနိုင်ငံ ခရီးသည် အစိုးရနှင့် ကေအိုင်အေ တို့၏ ငြိမ်းချမ်းရေးစာချုပ် ချုပ် ဆိုနိုင်ရေးအတွက် ကူညီဆောင် ရွက်ရန် လာရောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများအ ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း သီးခြားတွေ့ ဆုံခဲ့ သည်။

''ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံကို အလည် လာနိုင်မနိုင်ဆိုတာ ကျွန်တော် အတိအကျ မပြောနိုင်သေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲပြီးမှလား။ ဒါမှမဟုတ် မပြီးသေးမီလား မ ပြောနိုင်သေးပါဘူး''ဟု ယင်းက ဒေါ်အောင်ဆန်းစု ကြည် ၏တရုတ် နိုင်ငံ အလည်အပတ်ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဥရောပငါးနိုင်ငံခရီးစဉ် သွားရောက်နေပြီး တရုတ်နိုင်ငံ သို့ မကြာမီ အလည်အပတ်သွား နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသ လို မစ္စတာဝမ်နှင့် တွေ့ ဆုံခဲ့မှုအပေါ် တရားဝင်သတင်း ထုတ်ပြန်မှုမရှိခဲ့ပေ။ မစ္စတာဝမ်သည် မကြာ သေးမီက မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိ ရကာ မြန်မာနိုင်ငံမှ အပြန်တွင် လိုင်ဇာသို့ သွားရောက် ၍ ကေ အိုင်အေ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

ဗညားဦး
Yangon Media Group

ဝန်ကြီး ဦးတင့်ဆန်းအမှု ဆက်လက်စစ်ဆေးရန် သင့်မသင့် စက်တင်ဘာ ၂၆ တွင် အမိန့်ချမည်

Posted by drmyochit Monday, September 16, 2013, under | No comments

ရန်ကုန် ၊ စက်တင်ဘာ ၁၅

အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြေအရောင်း အဝယ်ကိစ္စနှင့်စပ်လျဉ်းသည့် တရား မမှုကို ဆက်လက်စစ်ဆေးရန် သင့် မသင့်ကို စက်တင်ဘာ၂၆ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား ရုံး တွင် အမိန့်ချမှတ်သွားမည်ဖြစ် ကြောင်း ယင်းအမှုကိုစစ်ဆေးနေ သော မန္တလေးတိုင်းဒေသကြီး တရားသူကြီး ဦးကြည်သိန်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားသူကြီး ဦးကြည်သိန်းက ''ဒီစက်တင်ဘာ၁၂ရက် ရုံးချိန်းက ပဏာမငြင်းချက်ကို နှစ်ဖက်လျှောက် လဲချက်ကြားနာတဲ့ရုံးချိန်းပါ။ အဲ ဒီအပေါ်မှာ တရားဥပဒေနဲ့အညီ ၂၆ရက် အမိန့်ချမယ်။ တရားရုံး အနေနဲ့ ဆုံးဖြတ် ချက် ပေးရမှာပါ။ ဒီအမှုကိုဆက်စစ်ဖို့ သင့် မသင့် အမိန့်ချမှာပါ။ တရားရုံးအနေနဲ့ ဘယ်လိုအမှုမျိုးပဲ ဖြစ်နေပါစေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း နဲ့အညီလုပ်ရင် အမှုတွေကို လက် ခံစစ်ဆေးပေးပါတယ်။   open court  ပါ။ မည်သူ မဆို လာ ရောက်နားထောင်လို့ရပါတယ်'' ဟု ပြောသည်။

အဆိုပါအမှု အတောအ တွင်း တရားရုံး စစ်ဆေးဆဲဖြစ် သည့် အချင်းဖြစ်ပစ္စည်းကို တရား မဝင်ချုပ်ဆိုခြင်း၊ ကာလတန်ဖိုး ထက်များစွာ လျော့နည်းဖော်ပြ ခြင်း၊ မမှန်မကန် စာချုပ်ချုပ်ဆို ခြင်းတို့ကြောင့် တရားလိုအမှုသည် များ ရသင့်ရ ထိုက်ခွင့်ရှိ သော အ ကျိုးစီးပွားများ နစ်နာဆုံးရှုံးသည့် အတွက် စာချုပ်စာတမ်း ချုပ်ဆို ထားခြင်းမှ တရားမဝင်ကြောင်း ပယ်ဖျက်ပေးစေလိုမှုနှင့် အကျိုး စီးပွားကြားကာလ အမြတ်အစွန်း ရလိုမှု စွဲဆိုထားခြင်းကို မန္တလေး တိုင်းဒေသကြီး တရားရုံး မှ ဥပ ဒေနှင့်အညီ အမိန့်ချသွားမည် ဖြစ်ကြောင်း၊ အဆိုပါအမှုတရား လို ဦးစိုးဝင်းမိုးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက် ၍တရားပြိုင်ဦးတင့်ဆန်း၏ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဦးချစ်မြင့် က ''ကျွန်တော်တို့အနေနဲ့ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူသွားမှာ ပါ။ ဘာမှပြောစရာမရှိပါဘူး'' ဟု မန္တလေးတိုင်း ဒေ သကြီး တရားရုံး တွင် စက်တင်ဘာ ၁၂ ရက် အဆို ပါ အမှုရုံးချိန်းတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group

