Friday, September 28, 2012

မန္တလေးမြို့၌ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ပြုလုပ်သူများကို ဖမ်းဆီး

Posted by drmyochit Friday, September 28, 2012, under | No comments



တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ ပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီး စစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေအိမ်၌ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၂၄ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ တစ်သောင်းကျပ်တန်ကို အတုပြုလုပ်၍ အသုံးပြုနေသူကို စစ်ဆေးခဲ့ရာ ပူးပေါင်းကြံစည်သူ နှစ်ဦးကိုလည်း ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျူးလွန်သူများကို မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေပြီး သုံးစွဲခဲ့သည့် တစ်သောင်းကျပ်တန် အတုများကို ပြန်လည်သိမ်းဆည်းလျက် ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်နိုင်အောင်မိုးက "တစ်သောင်းတန် ငွေစက္ကူအတုကို ကွမ်းယာဆိုင်နဲ့ တွဲပြီးရောင်းတဲ့ ဓာတ်ဆီဆိုင်တစ်ခုမှာ သူကလာဝယ်တဲ့အခါမှာ အဲဒီဆိုင်ပိုင်ရှင်က မသင်္ကာလို့ နီးစပ်ရာ ရဲကင်းကို အကြောင်းကြားခဲ့ရာက တစ်ဆင့် ခြေရာခံပြီး ဖမ်းဆီးခဲ့တာပါ။ အခုလိုမျိုး ပိုက်ဆံတွေ အတုလုပ်ပြီး လိမ်လည်ဖို့ ပစ်မှတ်ထားခဲ့တဲ့ ဆိုင်အများစုက အခြေခံမိသားစုတွေ တနိုင်တပိုင် ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်တွေ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အတုနဲ့အစစ်ကို ခွဲခြားရာမှာ အခြေခံအကျဆုံးနဲ့ အဓိက အကြောင်းအရာ တစ်ခုက အတုဆိုရင် ငွေစက္ကူအသားက အရမ်းချောမွေ့နေပါတယ်။ နောက်တစ်ခုက ငွေစက္ကူကိုထောင်ပြီး ကြည့်တဲ့အခါ အစစ်ဆိုရင် ရေစာနဲ့ လုံခြုံရေးကြိုးက သိသိသာသာ မြင်ရမှာပါ။ အတုဆိုရင်တော့ လုံခြုံရေးကြိုး ပါနိုင်ပေမယ့် ရေစာမပါပါဘူး" ဟု ပြောကြားခဲ့သည်။ "အခု ဖမ်းဆီးရမိတဲ့သူ သုံးဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက စီအိုင်ဒီကို လွှဲပြောင်းပေးခဲ့ပါတယ်။ စီအိုင်ဒီက ဆက်လက်စစ်ဆေး ဖော်ထုတ်မှုတွေ ပြုလုပ်နေပြီး သုံးစွဲခဲ့တဲ့ နေရာတွေက ငွေစက္ကူအတုတွေကို လိုက်လံပြီး ပြန်လည်သိမ်းဆည်းနေပါတယ်။ တစ်သောင်းတန် ငွေစက္ကူအတု ပြုလုပ်သုံးစွဲတာ ဒါပထမဆုံး ဖမ်းမိတဲ့ ဖြစ်စဉ်ပါ။ အတုလုပ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေက စမ်းပြီး တစ်ရွက်ချင်း သုံးနေတဲ့အချိန်မှာ ဖမ်းမိခဲ့တာ" ဟု ဆက်လက် ပြောကြားခဲ့သည်။ ငွေစက္ကူအတု ပြုလုပ်သူ သုံးဦးကို ပြည်ကြီးတံခွန် ရဲစခန်းမှ (ပ) ၅၆၃/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-က/၄၈၉-ခ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
 

 From: Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်