Tuesday, November 20, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၁၅)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

Posted by drmyochit Tuesday, November 20, 2012, under | No comments


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ညနေပိုင်းတွင် Peace Palace တတိယထပ် Champa Room  ၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့်အတူ တက်ရောက်သည်။
       အစည်းအဝေး မစတင်မီ အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံ့ အကြီး အကဲ၊ အစိုးရအဖွဲ့အကြီး အကဲများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ်တို့သည် အာဆီယံ-တရုတ်ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
       ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်က ဒေသဆိုင်ရာ အဖွဲ့အစည်းအဖြစ် ဝင်ရောက်စဉ်ကပင် အာဆီယံ-တရုတ် ဆက်ဆံရေးအား  တိုးမြှင့်ရေးတွင် နိုင်ငံအများနှင့် လက်တွဲလုပ်ကိုင်ခဲ့သကဲ့သို့ အစဉ် တစိုက် တရုတ်နိုင်ငံအား ထောက်ခံခဲ့ပါကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှု သည် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အနာဂတ်မျိုးဆက်နှင့် ပြည်သူလူထုကို အကျိုးကျေးဇူးပြုမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေး သည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့်၊ တည်ငြိမ်ရေးနှင့် ဖံွံ့ဖြိုးတိုးတက်ရေး တို့အတွက် အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။
       မိမိတို့အနေဖြင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဲခေါင် ဒေသ နိုင်ငံများအကြား တောင်နှင့်မြောက် စီးပွားရေးစကြံ  ဖွံ့ဖြိုးတိုးတက်ရေး အရှိန် တိုးမြှင့်ရေးကို  ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ယင်းမျက်နှာစာများသည် အာဆီယံပေါင်းစပ် ဆက်သွယ်ရေး မဟာစီမံကိန်း အောင်မြင်ရေးတွင် တရုတ်နိုင်ငံ၏ အလွန်အရေးပါသည့် အခန်းကဏ္ဍကို ဖော်ညွှန်းနေပါကြောင်း၊ မိမိတို့အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက်ပြုပြီး မဟာစီမံချက် အကောင်အထည်ဖော်ရန် တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
       နန်နင်းမြို့တွင် ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် တာဝန်ယူခဲ့သည်ကို ဂုဏ်ယူမိပါကြောင်း။ နန်နင်းမြို့တွင် မိမိတို့ အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ-တရုတ်ကုန်သွယ်ရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ချမှတ်ထားသည့် မိမိတို့၏ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ပါကြောင်း။
       အာဆီယံ-တရုတ်ဆက်ဆံရေး တိုးတက်မြှင့်တင်ရေးကို အစဉ်တစိုက် ကြိုးပမ်းပံ့ပိုး ပေးသည့် အဆွေတော် ဝန်ကြီးချုပ် ဝမ်ကြားပေါင်ကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြား လိုပါကြောင်း၊ အဆွေတော်သည် အာဆီယံ၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါ ကြောင်း၊ အဆွေတော်အနေဖြင့် အနာဂတ်တွင် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ သာယာချမ်းမြေ့မှု များနှင့် ပြည့်စုံပါစေကြောင်းဖြင့် ဆန္ဒပြပါကြောင်း၊ လာမည့်အနာဂတ် ကာလများတွင်လည်း တရုတ်နိုင်ငံ၏ ခေါင်းဆောင်သစ်များနှင့်အတူ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။   

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်