ခြေလေးချောင်းပါသည့် မိန်းကလေးမွေးဖွား

Posted by drmyochit Monday, September 16, 2013, under | No comments



စက်တင်ဘာ ၁၄ ရက် ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရောင်နီဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန် ၆ ဒသမ ၅ ပေါင်ရှိ မွေးကတည်းက ခြေလေးချောင်းပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွားခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကလေးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာလက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပိန်းဇလုပ်-သိန်းညွန့်

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ထီပေါက်ပြီး လာမထုတ်သည့် ဆုငွေ သန်း ၃၈၀ ခန့် ရှိနေ

Posted by drmyochit Monday, September 16, 2013, under | No comments





အစိုးရ၏ အောင်ဘာလေထီကို ပေါက်ခဲ့သော်လည်း လာမထုတ်သည့် ဆုလက်မှတ်ပေါင်း ၁၄၅၀ ခန့်ရှိပြီး စုစုပေါင်း ဆုကြေးငွေမှာ ကျပ်သန်းပေါင်း ၃၈၀ ခန့်ပင်ရှိကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးသိန်းနိုင် က မဇ္ဈိမကိုပြောသည်။

ထိုဆုငွေများကို ယခုလမကုန်မီအထိသာ ထုတ်ပေးမည်ဖြစ်ရာ သတ်မှတ်ချိန်ကျော်လွန်သွားပါက နိုင်ငံပိုင်ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းတော့မည်ဟုလည်း သူကဆက်ရှင်းပြသည်။ ထို့ကြောင့် “ထီထိုးပြီး ထီတိုက်ကြပါ” ဟု သူက တိုက်တွန်းပြောကြားသည်။

“အများအားဖြင့် ဆုသေးတွေ လာမထုတ်တာများတယ်။ တချို့ကျတော့လည်း ဘဏ္ဍာငွေအဖြစ်သိမ်းတော့မယ့် တစ်ရက်အလိုမှာမှ လာထုတ်တဲ့သူတွေလည်း ရှိတယ်” ဟုလည်း သူက ဆက်ပြောသည်။

ကျောက်တံတားမြို့နယ်ရှိ သားကောင်းရတနာထီဆိုင်ပိုင်ရှင်က ထီပေါက်သော်လည်း မထုတ်ဖြစ်ကြသည့် ဆုလက်မှတ်အများစုသည် မင်္ဂလာစုံတွဲအမျိုးအစား ထီလက်မှတ်များထဲတွင် ရောပါပေါက်ကြခြင်း ဖြစ်သဖြင့် သေချာ မတိုက်ကြည့်ကြဘဲ ပေါက်မှန်းမသိကြခြင်းဖြစ်သည်ဟု ဆိုသည်။ “မင်္ဂလာစုံတွဲထဲမှာဆုကြီးတွေလည်း ပါလာနိုင်တယ်။ ဒါကြောင့် သေချာတိုက်စေချင်တယ်” ဟုလည်း ဆိုသည်။

ကျပ်တစ်သိန်းဆုမှ စတင်၍ ပါဝင်သော ထီပေါက်မဲစာရင်းကို ပြည်နယ်နှင့် တိုင်း အခွန်ဦးစီးရုံးများ၊ အစိုးရအဖွဲ့ရုံးများ၊ မြို့နယ် အခွန်ဦးစီးရုံးများ၊ မြို့နယ်စည်ပင်သာယာရေးရုံးများတွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ပေးထားပြီး အင်တာနက်မှလည်း http://www.irdmyanmar.gov.mm/ ၀က်ဆိုက်တွင် ကြည့်ရှုနိုင်ကြောင်း အောင်ဘာလေဌာနက ထုတ်ပြန်သည်။

အောင်ဘာလေဌာနတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးထီဆုဖြစ်သည့် ကျပ်သိန်း ၁၅၀၀ ဆုကိုပင် တစ်နှစ် ကျော်ကြာသည်အထိ လာမထုတ်သူရှိနေပြီး ထိုဆုကိုလည်း ယခုလကုန်အထိသာ စောင့်ဆိုင်းထုတ်ပေးမည်ဟု အောင်ဘာလေဌာနမှ ယခုလဆန်းတွင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

