Monday, November 12, 2012

ဒေလီရှိ မြန်မာများကို ဒေါ်စု မိန့်ခွန်းပြောမည်

Posted by drmyochit Monday, November 12, 2012, under | No comments


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အိန္ဒိယ နိုင်ငံရောက် မြန်မာများအား မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
အဆိုပါ မြန်မာဒုက္ခသည်များအား နယူးဒေလီမြို့ Vikaspuri ရပ် Oxford ကျောင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် က တွေ့ဆုံမည် ဖြစ်ကြောင်း ၁၉၉ဝ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဒေါက်တာတင့်ဆွေ က ပြောသည်။ “နိုဝင်ဘာ ၁၆ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် တခြား အစီအစဉ်တွေ ရှိပါမယ်။ Community (အသိုင်းအဝိုင်း)နဲ့တွေ့ဖို့ ဒီ Oxford ကျောင်းကို လာမှာပါ။ အချိန် နာရီဝက်လောက် ရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က လုပ်ပေးနိုင်ရင်တော့ အချိန်ပိုရမှာပေါ့လေ။ ကျနော်တို့က မိသားစုအားလုံးနဲ့ စုံစုံညီညီ ညီညီညွှတ်ညွှတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတာပဲ ပြပြီးတော့ အဓိက ကတော့ ဒေါ်အောင်ဆန်း စုကြည် ပြောမယ့် မိန့်ခွန်းစကား၊ မှာကြားစကားကို နားထောင်မှာပဲ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ တက္ကသိုလ်ဝင်တန်းကျောင်း ဖြစ်သည့် Oxford Senior Secondary School ကို ၁၉၆၄ ခုနှစ် စာပေဗိမာန်ဆုရ ဘာသာပြန် စာရေးဆရာ ဦးမောသီရိ က ထူထောင် ဖွင့်လှစ်ခဲ့ပြီး ဆရာကြီးသည် All India Radio (AIR) မြန်မာပိုင်း ဌာနတွင် ဌာနမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။
“ဒီကျောင်းကို တည်ထောင်တဲ့ ဆရာဦးမောသီရိဟာ ဒီမိုကရေစီရေးမှာ ၁၉၈၈ ခုနှစ်ကတည်းက ကွယ်လွန်ချိန်ထိ ထိပ်ဆုံးကနေ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ အမျိုးသား တဦးလည်း ဖြစ်တယ်။ ဒီကျောင်းမှာလည်း ဗမာဒုက္ခသည် ကျောင်းသားတွေကို အခမဲ့ သင်တာရှိတော့ကာ ဒီနေရာဟာ အားလုံးပဲ အဆင်ပြေမယ် ဆိုပြီးတော့ကျောင်းကို ဦးစီးနေတဲ့ ဆရာမကြီးနဲ့ မိသားစုကို ညှိပြီးတော့ အိန္ဒိယအစိုးရရော သုံးဦးသုံးဖလှယ် ပေါ့လေ။ နောက်ဆုံး အားလုံးက လက်ခံ သဘောတူညီပြီးတော့ ဆုံးဖြတ်တဲ့နေရာ ဖြစ်ပါတယ်”ဟုရှင်းပြသည်။
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓစာပေများ လာရောက်သင်ကြားနေသည့် သံဃာတော်များ အပါအဝင် ဒေလီရှိ တိုင်းရင်းသား မိသားစု အားလုံးအပြင် မြန်မာပြည်မှ အိန္ဒိယသို့ ပြန်လာသည့် အိန္ဒိယ-မြန်မာနွယ်ဖွားများလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ မိန့်ခွန်းကို လာရောက် နားထောင်ကြမည်ဖြစ်ကြောင်း သိရသည်။
လူဦးရေ ၁,ဝဝဝ ကျော် လာရောက်မည်ဟု ခန့်မှန်းထားပြီး နေရာထိုင်ခင်း၊ လုံခြုံရေးနှင့် အချိန်အကန့်အသတ် ရှိသော်လည်း အကောင်းဆုံးဖြစ်အောင် Oxford ကျောင်းက စီစဉ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။
“အချိန်ရမယ်ဆိုရင် မေးချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် အချိန်ပေးပြီးတော့ ဖြေနိုင်ဖို့ ပါဝင်ပါမယ်။ အဓိက ကျနော်တို့ ဗမာပြည်က ရောက်နေကြတဲ့ ဒုက္ခသည်တွေ အရေးကိုလည်းပဲ သက်ဆိုင်တဲ့ အိမ်ရှင်နိုင်ငံနဲ့ တခြား သက်ဆိုင်တဲ့ သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပေးမယ့်စကားကို ဒီဒုက္ခသည်တွေက စောင့်စားနေ တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် ၁ဝ,ဝဝဝ ကျော် ရှိပြီး အများအပြားမှာ စက်ရုံအလုပ်ရုံ အလုပ်သမား၊ သန့်ရှင်းရေး၊ သောက်ရေသန့်ပို့၊ စားပွဲထိုး၊ ဒရဝမ်နှင့် အိမ်အကူ စသည့် အလုပ်များ လုပ်ကိုင်နေကြရသည်။ နိုဝင်ဘာ ၁၆ ရက်နေ့တွင်ပင် နယူးဒေလီမြို့၌ ဒေါ်အောင်ဆန်းစုကြည်၏ ဆုရငွေများဖြင့် မတည် ဖွင့်လှစ်ထားသော Prospect Burma အလွတ်စာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၃ ခုနှစ်၊ ဂျဝါဟာလာ နေရူး နိုင်ငံတကာ နားလည်မှုဆု၊ ၁၉၉၆ တွင် ရာဂျစ်ဂန္ဓီ ငြိမ်းချမ်းရေးဆု၊ ၁၉၉၇ တွင် ဒေလီ တက္ကသိုလ် ထူးချွန်ကျောင်းသူဆု၊ ၂ဝဝ၇ တွင် ဆူဘတ်ချန်ဒရာဘို့စ် ဆုနှင့် ၂ဝဝ၉ ခုနှစ် မဟတ္တမဂန္ဒီ ငြိမ်းချမ်းရေးဆုတို့ကို ဒေါ်အောင်ဆန်းစုကြည် အား အိန္ဒိယ က ချီးမြှင့်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံနှင့် အလွန်နက်ရှိုင်းသော ဆက်နွယ်မှု ရှိပြီး ဗြိတိသျှ ကိုလိုနီ လက်အောက် မှ လွတ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံ လွတ်မြောက်ရေး တိုက်ပွဲဝင်ခဲ့ကြပုံကို အားကျ အတုယူခဲ့ကာ မဟတ္တမဂန္ဓီကြီး၏ အကြမ်းမဖက် တိုက်ပွဲဝင်ရေးဝါဒကို သက်ဝင် ယုံကြည်သူ တဦးလည်း ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်