Tuesday, November 20, 2012

သတ္တိမွေးကြရန် ရန်ကုန်တက္ကသိုလ်တွင် အိုဘားမားတိုက်တွန်း

Posted by drmyochit Tuesday, November 20, 2012, under | No comments


မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ရောက်ရှိရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး မြန်မာပြည်သူ အနေဖြင့် စစ်မှန်သော တော်လှန်ရေး စိတ်ဓာတ်၊ ပြောင်းလဲလိုသော စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိများမွေးမြူကြရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တိုက်တွန်းပြော ဆိုလိုက်သည်။
ယနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဖိတ်ကြားခံရသော ပရိသတ် တစ်ထောင်ခန့် တက်ရောက်သည့် အခမ်းအနားတွင် ပြောကြားသော နာရီဝက်ကြာ သမိုင်းဝင်မိန့်ခွန်းတွင် သမ္မတအိုဘားမားက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ တက်ရောက်လာကြ သူများထဲတွင် သီတဂူဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ နာရေးကူညီမှု အသင်းမှဦးကျော်သူ၊ ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များမှ ထင်ရှား ကျော်ကြားသူများ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ပါဝင်သည်။ သမ္မတ အိုဘားမား၏မိန့်ခွန်းကို ပြည်တွင်း ပြည်ပ ရုပ်သံသတင်းဌာနများကလည်း တိုက်ရိုက် ထုတ်လွှင့်ကြရာ မြန်မာပြည်တွင်းသာမက နယ်စပ်တနံတလျားနှင့် ပြည်ပရောက် မြန်မာများကလည်း ကြည့်ရှုခဲ့ကြသည်။ အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံတွင် အပြောင်းအလဲမျာ; ဖြစ်ပေါ်နေသော်လည်း လွတ်ရက်ကို မျှော်လင့်နေကြသည့် ယုံကြည်ချက်အကျဉ်းသားများ၊ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြသော ဒုက္ခသည်များ၊ လျှပ်စစ်မီးမရရှိကြသူများ မရေမတွက် နိုင်အောင်ရှိနေဆဲဖြစ်ကြောင်း၊ လွတ်လပ်မှုအတိမ်အနက်ကို ရရှိဆုံးဖြတ်ပေးမည့် မြန်မာပြည်သူပြည်သားများက ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည့်အတွက် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်၊ ပြုပြင်ပြောင်းလဲလိုသော စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိမျိုးမွေးကြရန် တိုက်တွန်းသည်။
“စိန်ခေါ်ချက်တွေ အများကြီးရှိနေပေမယ့်  အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ နောက်ဆုံးကျရင် ရလာမယ့် လွတ်လပ်မှုအတိမ်အနက်ကို အဆုံးအဖြတ်ပေးရမှာက မြန်မာပြည်သူတွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဦးချင်စီတိုင်းမှာကို စစ်မှန်တဲ့တော်လှန်ရေး၊ ပြောင်းလဲလိုစိတ်တွေ စမွေးမြူပေးဖို့လိုပါတယ်။ ဒီနေရာမှာ ရှေ့က ခေါင်းဆောင်တွေပြခဲ့တဲ့ သတ္တိမျိုးရှိဖို့လိုပါတယ်” ဟု အိုဘားမားက ဆိုသည်။
မြန်မာနိုင်ငံရေးတွင် ပြုပြင်ပြောင်း လဲလိုသူများကို ခုခံတိုက်ခိုက်လိုသော သဘောထား တင်းမာသူများ ရှိလာနိုင် သော်လည်း အပြောင်းအလဲများသည် နောက်ပြန်လှည့်၍ မရနိုင်တော့ကြောင်း၊ မြန်မာ့ပြောင်းလဲမှုသည် ကမ္ဘာ့အသိုင်းအ၀ိုင်းအတွက် နမူနာကောင်းဖြစ်လာနိုင်ကြောင်း၊ မြန်မာဒီမိုကရေစီ လမ်းကြောင်းသည် အစသာရှိသေး ကြောင်းလည်း သမ္မတအိုဘားမားက ဆိုသည်။