နန်းမြင့် | Mizzima - News in Burmese

"မြေကြီးပြိတ္တာ"

Posted by drmyochit Monday, September 16, 2013, under | No comments



ဘယ်လောက်ပင် စားရ စားရ၊
တစ်ဝမ်း ၀ရုံပဲ။
ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊
အရေပြား ဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊
တစ်ကိုယ်စာလေးပဲ။
ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ၊
သေရင် ထားပစ်ခဲ့ရတာချည်းပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊
ကျန်ခဲ့လျှင် သူများဖို့။

နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင်၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓက ယခုလို ဆုံးမခဲ့၏။

ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်းရှိလျှင်လည်း ဘုဉ်းပေးပါ။
မရှိလျှင် ဆွမ်းခံ၍ စားပါ။
လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။
မရှိလျှင် ပံသုကူသင်္ကန်း ရှာ၍၀တ်ရုံပါ။
လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။
မရှိလျှင် သစ်ပင်အောက်တွင် နေပါ။
လှူသရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။
မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။

ထိုအဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊
သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊
မလိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး
ဆင်းရဲရပေသည်။

ဆင်းရဲသွားသော ရန်ကုန်မြို့သစ်မှ အမျိုးသမီးကြီးတစ်ဦး အကြောင်းတင်ပြအံ့။ မြို့သစ်တွင် မြေကွက်ရသဖြင့်
ခြံခတ်သောအခါ ထိုအမျိုးသမီးကြီးသည် တစ်ဖက်ခြံမှ
မြေတစ်ပေနီးပါးကို ခိုးယူမိလိုက်သည်။

ထိုအချိန်က တစ်ဖက်ခြံမှမြေရှင်သည် ခြံလာမခတ်ရသေးပေ။
ထို့ကြောင့် အရင်ရောက်သူက မြေတစ်ပေပိုပြီး
ခြံခတ်ယူလိုက်ခြင်း ဖြစ်သည်။ နောက်ရောက်သော ခြံရှင်သည် တရားသမားဖြစ်သောကြောင့် ဘာမှမပြောပေ။


♦ တဖက်ခြံရှင်က အပြစ်မပေးသော်လည်း သူပြုသော
"အဒိန္နာဒါနအကုသိုလ်" ကား အပြစ်ပေးသည်သာဖြစ်၏။
ထို့ကြောင့် ထိုအမျိုးသမီးကြီး သေသောအခါ
ထို့မြို့သစ်၊ ထိုရပ်ကွက်ထဲမှာပင် ပြိတ္တာမကြီးသွားဖြစ်သည်။
သူသည် ပြိတ္တာစဖြစ်သောနေ့မှစ၍ တခြားအရပ်မှမြေများကို တောင်းကြီးတစ်လုံးဖြင့် ခေါင်းပေါ်ရွက်သယ်ပြီး သူမြေတစ်ပေ
ခိုးခဲ့မိသော ခြံဝိုင်းထဲသို့ လောင်းချပေးနေရခြင်းပင်ဖြစ်၏။

ခိုးယူခဲ့သော မြေတစ်ပေအတွက် အရင်းရော၊
အတိုးပါ ပေးဆပ်နေရခြင်းဟု ဆိုရမည်ထင်သည်။
လူတစ်ယောက်သည် အကုသိုလ်ဒုစရိုက် တစ်မျိုးမျိုးလုပ်တိုင်း ဘေးလေးမျိုးဆိုက်၏။
♦ ပရာနုဝါဒဘေး၊
♦ ဒဏ္ဍဘေး၊
♦ အတ္တာနုဝါဒဘေး၊
♦ အပါယဘေးတို့ပင် ဖြစ်၏။

♦ ပရာနုဝါဒဘေးဟူသည် သူတစ်ပါးက စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
♦ ဒဏ္ဍဘေးဟူသည် ထောင်တန်းကျပြီး အပြစ်ပေးခံရခြင်းမျိုးကို ဆိုလို၏။
♦ အတ္တာနုဝါဒဘေးဟူသည် မိမိကိုယ်မိမိ စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။ ♦အပါယဘေးကား အပါယ်လေးပါးသို့ ကျရောက်သောဘေးပင် ဖြစ်၏။

