Wednesday, February 13, 2013

ကလေးတွေရဲ့ စူးစမ်းလိုစိတ် အားပေးတတ်ဖို့ ဒေါ်စု တိုက်တွန်း

Posted by drmyochit Wednesday, February 13, 2013, under | No comments



ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ဖြစ် သလို မြန်မာ နိုင်ငံရဲ့ ကလေးများ နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့ ကလေးများ နေ့အတွက် ရည်စူးပြီးတော့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည် က ဗွီဒီယို မိန့်ခွန်း သ၀ဏ်လွှာ ထုတ်ပြန်ခဲ့တာမှာတော့ မြန်မာကလေးတွေ အနေနဲ့ ကိုယ့်ဘာသာကိုယ် စဉ်းစားတတ်ကြဖို့နဲ့ လူကြီးတွေအနေနဲ့ကလည်း ကလေးတွေရဲ့ စူးစမ်းလိုစိတ်၊ သိလိုစိတ်တွေကို အားပေးတတ်ကြဖို့ တိုက်တွန်းသွားပါတယ်။

ကလေးများနေ့မှာ မြန်မာကလေးငယ်တွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာတွေ ကိုတော့ ဒေါ်လှလှ သန်း က တင်ပြထားပါတယ်။

ဖခင် ရှေ့နေ ဦးဖာ၊ မိခင် ဒေါ်စုကနေ မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ ၁၉၁၅ ခု ဖေဖော်ဝါ ရီလ ၁၃ ရက်နေ့ နတ်မောက်မြို့ မကွေးတိုင်းမှာ မွေးဖွားခဲ့တာမို့ ဗိုလ်ချုပ်သာ ၁၉၄၇ ခု ဂျူလိုင်လ ၁၉ ရက်နေ့က လုပ်ကြံမခံခဲ့ရဘူးဆိုရင် ဒီနေ့ဆို အသက် ၉၈ နှစ် ပြည့်မှာပါ။

ဗိုလ်ချုပ်ရဲ့ မွေးနေ့ကို ကလေးများနေ့လို့ သတ်မှတ်ရာမှာ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင် ဆန်းစုကြည် က သူ့ဖခင်ရဲ့ မွေးနေ့ကို ကလေးများနေ့အဖြစ် ဆင်နွှဲရတဲ့ အနှစ်သာရကို အခုလို ဗွီဒီယို မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။

“ကလေးတွေအနေနဲ့က အဓိက အရေးကြီးတာက ဖေဖေ့ကို ဘာဖြစ်လို့ ပြည်သူပြည်သားတွေ က၊ နိုင်ငံသူ နိုင်ငံသား တွေက အခုထိ ချစ်ကြသလဲ၊ မြတ်နိုးကြသလဲ၊ လေးစားကြသလဲ အဲ့ဒါကို စဉ်းစားရမယ်။ ဘာလို့လဲ ဆိုတော့ ဖေဖေ ဆုံးသွားတာလည်း ကြာပြီ၊ ဖေဖေနေခဲ့တဲ့ အသက်နဲ့စာလို့ရှိရင် ဖေဖေမ ရှိတော့တဲ့ အချိန်က အများကြီး ပိုများတယ်။ ၃၃ နှစ်မတိုင်ခင်က ဆုံးသွားခဲ့တယ်။ အခုထိသာ သက်ရှိ ထင်ရှား ရှိမယ် ဆိုရင် ၉၈ နှစ်၊ ပြီးတော့ ဒီဟာတောင်မှ ကျမတို့ နိုင်ငံမှာ ဖေဖေ့ကို မမေ့နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အဲ့ဒါ ဘာကြောင့်လဲဆိုတာကို ကလေးတွေကို စဉ်းစားစေချင်ပါတယ်။ ကိုယ် လည်း ဒီလို ကိုယ်မရှိတဲ့ အချိန်မှာတောင် ဆက်ပြီးတော့ ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်နိုင် အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားကြပါ။”

ဒါ့အပြင် ကလေးများကို ပြုစုပျိုးထောင်ရာမှာ ကလေးများရဲ့ သိချင် တတ်ချင်ကြတဲ့ စိတ်ဓာတ် ကိုလည်း လူကြီးတွေ အနေနဲ့ ပြုစုပျိုးထောင်ပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း သွားပါတယ်။

