Thursday, June 28, 2012

ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်

Posted by Anonymous Thursday, June 28, 2012, under | No comments

အခါလည်လွန်ရင်တမမ
      မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှရပ်ကြည့်နေမြဲ စာရေးသူမှာ ရင်မနေရတော့သည်။ ဤအခိုက်မှာပင် ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ်အခြေစိုက် International Crisis Group  ၏ ၂၀၁၂ ဧပြီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော “Reform in Myanmar: One Year On”  အမည်ရှိ စာတမ်းကိုဖတ်လိုက်ရရာ ပို၍ပင်ဂရုဓမ္မထားစောင့် ကြည့်နေမိသည်။ အဆိုပါ စာတမ်းက မြန်မာ့ဒီမိုကရက် တိုင်ဇေရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်းထိုးပြထားသလိုဖြစ်တန်ရာ  စိန်ခေါ်ချက်များ ကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါ စိန်ခေါ်ချက်များထဲမှ တစ်ခုမှာ ယခုလို “အပြောင်းအလဲများကြောင့် လူထု၏ မျှော်လင့်ချက်များမြင့်လားလာချိန်၊ ကာလတာရှည်ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန်၊ ဤကဲ့သိုသော အခြေအနေ အချိန်အခါမျိုးတွင် မတည်ငြိမ်မှုများ ထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည်...” စသဖြင့်။
  အားလုံးသိကြသည့်အတိုင်း အလုပ်သမားများ၏ သဘာဝကျသော လိုလားတောင်းဆိုမှုများ၊ မြို့ပြလူထု၏ ဖယောင်းတိုင်မီးကိုင်ဆန္ဒဖော်ထုတ်မှုများ၊ ကျောင်းသားလူငယ်များ၏ အနှစ်နှစ်အလလ မပြည့်ဝခဲ့ရသောချဉ်ခြင်း... စသည် စသည်များကို ဆက်တိုက်ဆိုသလို ကြားနေမြင်နေရရာ အရာအားလုံးကို  စာနာနားလည်နိုင်သော်လည်း စိုးရိမ်မကင်းဖြစ်ရသည်များကို မူမတားနိုင်။နိုင်ငံတကာ အတွေ့အကြုံများအရနုနယ်သော ဒီမိုကရေစီ၏ ကတိမ်းကပါးဖြစ်နိုင်ခြေများနှင့် နှိုင်းယှဉ်ချင့်တွက်ပြီး ဘုရားတနေရတော့သည်။ သို့နှင့်တိုင် စာရေးသူစိုးရိမ်သလိုကား မဖြစ်ခဲ့ပါ။ အခါလည်စ ကလေးငယ်မျှသာ ရှိသေးသောမြန်မာ့ဒီမိုကရေစီမှာ ဆိုခဲ့ပါစိန်ခေါ်ချက်များကို အံ့သြဖွယ်ကောင်းလောက်အောင် လှလှပပဖြတ်ကျော်နိုင်ခဲ့ပါသည်။ ဤအတွက် ဒီမိုကရက်တစ် စိတ်ရှည်သည်းခံမှုကို လက်တွေ့ပြသခဲ့ကြသော အစိုးရရော လူထုကိုပါ ချီးကျူးကျေးဇူတင်မိသည်။
  ဤသို့ သက်မချလို့မှ မဆုံးတတ်သေးမီမှာပင် နောက်ထပ်စိန်ခေါ်ချက်ကြီးတစ်ခုနှင့်ရင်ဆိုင် လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်ကား ယခင်ကလိုမဟုတ်လေတော့။ ဒီမိုကရက်တစ် စည်းဘောင် များကိုကျော်ကာ အကြမ်းဖက်အသွင်အဖြစ် ဦးတည်လာသည်။ သာမန်တိုးမိတိုက်မိသည့် ၀ိရောဓိလေးမှာ မပြီးနိုင်၊ မစီးနိုင် ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လေရာ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနော ရှိလာတော့သည်။ ဤကိစ္စမှာ သမိုင်းနှင့်ဆိုင်သလို လက်ရှိနိုင်ငံတကာ အခင်းအကျင်းနှင့်လည်း ဆက်စပ်နိုင် သည်ဖြစ်ရာမြန်မာ့ဇာတ်ပွဲတစ်ပွဲမှ သံဆန်းတစ်ပုဒ်လို “မပြေးသော် ကန်ရာရှိနေ၍၊ ဒွေးနှစ်ဖော်သံဝါညှိ” ကြသည်မျိုးပင် ဖြစ်ကောင်းဖြစ်လေမည်လား စဉ်းစားဖို့ရှိလာသည်။ အကယ်၍များ ညီနောင်းသားချင်းချင်း အကျေအလည်ညှိကြရမည့် ဒီမိုကရက်တိုင်ဇေးရှင်းထက် ကျော်ပြီး အမျိုးသားရေးပြဿနာဖြစ်လာမည်ဆိုလျှင် ခါတိုင်းလိုဘေးမှ ရပ်ကြည့်မနေနိုင်တော့ပါ။နိုင်ငံသား တစ်ဦး၏ အထူးစိုးရိမ်သောကဟု ဆိုရတော့မည်ဖြစ်ပါသည်။