ထိုလေးမျိုးတွင် ရှေ့နှစ်မျိုးသည် သူတစ်ပါး မရိပ်မိအောင် ပိပိရိရိ လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ လာဘ်ထိုးခြင်းဖြင့်သော်လည်းကောင်း လွတ်အောင်ရှောင်၍ ရနိုင်သေး၏။ နောက်နှစ်မျိုးကား မည်သို့သောနည်းဖြင့်မျှ ရှောင်လွှဲ၍ မရနိုင်ပေ။ သူတစ်ပါးကိုသာ လိမ်၍ရမည်။ မိမိကိုယ် မိမိကား ဘယ်သောအခါမှ လိမ်၍မရ။

ထို့ကြောင့် ဒုစရိုက်မူ တစ်ခုခုလုပ်ပြီးသည်နှင့်
မိမိကိုယ်မိမိ စွပ်စွဲသော " အတ္တာနုဝါဒ၏ဘေးကြီး"သည်
နေ့စဉ် နှိပ်စက်တော့၏။ မိမိကိုယ်မိမိ စွပ်စွဲခြင်းဟူသည်
မိမိကိုယ်မိမိ မကြည်ညိုခြင်းပင် ဖြစ်၏။ မိမိကိုယ်မိမိ
မကြည်ညိုသူများ၏ နောက်ဆုံးပန်းတိုင်ကား
အပါယ်လေးပါးပင် ဖြစ်၏။ ရန်ကုန်မြို့သစ်မှ
အမျိုးသမီးကြီးကို ပြိတ္တာဘ၀သို့ ပို့ပေးသည်မှာ ဤနောက်ဆုံး ဘေးနှစ်မျိုးကြောင့်ပင် ဖြစ်၏။

နှစ်အတော်ကြီး ကြာသောအခါတွင်မှ ကျောင်းဆရာမဖြစ်နေသော
သူ့သမီးကို အိပ်မက်ပေးပြီး အကူအညီတောင်းရှာသည်။ သူတောင်းသောအကူအညီများမှာ တိကျသေချာလှသည်။

(၁) ခိုးထားသော မြေတစ်ပေကို တစ်ဖက်ခြံသို့ ပြန်ပေးပါ။
(၂) ခိုးယူထားသော နှစ်အလိုက် အတိုးငွေပါ ထည့်ပေးပါ။
(၃) ထိုနှစ်ချက် ပြည့်စုံအောင်လုပ်ပြီးမှ ကုသိုလ်ပြုပြီး သူ့ကို အမျှဝေပေးပါ။

သို့မှသာ သူပြိတ္တာဘ၀မှလွတ်မည်ဟုဆိုသည်။
သမီးဖြစ်သူသည် သူပြောသည့်အတိုင်းလုပ်ပေးသဖြင့် ပြိတ္တာဘ၀မှ လွတ်သွားပါသည်။ လောဘသည် သမလောဘ၊ ၀ိသမလောဘဟု နှစ်မျိုးရှိ၏။ တရားသဖြင့် လိုချင်သောလောဘကို “သမလောဘ”ဟု ခေါ်ပြီး၊ မတရားသဖြင့် လိုချင်သောလောဘကို “၀ိသမလောဘ”ဟု ခေါ်သည်။

တရားသဖြင့် လိုချင်သောလောဘသည် အနာဂါမ်အရိယာမှာပင်
ရှိသေး၏။ (ဘ၀ရာဂါနုသယကို ဆိုလို)။ ထိုသမလောဘကား မိမိ၊ သူတစ်ပါးနှစ်ဦးလုံးကို ဒုက္ခမပေးပေ။ ၀ိသမလောဘသည်သာ
မိမိသူတစ်ပါး နှစ်ဦးသားလုံးကို ဒုက္ခပေးသည်။
လူသည် သဘာဝအားဖြင့် မြင့်မြတ်သောသူ ဖြစ်ပါလျက် ယုတ်နိမ့်သောအပါယ်ဘုံသို့ ကျရသည်မှာ
ထိုဝိသမလောဘကြောင့်ပင်ဖြစ်၏။

မိသားစုကိုလုပ်ကိုင်ကျွေးမွေးသူများသည် သမ္မာအာဇီဝကျကျ တရားသဖြင့်သာ ရှာဖွေကျွေးမွေးသင့်၏။ ၀ိသမလောဘ၏
ကျေးကျွန်ဖြစ်ပြီး မတရားသောနည်းများဖြင့် ရှာဖွေကျွေးမွေးမည်ဆိုလျှင် မိသားစုများသည် စားစရာကိုသာအတူ ၀ိုင်းစားပေးကြမည် ဖြစ်၏။

♦ အပါယ်သို့ကျဖို့ရှိလျှင်ကား မည်သူမျှ
လိုက်ပါပေးလိမ့်မည် မဟုတ်။ မိမိတစ်ယောက်တည်းသာ
သွားရမည်ဖြစ်သည်။

[အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)
" သင်လူတစ်ယောက်ဖြစ်ပြီလား မှ" - ]

Fast Burst Camera v4.4.1 Apk 9MB

Posted by drmyochit Monday, September 16, 2013, under | No comments

Fast Burst Camera App အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် (15.9.3013) Update လေးပါ
ဒီဆော့ဝဲလေးက ဘာကောင်းလဲဆိုတော့ ဓာတ်ပုံရိုက်ဖို့ခလုတ်နှိပ်လိုက်တာနဲ့ ကင်မရာရှေ့မှာဖြစ်ပျက်သွားသမျှကို တစ်စက္ကန့်အတွင်းမှာ ပုံ ၃၀ ခန့်ရိုက်ကူးမှတ်တမ်းတင်ပေးထားနိုင်ပါတယ်။
လျှပ်တစ်ပြက်ဖြစ်ပျက်တာကို ဓာတ်ပုံရိုက်ဖို့ သင့်တော်တဲ့ application လေးပါ။

https://play.google.com/store/apps/details?id=com.spritefish.fastburstcamera 

မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download>>>mirrorcreator (or) zippyshare (or)hotfile 




ဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်ရေကြီး မန္တလေးတိုင်းရေဘေးဒုက္ခကြုံ

Posted by drmyochit Monday, September 16, 2013, under | No comments

မန္တလေးတိုင်း ရေဘေးဒုက္ခသည်များ။
 (ဓာတ်ပုံ/စိတ္တသုခ ပရဟိတလူငယ်အဖွဲ့)
ဧရာဝတီနဲ့ ဒုဋ္ဌဝတီ မြစ်ရေလျှံမှုကြောင့် မန္တလေးတိုင်း အတွင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး အိမ်ခြေ ထောင်နဲ့ချီ ရေမြုပ်ကုန်တဲ့အတွက် အတော်လေး ဒုက္ခရောက်နေကြ ရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပြပါတယ်။ ရေဘေး ဒုက္ခသည်တွေအနေနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို လောလောဆယ် ခိုလှုံနေကြပြီး ကူညီကယ်ဆယ်ရေးတွေလည်း ထိထိရောက်ရောက် မရကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရေမလွတ်တဲ့ မြို့နယ်တွေနဲ့ ရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မကြာသေးခင်ရက်ပိုင်းကစလို့ မိုးများပြီး ဧရာဝတီနဲ့ဒုဋ္ဌဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ခဲ့တဲ့အတွက် မန္တလေးတိုင်းအတွင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီကနေ့ ၃ ရက်မြောက်နေ့မှာတော့ ဒုဋ္ဌဝတီမြစ်ရေဟာ ဆက်လက်မြင့်တက်လာပြီး မန္တလေးနဲ့ စစ်ကိုင်းကိုသွားတဲ့ အဓိက လမ်းမကြီးကို ရေလွှမ်းတဲ့အတွက် ယာဉ်အသွားအလာတွေ အတော်လေး ဒုက္ခရောက်ကြရတယ်လို့ မန္တလေးဒေသခံတွေက ပြောပြပါတယ်။ ဒါ့အပြင် ရေကြီးမှု အဆိုးဆုံးနေရာ တခုဖြစ်တဲ့ အမရပူရမြို့နယ်တွင်းမှာဖြစ်ပြီး လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မန္တလေးဒေသခံ သတင်းထောက်တဦးဖြစ်တဲ့ ကိုဆန်းယုကျော်က ဗွီအိုအေကို ပြောပြပါတယ်။