“ကလေးတွေကို ဒီလို စဉ်းစားရမယ်၊ ဟိုလို စဉ်းစားရမယ် မပြောချင်ဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစား တတ်အောင်လို့ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ လူတွေကလည်း ကလေးတွေ စဉ်းစားတတ်အောင် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါ။ ကလေးတွေ သိချင်တဲ့ စိတ်တွေကို အားပေးကြပါ။ စိတ်မရှည်ဘဲနဲ့ ဒါတွေ မမေးနဲ့၊ ဟိုဟာတွေ မမေးနဲ့၊ သိပ်ပြီးတော့ မေးခွန်း မထူနဲ့ ဆိုတဲ့ ပုံစံနဲ့ ကလေးတွေကို မဆက်ဆံပါနဲ့။ ကလေး များ သိချင်တဲ့စိတ်ရှိမှ၊ တတ်ချင်တဲ့စိတ်ရှိမှ၊ စူးစမ်းလေ့လာချင်တဲ့ စိတ်ရှိမှ ကျမတို့ နိုင်ငံအတွက် စိတ်ချ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကလေးများနေ့မှာ လူကြီးတွေကလည်း သင်ယူစရာရှိတာကို သင်ယူပြီး တော့ ကလေးတွေနဲ့အတူတူ ကျမတို့နိုင်ငံရဲ့ အနာဂတ် ရွှင်လန်းဖို့အတွက်၊ ချမ်းမြေ့ဖို့အတွက်၊ တောက်ပဖို့ အတွက် ၀ိုင်းပြီးတော့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို မြန်မာကလေးများနေ့အဖြစ် အရင် စစ်အစိုးရလက်ထက်က ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလေ့ မရှိပေမဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံတကာမှာရှိတဲ့
မြန်မာ့ လူ့ အခွင့် အရေး လှုပ်ရှားသူတွေကတော့ စာစီစာကုံး ပြိုင်ပွဲတွေ၊ ကဗျာရွတ်ပြိုင်ပွဲတွေနဲ့ ဆင်နွှဲ ခဲ့ကြတာ တွေ့ရပါတယ်။

ကလေးများနေ့မှာ မြန်မာကလေးများ အခြေအနေက ဘယ်လိုရှိပါသလဲဆိုတာကို မေးပါရစေ။
မြန်မာ နိုင်ငံရဲ့ သန်း ၆၀ ခန့်ရှိတဲ့ လူဦးရေအနက် ၂၅ ရာခိုင်နှုန်းဟာ အသက် ၁၄ နှစ်အောက် ကလေး တွေ ဖြစ်ကြ ပါတယ်။ ကုလသမဂ္ဂရဲ့ ယူနီဆက်ဖ် ကိန်းဂဏန်းတွေ အရတော့ ကလေးများ ကျန်းမာရေး နဲ့ပတ်သက် လို့ မွေးကင်းစ ကလေးများနဲ့ အသက် ၅ နှစ်အောက် ကလေးတွေ သေဆုံး မှုနှုန်းဟာ မြန်မာ နိုင်ငံမှာ မြင့်မားဆဲဖြစ်ပြီး၊ ဒီလို သေဆုံးမှုတွေနဲ့ ၅၀ ရာခိုင်နှုန်းဟာ ကုသနိုင်၊ ကာကွယ်နိုင်တဲ့ ရောဂါ တွေကြောင့် ဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ မူလတန်းပညာဟာ မသင်မနေရ ဖြစ်ပေမဲ့လို့လည်း မူလတန်းကျောင်း တက်တဲ့ ကလေး တွေအနက် တ၀က်သာသာပဲ မူလတန်းကျောင်း ပြီးကြတယ် လို့ ယူနီဆက်ဖ် မှာ ဖော်ပြထား ပါတယ်။ အထူးသဖြင့် ကလေးတွေဟာ မိသားစု ချို့တဲ့ တဲ့အတွက်ကြောင့် ပညာသင်စရိတ် မတတ် နိုင်ကြတာ၊ မိသားစုဝင်ငွေအတွက် ၀ိုင်းရှာရတဲ့ ကလေးများအနေနဲ့ ဈေး ဆိုင်၊ စက်ရုံ၊ လက်ဖက်ရည်ဆိုင်၊ လယ်ယာ အစရှိသည်တို့မှာ လုပ်ကိုင်ကြရတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံမှာ ကလေးလုပ်အား အသုံးပြု မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေ တာ တွေ့ရပါတယ်။

ဒါ့အပြင် ကလေးများနဲ့ပတ်သက်လို့ ကလေးလုပ်အား ခေါင်းပုံဖြတ်ခံရမှု၊ ကလေးများ လူကုန်ကူးခံရမှု ဟာ လည်း ပြဿနာတရပ် ဖြစ်နေတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြ ပါတယ်ရှင်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်