ဇာစ်မြစ်နှင့် ဆက်စပ်အခြေအနေများ
       နာမည်ကျော်အနာဂတ္တိဆရာ ဂျော့ဖရီးမင်းက သူ၏အရောင်းသွက်စာအုပ် “ The Next 100 Years” စာအုပ်တွင် ရွှေ့ပြောင်းနေထိုင်ကြသူများဘက်မှ ၎င်းင်းတို့ရောက်ရှိရာ နိုင်ငံအပေါ်သစ္စာ ခံကြသလို သက်ဆိုင်ရာနိုင်ငံများဘက်မှလည်း သူတို့တစ်တွေကိုနိုင်ငံသား အခွင့်အရေး အဆင့်ဆင့်ပေးကြသည်သာဖြစ်ပါသည်။ သို့တိုင်အောင် Community အဖြစ်သာသဘောယူပြီ Nationality အဖြစ်ကား မည်သည့်နိုင်ငံကမှ သဘောထားကြသည်မဟုတ်ပါ။ ယနေ့အရင့်ကျက်ဆုံး ဒီမိုကရေစီ နိုင်ငံ အမေရိကမှာပင် ဤအတိုင်းဖြစ်သည်။ 
     မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်လျှင် ပုဂံခေတ်ဦးလောက်ကပင် နိုင်ငံရပ်ခြားနှင့် ကူးလူး ဆက်ဆံမှုများ ရှိသလောက်ရှိခဲ့သည်သာဖြစ်ပါသည်။ ဥပမာ- ဗျတ်ဝိ၊ ဗျတ္တဇာတ်လမ်းကိုပင်ကြည့် ..။ သူတို့ညီနောင်မှာ ပင်လယ်ဖြတ်၍ ရောက်ရှိလာသော တစ်မြေရပ်ခြားမှ ဘာသာခြားတွေ ဖြစ်သည်။ သို့တစေ ဗုဒ္ဓဘာသာဝင် ပုဂံသား  တွေက သူတို့နှစ်ယောက်ကို သူရဲကောင်းအဖြစ် ချစ်ကြသည်။ သူတို့ကွယ်လွန်သည် အထိပင်သုံးဆယ့်ခုနစ်မင်း စာရင်းသွင်းကိုးကွယ်သည် အထိချစ်ခဲ့ကြသည်။ ထားတော့ ဤဇာတ်လမ်းမှာသမိုင်းမဟုတ်၊ ပုံပြင်မျှသာဟုဆိုစေဦး၊ အခြားအထောက် အထားတွေ မနည်းမနောရှိသည်။ကုန်းဘောင်ခေတ်က ဆိုလျှင်မွတ်ဆလင် ဘာသာဝင်တစ်ဦးကိုပင် ဘုရင်ကိုယ်တိုင်က မြို့တော်ဝန်အဖြစ်မြောက်စားဖူးသည်။ အမရပူရမြို့ဝန် ဘိုင်ဆတ်။ ထို့ထက်ယနေ့ ထက်တိုင်မြန်မာလူထုမမေ့နိုင်ကြသေးသည့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့ရသော ဆရာကြီးဦးရာဇတ်မှာ မွတ်ဆလင်ဘာသာဝင်သူတော်ကောင်းကြီးဖြစ်သည်။ ဤတွင်ပြောလိုသည်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ သူရဲကောင်းဆိုလျှင် ချစ်ခင်မြတ်နိုးတတ်သည့် မြန်မာ့အစဉ်အလာ မြန်မာ့စိတ်ရင်းအကြောင်းဖြစ်ပါသည်။
  ဤအစဉ်အလာ ဤစိတ်ရင်းကိုမြန်မာတွေ ထိန်းသိမ်းကြရပါလိမ့်မည်။ လက်တွေ့ကျကျပြသ ရပါလိမ့်မည်။ ဒီမိုကရေစီနှင့်ထိုက်တန်သော လူမျိုးဖြစ်ကြောင်း ကမ္ဘာကသိစေရပါမည်။      တစ်ပြိုင်နက်တည်းမှာပင် ရှုပ်ထွေးပွေလီမာယာများလှသော ကမ္ဘာ့နိုင်ငံရေးကျားကွက်တွင် အမျိုးသားရေး သတိမမေ့မလျော့ရှိကြဖို့လည်း လိုမည်ထင်ပါသည်။ ဂရိတ်ပါဝါ ယှဉ်ပြိုင်ပွဲတွင်နိုင်ငံငယ်လေးများမြေဇာ ပင်ဖြစ်ကြရသည့် သာဓကတွေ၊ သမိုင်း၊ ဇာတ်ခုံထက်တွင် မမြင်ချင်အဆုံး တွေ့ခဲ့ရပြီ မဟုတ်ပါလော။ ဒုတိယကမ္ဘာစစ်အကြိုကာလက ဗြိတိသျှနန်းရင်းဝန် ချိန်ဘာလင်၏ ဟစ်တလာချော့မြှူရေးပေါ်လစီအရ အဲလ်ဆက်နှင့် လောရိန်း ဖက်ဆစ်ကျားစာဖြစ်ခဲ့ရသည်ကို သတိချပ်ကြရပါလိမ့်မည်။ လာတော့မည့် လွှတ်တော်အနေနှင့် အဆိုပါသတိ၊ အဆိုပါအသိဖြင့် အခါလည်သားမြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။
 
 (ဘေးမှရပ်ကြည့်မနေနိုင်တော့သည့် လူတစ်ယောက်၏ အထူးစိုးရိမ်သောက)
ကျော်ဝင်း
စာညွန်း-
၁။       ကိုလိုနီခေတ် ဘားမားဂဇက်တီးယားစာစောင်များ
၂။       The Union of Burma(Myanmar) by Hugh Timker
၃။       The Next 100 Years by- George Friedman
၎။       7DAY NEWS Journal Vol-11, No.15, June 21, 2012

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်