အနော်ရထာမင်းကြီးကို လွမ်းတယ်...
သူသာ ရှိနေသေးရင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်နဲ့ ညောင်ဦးဖီးဆိုတဲ့
စစ်သည်လေးသိန်းကို ရခိုင်ဒေသကို အမြန်သွား၊ ကျူးကျော်သူတွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင်
နှိမ်နင်းခဲ့လို့ အမိန့်တော်ချမှတ်မှာ သေချာတယ်လို့ တွေးမိပြီး ကြက်သီးမွေးညင်းတွေများတောင်
ထမိတယ်။
ကနောင်မင်းသားကြီးကို လွမ်းတယ်...
သူသာ ရှိနေသေးရင် ငါတို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်မီစက်မှုနိုင်ငံ
ဖြစ်နေလောက်ပြီ၊ ပတ်ဝန်းကျင်နိုင်ငံတွေက လေးစားအားကျရတဲ့ နည်းပညာနိုင်ငံ ဖြစ်နေလောက်ပြီလို့
ကျွန်တော်တွေးနေမိတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းတယ်....
သူသာ ရှိနေသေးရင် အခုလို လွှတ်တော်တွေမှာ ရန်ဖြစ်နေတာတွေ၊ ဟိုနေရာဆန္ဒပြ၊
ဒီနေရာဆန္ဒပြ လုပ်နေတာတွေကိုတွေ့ရင် ""ကျုပ်တို့နိုင်ငံကဖြင့် သူများတွေနောက်မှာ
အနှစ် ၄၀ လောက် ပြတ်ကျန်ရစ်ခဲ့ပြီ၊ အခုအချိန်အထိ ကျုပ်တို့လူမျိုးတွေက ရန်ဖြစ်ကောင်းနေတုန်း၊
ဝေလေလေလုပ်လို့ ကောင်းနေတုန်း၊ သူများတစ်လှမ်းလှမ်းရင် ကိုယ်တွေက ဆယ်လှမ်း၊ အလှမ်းနှစ်ဆယ်လှမ်းပြီး
ပြဲကားနေအောင် လုပ်နိုင်ပါမှ သူတို့ကိုမီမယ်၊ အခုလိုသာ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးပြီး
ရန်ဖြစ်နေကြမယ်၊ ဘာအကျိုးမှမရှိတဲ့ ဟိုနေရာစု ဒီနေရာစု၊ ဟိုအော်ဒီအော် လုပ်နေကြပြီး
အစိုးရကို အကျပ်ရိုက်အောင် လုပ်နေမယ်ဆိုရင်တော့ ကျုပ်တို့နိုင်ငံ ဖာနိုင်ငံဘ၀ကနေ ဘယ်တော့မှ
တက်မှာမဟုတ်ဘူး" လို့ ပြောဦးမယ်ထင်ပါရဲ့လို့ ကျွန်တော်ကိုဉာဏ် တွေးနေမိတယ်။
မြို့မငြိမ်းကို လွမ်းတယ်...
သူသာ ရှိနေသေးရင် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နေတဲ့ အခုလိုအချိန်မျိုးမှာ
တိုင်းသူပြည်သားတွေအားလုံး စည်းလုံးညီညွတ်စေမယ့်၊ စိတ်ဓာတ်တက်ကြွစေမယ့်၊ အားအင်တွေ
ပြည့်ဖြိုးစေမယ့် တေးသီချင်းတွေ သီကုံးရေးသားမှာပဲလို့ ကျွန်တော်ကိုဉာဏ် တွေးနေမိတယ်။
ဇော်ဂျီကို လွမ်းတယ်...
သူသာ ရှိနေသေးရင် မြန်မာတစ်ပြည်လုံးကို ဗေဒါလမ်းကဗျာ ရွတ်သံတွေနဲ့လွှမ်းခြုံပြီး
ထလော့မြန်မာ၊ မြန်မာထလော့၊ အားမပျော့နဲ့လို့ အားပေးမှာ၊ လှုံ့ဆော်မှာ၊ တိုက်တွန်းမှာ
သေချာတယ်လို့ ကျွန်တော်ကိုဉာဏ် တွေးနေမိတယ်။
လူထုစိန်ဝင်းကို လွမ်းတယ်...
သူသာ ရှိနေသေးရင် လိုတစ်မျိုး၊ မလိုတစ်မျိုး သတင်းဖော်ပြ ရေးသားတတ်ကြတဲ့၊
စတုတ္ထမဏ္ဍိုင် မပီသတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ မီဒီယာတွေကို ကလောင်ကြိမ်လုံးနဲ့
ခပ်ကြမ်းကြမ်းလေး ရိုက်နှက်ဆုံးမမှာပဲ လို့ ကျွန်တော်ကိုဉာဏ် တွေးနေမိတယ်။
အောင်ထွဋ်ကို လွမ်းတယ်...
သူသာ ရှိနေသေးရင် နိုင်ငံတော်ကြီးလည်း ပန်းတိုင်ရောက်၊ ပြည်သူတွေလည်း
ပန်းတိုင်ရောက်အောင် ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်လို့ အားပေးမှာသေချာတယ်၊ အပြောင်းအလဲအတွက်
လူထုလိုတယ်လို့ လေးလေးနက်နက်ပြောမှာ သေချာတယ်၊ ကွင်းထဲက ၂၅ ယောက် အရေးကြီးတယ်လို့ ပြောမှာသေချာတယ်၊
လာရင်းကိစ္စကို မမေ့ဖို့ သတိပေးမှာ သေချာတယ်၊ အင်စတီကျူးရှင်းတွေ အားကောင်းဖို့လိုတယ်လို့
နှိုးဆော်မှာသေချာတယ်။
မောင်စူးစမ်းကို လွမ်းတယ်...
သူသာ နိုင်ငံရေးစာပေတွေ ရေးဦးမယ်ဆိုရင် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး
သူ့ရဲ့ အတွေးအမြင်၊ အရေးအသားတွေနဲ့ ကျွန်တော်တို့တွေရဲ့ ဦးနှောက်တွေကို ဆွမှာ၊ မုန်တိုင်းဆင်မှာ
သေချာတယ်လို့ ကျွန်တော်ကိုဉာဏ် တွေးနေမိတယ်။
......ကို လွမ်းတယ်....
......ကို လွမ်းတယ်...
......ကို လွမ်းတယ်...
လွမ်းစရာတွေ များလိုက်တာဗျာ။ ဘယ်လောက်တောင် လွမ်းရသလဲဆိုရင် ကဗျာဆရာကြီး
ခင်လေးမောင်ရဲ့ ကဗျာတစ်ပုဒ်ထဲက အသုံးအနှုန်းတစ်ခုကို ကိုးကားရမယ်ဆိုရင် "လွမ်းလို့ခွေနုံး"
ပါပဲ။ ဒီမိုကရေစီခေတ်ကို ချီတက်နေတဲ့ အခုလိုအချိန်မျိုးမှာ ကိုယ့်နိုင်ငံအရေး၊ ကိုယ့်ပြည်သူအရေး၊
ကိုယ့်လူမျိုးအရေး၊ ကိုယ့်အနာဂတ်အရေး၊ ကိုယ့်မျိုးဆက်တွေရဲ့အရေး တွေးကြည့်မိလိုက်တဲ့အခါ
လား....လား.... ကျွန်တော်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် လွမ်းမိပါရဲ့ဗျာ။ ခင်ဗျားတို့ရောဗျ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ တနင်္လာနေ့။
ည ၁၁ နာရီ ၄၀ မိနစ်တွင်ပြီး၏။
0 comments:
Post a Comment