“ဧရာဝတီက နည်းနည်းလေး ပြန်ကျတယ်။ ဒုဋ္ဌဝတီကတော့ မကျဘူးပေါ့နော်။ ရေကကြီးနေတုန်းပဲ။ ဒီနေ့ဆိုလို့ရှိရင် စစ်ကိုင်းနဲ့ မန္တလေးသွားတဲ့လမ်း တချို့နေရာတွေမှာဆိုရင် ကားလမ်းပေါ်ကိုတောင် ရေကျော်နေတာတွေဖြစ်နေပြီ ဒီနေ့။ အဲ့ဒီ စစ်ကိုင်း-မန္တလေးလမ်းက အသွားလမ်း၊ အပြန်လမ်းရှိတာ။ အခု အပြန်လမ်းက ရေကျော်နေတာဆိုတော့ အသွားလမ်းတခုတည်းကိုပဲ သွားလာနေတာဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်က နည်းနည်း စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလမ်းတွေက ကျဉ်းတယ်နည်းနည်း။ ကားနှစ်စီးရှောင်လို့ သိပ်မကောင်းဘူး။ ဆိုးတာက ဒုဋ္ဌဝတီမြစ်ကြောင့်မို့လို့ ခုနပြောတဲ့ အမရပူရမြို့နယ်တွင်းက ဆိုးတယ်။ တောင်သမံကန်ပတ်လမ်းနှစ်ခု ရေကျော်နေပြီလေ။ အဲ့ဒီနားပတ်ဝန်းကျင်ရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွေ၊ တရုတ်တန်းကြီးရပ်ကွက်တို့၊ တရုတ်တန်းလေးတို့၊ ပြီးလို့ရှိရင် မြစ်ငယ်ဟိုဘက်က ရွာပတ်ဝန်းကျင် တော်တော်များများက အိမ်ခြေပေါင်း ထောင်ချီပြီးတော့ကို ရေမြုပ်နေကြတာ အခုက ကျနော်တို့စာရင်းထဲမှာဆိုရင် ရွာပေါင်း ၃ဝ လောက်ရှိတယ် ခန့်မှန်းခြေ။ အိမ်ခြေပေါင်းက ထောင်နဲ့ချီတယ်။ ကျနော်တို့ လောလောဆယ် ရေမြုပ်တဲ့ဘက်တွေ လက်လှမ်းမီသလောက်ရောက်တာပေါ့နော်။ ပြီးတော့ ရဲတပ်ဖွဲ့ကနေမှ သူတို့ကောက်ယူထားတဲ့စာရင်းတွေအရဆိုရင် အိမ်ခြေထောင်ချီပြီးတော့ကိုရှိတယ်။ ဒုဋ္ဌဝတီကြောင့် ရေလျှံတာက ပိုဆိုးတယ်။”

ဒါ့အပြင် တချို့တဲအိမ်တွေဟာ အိမ်ခေါင်မိုးအထိ ရေမြုပ်ကုန်တဲ့အတွက် လမ်းဘေးမှာဖြစ်သလို နေနေကြရသူတွေ ရှိသလို တော်တော်များများကတော့ နီးစပ်ရာ ဘုရားကျောင်းကန်တွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခိုလှုံနေကြရတာတွေ လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒီရေဘေးဒုက္ခသည်တွေအတွက် တချို့လူမှုကူညီပေးရေး အသင်းတွေ က တနိုင်တပိုင် ရေသန့်ဗူးတွေ၊ အစားအသောက်တွေ ကူညီပေးနေတာရှိပေမဲ့ ထိရောက်တဲ့ အကူအညီတွေတော့ မရသေးသလို ရေကြီးတဲ့ တချို့ဒေသတွေက စာသင်ကျောင်းတွေလည်း ပိတ်ထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိုဆန်းယုကျော်က ဆက်ပြောပြပါတယ်။

“  အခုလောလောဆယ်ကတော့ သူတို့ဟာသူတို့ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့မှာ နေနေကြတာများတယ်။ အဲ့ဒီလိုမျိုး သီးသန့်ဖွင့်ပေးတာမျိုးတော့ မရှိသေးဘူး။ ဒီနေ့တော့ သူတို့ လူကြီးတွေ သွားကြည့်ကြတယ်လို့ပြောတယ်။ အဓိက လူမှုကူညီရေးအသင်းတွေက ကူညီပြီးတော့ အစားအသောက်တွေ ဝေဖို့တို့၊ ခုနပြောတဲ့ သောက်သုံးရေတွေ ဖြန့်ပေးဖို့တို့ စီစဉ်နေတယ် ဒီနေ့တော့။ တခြားတော့ ထူးထူးထွေထွေ စခန်းဖွင့်ပေးတာမျိုးတို့ ဘာလုပ်ပေးတာ၊ ညာလုပ်ပေးတာ လောလောဆယ် အခြေအနေမှာတော့ မရှိသေးဘူး။ လောလောဆယ် နေစရာ၊ စားစရာတောင် သူတို့ မကူညီနိုင်တာ၊ ကျန်းမာရေးကိစ္စကတော့ ပိုတောင်မှ ဆိုးသေးတယ်။ ဘာမှကို မလုပ်ပေးသေးတာ လောလောဆယ်။