“လာမယ့် ရှေ့ခရီးလမ်းမှာ ကြီးမားတဲ့စိန်ခေါ်မှု တွေရှိနေပါတယ်။ အပြောင်းအလဲ လုပ်လိုသူတွေကို ခုခံဆန့်ကျင်မယ့် သူတွေရှိလာမှာပါ။ ဒါပေမယ့် ယုံကြည်မှု အပြည်နဲ့ မြန်မာပြည်သူတွေနဲ့ ကျနော် ရပ်တည်နေပါတယ်။ ဒီနိုင်ငံမှာ ရွေ့လျားမှုတွေ၊ လှုပ်ရှားမှုတွေ စတင်နေပါပြီ။ နောက်ပြန်ဆွဲလို့ မရနိုင်ပါဘူး။ ပြည်သူတွေရဲ့ စိတ်အင်အားနဲ့ ဒီနိုင်ငံကို တိုးတက်အောင် လုပ်ယူပြီး ကမ္ဘာကြီးအတွက်လည်း အတုယူစရာ သင်ခန်းစာ ဖြစ်သွားလိမ့်မယ်။ ခရီးလမ်းကြီးက ရှည်ပါသေးတယ်။ ဆက်လျှောက်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။
အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအတွက် ဒီမိုကရေစီနှင့် ထိုက်တန်သော အခွင့်အရေးနှင့် အနာဂတ်များကို ပိုင်ဆိုင်စေလိုကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ဆာနေသော ဗိုက်၊ ဟာနေသော ၀မ်းကို ဖြည့်ပေးရုံမျှမဟုတ်ဘဲ လူထု၏ ကြွယ်ဝမှုအတွက် လူထုတင်မြှောက်ထားသော အစိုးရက လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း လည်း ဆိုသည်။
“မြန်မာပြည်သူတွေ လှမ်းကိုင်ရမယ့် အနာဂတ်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတဦး တည်းရှိနေရင်တောင်မှ များလှပါပြီဆိုတဲ့ အနာဂတ်။ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုလို့ ခိုင်မာအားရှိတဲ့အနာဂတ်၊ တာဝန်ခံတဲ့ အစိုးရတွေ၊ ဘယ်ကလေးမှ စစ်သားမလုပ်ရ၊ ဘယ်အမျိုးသမီးမှ ခေါင်းပုံမဖြတ်ခံရတဲ့ အနာဂတ်၊ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အနာဂတ်၊ အရပ်သားများရဲ့ လက်အောက်မှာ အလုပ်အကျွေးပြုနေတဲ့ တပ်မတော်ကသာ နိုင်ငံတော်လုံခြုံရေးကို ခိုင်မာစေတဲ့ အနာဂတ်၊ လူထုက ရွေးကောက် တင်မြှောက်လိုက် သူများကသာ အုပ်ချုပ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးတဲ့ အနာဂတ်ကို ဆိုလိုပါတယ်” ဟု သမ္မတအိုဘားမားက ဆိုသည်။
တိုင်းရင်းသားများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ အတူတကွ ပါဝင်တက်ရောက်ခဲ့သည့် အခမ်းအနားတွင် အမေရိကန်သမ္မတက တိုင်းပြည် ဒီမိုကရေစီအရေး ချီတက်ရာတွင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးသည် အရေးကြီးပြီး အမျိုးသားပြန် လည်သင့်မြတ်ရေး မရှိလျှင် ပြုပြင်ပြောင်းလဲရေး အောင်မြင်မည် မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအတွက် ထူးခြားသော အခွင့်အလမ်းများ ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကြာမြင့်သော စစ်ပွဲများကြောင့် မရေမတွက်နိုင်သော လူ့အသက်များစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း ပြောသည်။
