မြန်မာနိုင်ငံ၏
ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ကန်ဒေါ်လာ ၁၆၅ သန်းကို အတိုးမဲ့ နှစ် ၄၀ သက်တမ်းဖြင့်
ထုတ်ချေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ကန်သန်ရှန်ကာက
ထုတ်ဖော် ပြောကြားလိုက်သည်။ နိုဝင်ဘာ ၂ ရက်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့်
ကမ္ဘာ့ဘဏ်၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့
ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အတိုးမဲ့ချေးငွေကို နှစ်ရှည်စီမံကိန်းနဲ့ ထုတ်ချေးပေးဖို့အတွက်
ကမ္ဘာ့ဘဏ်အဖွဲ့က အတည်ပြုလိုက်ပါပြီ” ဟု မစ္စတာကန်သန်ရှန်ကာက ပြောသည်။ အဆိုပါ အတိုးမဲ့ချေးငွေ
ကန်ဒေါ်လာ ၁၆၅ သန်းကို နှစ် ၄၀ စီမံကိန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး ဝန်ဆောင်ခအဖြစ်
ဝ ဒသမ ၇၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိအချိန်မှာတော့ ဘယ်စီမံကိန်းတွေအတွက်
ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ လေ့လာတုန်းပဲ ရှိပါသေးတယ်” ဟု ယင်းက ထပ်မံပြောသည်။
ယင်းအပြင် ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံ ကြွေးမြီများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊
ဂျပန်အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း
(IDA) မှ ရရှိနိုင်မည့် ငွေကြေးများနှင့် အခြားအရင်းအမြစ်များကို ရရှိနိုင်ရန်အတွက်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာ့ဘဏ်မှ ကြားဖြတ်မဟာဗျူဟာ အစီအစဉ်တစ်ရပ်အဖြစ်
နောင်လာမည့် ၁၈ လအတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်ဆိုင်နေရသော အခက်အခဲများကို
ကျော်လွှားနိုင်ရန် ကန်ဒေါ်လာ သန်း ၈၀ ကို ထောက်ပံ့ပေးနိုင်ရန်အတွက် နိုဝင်ဘာ ၂ ရက်တွင်
ကမ္ဘာ့ဘဏ်မှ ကတိပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်ကို
ပေးရန် ကျန်ရှိသည့် ကြွေးမြီမှာ ကန်ဒေါ်လာ သန်း ၄၀၀ ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ်ကို
ကန်ဒေါ်လာ သန်း ၅၀၀ ပေးရန်တို့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပေးရန် ကျန်ရှိသည့်
အကြွေးမြီ စုစုပေါင်း (အတိုးပါ)မှာ ကန်ဒေါ်လာသန်း ၁၅ ဘီလီယံကျော် ရှိကြောင်း သိရှိရသည်။
Time in Rangoon


0 comments:
Post a Comment