အဲ့ဒီ တချို့ဒေသတွေကတော့ သူတို့ပြောပုံအရဆိုရင် အခါတိုင်းတွေလည်း ၀င်နေကြပေါ့နော်။ စောင့်ကြည့်တဲ့အဆင့်ပဲလားတော့ မသိဘူး။ ကျန်းမာရေးကိစ္စကတော့ ဘာမှကို မလုပ်ပေးသေးဘူး။ တချို့ကျောင်းတွေဆိုရင် စာသင်ဖို့ ပိတ်ထားတယ်။ ရတနာပုံတက္ကသိုလ်ဆိုရင် မနက်ဖြန် စာမေးပွဲဖြေရမယ်။ ဒါပေမဲ့ ကျောင်းထဲမှာ ခုနပြောသလို တံတားတွေဘာတွေ ထိုးပေးနေတယ်။ စာမေးပွဲဖြေဖို့တော့ မရွှေ့ဘူးလို့တော့ ပြောတယ်။ တခြား အခြေခံကျောင်းတွေကတော့ ရွာကျောင်းတွေပေါ့ဗျာ အဲ့ဒီကျောင်းတွေကတော့ လောလောဆယ် ပိတ်ထားတယ်။”

ဒါ့အပြင် ဧရာဝတီမြစ်တွင်း တရွာနဲ့တရွာကို ဆွမ်းခံကြွရတဲ့ သံဃာတော်တွေအနေနဲ့လည်း နေ့စဉ်အသုံးပြုတဲ့ တံတားတွေ ရေကြီးတာကြောင့် လှေတွေကို အသုံးပြု ဆွမ်းခံကြွနေကြရပါတယ်။ တောင်သမံဘက်မှာတော့ ဈေးဆိုင်တချို့ ပိတ်ထားရတဲ့ အနေအထားနဲ့ပတ်သက်ပြီး စားသောက်ဆိုင်ပိုင်ရှင် ကိုငြိမ်းဝင်း က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရောင်းအားကျတာပေါ့အမရယ်။ ဒီဘက်ကတော့ အမ သုံးဆိုင်လောက်တော့ ပိတ်ထားရတယ်။ ကျန်တဲ့ဆိုင်တွေကတော့ အပေါ်တွေကြီးပဲ ဖွင့်ကြတယ်လေ။ အောက်ဆိုင်တွေက ရေ၀င်နေတာ။ ရေက လူတရပ် ကျော်ပြီဗျ။ အင်းဘေးမှာနေနေတဲ့ ဒေသခံတွေကတော့ အကုန်လုံး တက်ပြေးရတာပေါ့အမရယ်။ ရေက သူက နေ့ချင်းရော ညချင်းရော ၀င်တာဆိုတော့လေ။ အင်းနဲ့လွတ်ရာကို ပြေးကြရတာပေါ့။ သူတို့ကတော့ မိုးကာပြင်တဲလေးတွေနဲ့ ဖြစ်သလို နေကြရတာပေါ့။ ရေကလည်းတိုး၊ အပေါ်ကလည်း မိုးရွာဆိုတော့လေ သူတို့မှာ နည်းနည်းလေး အနေအထိုင်လေးတွေ ကျပ်တည်းတာပေါ့။”

အင်းဝဘက်မှာတော့ နိုင်ငံခြားသားခရီးသွားတွေကို လည်ပတ်ခွင့်မပေးတော့ဘဲ နိုင်ငံခြားသားခရီးသွားတွေကို မှီခိုနေရတဲ့ နယ်ခံဈေးသည်တွေ၊ မြင်းလှည်းတွေလို လက်လုပ်လက်စားသမားတွေလည်း ဝင်ငွေထိခိုက်တာကြောင့် ဒုက္ခရောက်ကြရတယ်လို့ အင်းဝဒေသခံတချို့က ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ် ရေမဝင်နိုင်အောင် အာဏာပိုင်တွေက ကာထားပေးတဲ့ သဲအိတ်တွေပေါ်တောင် ရေကလျှံလာပြီမို့ မြစ်ရေတွေမကျဘဲ မိုးဆက်လက် ရွာနေမယ်ဆိုရင် ဒီထက် အခြေအနေပိုဆိုးနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်ရှင်။

From: VOA

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

Posted by drmyochit Monday, September 16, 2013, under | 2 comments


တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင် ဒီနေရာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn   2.OpenVPNConnect (or)  2.OpenVPNConnect )  ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...