“အမျိုးသား ပြန်လည်သင့်မြတ်မှု မရှိဘဲ ဘယ်ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ပါဘူး” ဟု သမ္မတအိုဘားမားက ပြောဆိုသောအခါ ပရိသတ်က ဩဘာပေးခဲ့ကြသည်။ ရခိုင်ပြည်နယ် အရေးကိစ္စကို ထည့်သွင်းပြောကြားရာတွင် ယခင်စစ်အစိုးရ၏ တရားလွန် ညှင်းပန်းနှိပ်စက်မှုများ နှင့်ဆက်စပ်နေပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်ချက်များကို ကြိုဆိုပါကြောင်း၊ ရိုဟင်ဂျာများကို လူသားအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာဖြင့် ရပ်တည်ခွင့်ပေးရမည် ဖြစ်ကြောင်း၊ မတူကွဲပြားခြားနားမှုသည် နိုင်ငံအတွက် အင်အားဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအကြား ပြန်လည်ရင်ကြားစေ့ရေး အချိန်ယူရမည်ဟု ပြောဆိုသွားသေးသည်။
“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကိုမြင်နေရပါတယ်။ ရခိုင် တိုင်းရင်းသားများ အပါအ၀င် ဒီပြည်နယ် လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက် မှုဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လို သူတို့မှာလည်း သူတို့ဂုဏ်သိက္ခာနဲ့ သူတို့ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့်တို့ အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက်  ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီး သွေးထိုးလှုံ့ဆော်မှုတွေ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ” ဟု အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး လူမည်းသမ္မတက ဆော်ဩခဲ့သည်။
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ကိုလည်း မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းလျှောက်လှမ်းရာတွင် မြန်မာစစ်တပ်ကို လူ့အခွင့် အရေးများကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်စေရေး ကူညီသွားမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်တွင် တပ်မတော်သည် အရပ်သားထိန်းချုပ်မှု အောက်တွင်ရှိနေပြီး သမ္မတမှအစ ဆင်းရဲသားအဆုံး တရားဥပဒေကို လိုက်နာကြရသည်ဟု ရှင်းလင်းပြောဆိုသည်။
“ဒီမိုကရေစီခရီးကို ချီတက်ရာမှာ အရပ်သား လူ့အဖွဲ့အစည်းကို အားရှိလာအောင် ကျနော်တို့ ကူညီထောက်ပံ့မှု အသုံးပြုပြီးတော့ သော်လည်းကောင်း၊ တပ်မတော်ကိုလည်း စည်းစနစ်ကောင်းတဲ့ ပရော်ဖက်ရှင်နယ် တပ်ဖြစ်အောင် ပြုလုပ်ပြီး လူ့အခွင့်အရေးများ လိုက်နာလေ့ကျင့်ခြင်း ဖြင့်လည်းကောင်း၊ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ခရီးရောက်ရေးမှာ စီးပွားရေးနဲ့ ချိတ်ဆက်တဲ့ အကျိုးဆက်တွေကို ဖော်ဆောင်ပေးခြင်းဖြင့် လည်းကောင်း အမေရိကန်နိုင်ငံက ဒီလမ်းကြောင်း ဖော်ဆောင်ရေးကို ကူညီသွားမှာပါ´ ဟု အိုဘားမားက ဆိုသည်။
မြန်မာနိုင်ငံအဖို့ “ကနဦးသစ်၏ အင်အား”ကို ကမာကိုပြရန် အခွင့်အခါသင့်ပြီဟု တိုက်တွန်းပြောကြားရင်း မြန်မာလို “မဂ်လာပါ”ဟု အစချီပြီး “ကျေးဇူးတင်ပါတယ်”ဟု မိန့်ခွန်းကို အဆုံးမသတ်မီ “ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်” ဟု ကိုယ်ပိုင်ဘဝနှင့် နိုင်ငံသမိုင်းတို့နှင့် ယှဉ်၍ ပြောကြားသွားခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်