3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ

4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ

5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ
6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။
7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ
8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။


9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်




မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ

(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ  ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မေ၇းဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင် စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက် ယူ သွားမည်

Posted by drmyochit Monday, September 16, 2013, under | No comments



ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ပြောကြားနေစဉ်

  တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါ ၀င်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာ ခန်းမ တွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင် ရာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးက "တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ဘင်္ဂါလီဆိုတာ မပါဘူး။ တရုတ် ဆိုတာ မပါဘူး။ ပါကစ္စတန်ဆိုတာ မပါဘူး။ မပါတဲ့ လူတွေအားလုံးကို အခြား ဆိုတဲ့ နေရာမှာ ထည့်သွင်းကောက်ယူသွားမယ်။ ၁၃၅ မျိုးထဲမှာ မပါရင် တိုင်းရင်းသား မဟုတ်ဘူး" ဟု ပြောကြားသည်။

ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင် ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသား ဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိ တယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံ သားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။

ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင် ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။

"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြော ကြားသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှု များ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင် ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

 Eleven Media Group

ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် ကျောင်းသူ သုံးဦး သေဆုံး ပြီး ၂၀ ကျော် ဆေးရုံတက်ခဲ့ရ

Posted by drmyochit Monday, September 16, 2013, under | No comments

မိုးကြိုးပစ်ခံရပြီးနောက် စာသင်ခန်း တစ်ခန်းကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာ စာသင်ကျောင်းမကြီးအား စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်က မိုးကြိုးပစ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးခန့် နောင်ပိုအောင်ကျေး ရွာ ဆေးရုံ၌ ဆေးကုသခဲ့ရသည်ဟု သိရသည်။

"မိုးကြိုးအပစ်ခံရတဲ့ ကလေးတွေက နားမော်ရွာက ငါးတန်းကျောင်းသူတစ်ယောက်၊ ခြောက်တန်းကျောင်း သူ တစ်ယောက်၊ နောင်ကံကောင်းကျေးရွာမှ ငါးတန်းကျောင်းသူတစ်ဦး စုစုပေါင်း သုံးဦးပါ။ တခြား ကလေးတွေက အကြောတွ နာကျင်တယ်ဆိုပြီး ဆေးရုံတက်ရောက် ခဲ့ကြတာပါ။ ဆေးရုံတက်တဲ့ ကလေးတွေက အကုန်သက်သာကြပါတယ်။ ကလေးတွေ တော်တော်ကြောက်သွားတယ်" ဟု နောင်ပိုအောင်ဆေးရုံသို့ သွားရောက်ခဲ့သူ ကိုအောင်စိုးက ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ပညာရေးမှူးများ၊ မြို့ နယ်အထောက်အကူပြု အဖွဲ့များ သွားရောက်ကူညီ ပေးခဲ့သည်ဟု သိရသည်။ "အဲဒီကျောင်းမှာ အရင်နှစ်က လည်း ကျောင်းအိမ်သာကို မိုးကြိုးပစ်တာ ရှိခဲ့ဖူးတယ်။ ကျောင်းကို မိုးကြိုးလွှဲတပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဒီနယ်မှာရှိတဲ့ တခြားကျောင်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကပြောကြားသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင် ပတ်ဝန်းကျင်တွင် အပင်ကြီးများ မရှိဘဲ ကျောင်းမှာ လွင်တီးခေါင်တွင် ရှိနေပြီး ကျောင်း၏၀ရန်တာကို စတင်မိုးကြိုးပစ်ရာမှ ရေသောက်နေသော ကျောင်းသူတစ်ဦး မိုးကြိုးထိမှန်ပြီး စာသင်ခန်းအတွင်းသို့ မိုးကြိုးဝင်ရောက်ခဲ့ကာ မိုးကြိုးပစ်ချိန်တွင် မိုးရွာသွန်းခြင်း မရှိဟု သိရသည်။

"ဒီဒေသမှာ မကြာခဏ မိုးကြိုးပစ်တာ ခဏခဏ ကြုံရပေမယ့် ကျွန်တော်တို့နေခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုပါ။ မနေ့ညနေပိုင်းက နောင်ပိုအောင် ဆေးရုံမှာ နားမော်ရွာ ကလူတွေ အကူအညီ ပေးတဲ့သူတွေ အပြည့်ပဲ။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကျောင်းမှာ ဒီနေ့ သူတို့ကျောင်း ရဲ့ ပွဲတစ်ပွဲရှိတယ်။ အခုတော့ စိတ်မကောင်းစရာတွေနဲ့ ကြုံတွေ့ခဲ့ရပြီပါ့။ မိုးကြိုး အန္တရာယ်အကြောင်း အသိပညာ ပေးသင့်နေပါပြီ" ဟု နောင်ပိုအောင်ကျေးရွာမှ ကိုမျိုးဇော်က ပြောကြားသည်။ နားမော်ကျေးရွာသည် ဟုမ္မလင်းမြို့နယ် မာန်ဟုန်အုပ်စုအတွင်းတွင် တည်ရှိပြီး နောင်ပိုအောင်ကျေးရွာမှ မိနစ် ၂၀ ခန့် ဆိုင်ကယ်စီး၍ သွားရကာ လူနာများကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းမှကားဖြင့် နောင်ပိုအောင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

 Eleven Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်