Wednesday, February 13, 2013

အငြင်းပွားမှုများရင်ဆိုင်နေရသည့် ပိတောက်ပင် ရေနံမြေ

Posted by drmyochit Wednesday, February 13, 2013, under | No comments

မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပိတောက်ပင်ရေနံမြေတွင်လုပ်ကွက်ရှင်များနှင့် ကုမ္ပဏီပိုင်ရှင်အကြား ရေနံ တူးဖော်ရေး လုပ်ငန်းများအတွက် စလစ်လျှောက်မှုတွင် အငြင်းပွားမှုများ ဖြစ်ပေါ် နေကြောင်း ဒေသခံ များထံက သိရသည်။

"ကျွန်တော်တို့ လုပ်ကွက်တွင်းအတွက် စလစ်လျှောက်တယ်။ စလစ်လျှောက်ရင်လည်းသူတို့က ရင်နှီးတဲ့ သူတွေ ကိုပဲ စလစ်ချပေးတယ်။ ကျွန်တော်တို့ လျှောက်ရင် မချပေးဘူး။"ဟု ပိတောက်ပင် ရေနံလုပ်ကွက်မှ ဦးမျိုးသန်း ထွန်းက ပြောသည်။

ရေနံတူးဖော်လုပ်ကိုင်သူများသည် ကုမ္ပဏီသို့ တူးဖော်လုပ်ကိုင်ခွင့် စလစ် (ပါမစ်)ရရှိရန် လျှောက်ထားရပြီး စလစ်လျှောက် ထားစဉ် ကောက်ယူသော အခကြေးငွေများ၏ ၀န်ဆောင်မူ များ မရရှိကြောင်း လုပ်ငန်းရှင် တို့က ဆိုသည်။

လုပ်ကွက် တွင်း တစ်တွင်း အတွက် စလစ်ဈေး ကျပ် သုံးသိန်းပေးဆောင် ရကာ မီးဘေးအန္တရာယ်နှင့် အခြား ဝန်ဆောင် မှုများ အတွက် စုစုပေါင်း ကုမ္ပဏီသို့ ကျပ်ငွေ(၆)သိန်း ပေးဆောင်ရခြင်းဖြစ်သည်။

“ပါမစ်လျှောက်လို့ အဆင်မပြေဘူး ဆိုတာက ကျွန်တော်တို့က စည်းကမ်းနဲ့ကိုင်တာ ကျန်တာ ဘာနဲ့မှမ ကိုင်ဘူး။ စည်းကမ်း တကျလုပ်တဲ့ သူ ဘယ်သူမဆိုလာခဲ့ အကိုတို့ ထုတ်ထားတဲ့ စည်းကမ်းတွေကို ဖတ်ကြည့် မမျှတ ရင်တိုင်လိုက်။ အစိုးရက သူ့စည်းကမ်းနဲ့သူလုပ်ပါဆိုတာကို အကိုတို့က အဲဒီအတိုင်း လိုက်လျော ညီထွေအောင် လုပ်ရမှာပဲ ဘောင်ဝင်တဲ့အခါကျရင် လုပ်ကိုင်ခွင့် ဆက်ရမယ်။ ဘောင်မ၀င်ရင် ဆက်လုပ် လို့ မရဘူး။ ဒီသဘောပဲရှိမယ်”ဟု ရွှေရာသီကုမ္ပဏီဘက်မှ ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်း ဝင်းက ရှင်းလင်းပြောကြားသည်။

လုပ်ကွက် လုပ်ကိုင်လိုသူများအနေဖြင့် စလစ်လျှောက်ထားရာတွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များကို သဘောတူကြောင်း လတ်မှတ်ရေးထိုးခိုင်းခဲ့ရကြောင်း အဆိုပါအချက်များ အား ကြည့်ကာ စည်းကမ်း လိုက်နာနိုင် ပါက မည်သူမဆို ခွင့်ပြုပေးလျက်ရှိကြောင်း ရွှေရာသီကုမ္ပဏီက ပြောသည်။

ရေနံတူးဖော်ရာတွင် စည်းကမ်းချက်ပါအတိုင်း ရေနံစိမ်းများကိုကုမ္ပဏီသို့ ချက်ချင်း၊ နေ့ချင်း ရောင်းချရမည်။ မည်သည့်အကြောင်းပြချက်နှင့်မှ "မရောင်းသေး"ဟု ငြင်းပယ်ခြင်း မပြုဟု သတ်မှတ်ထားသော အချက်မှာ လည်း လုပ်ငန်းရှင်နှင့် ကုမ္ပဏီအကြား မပြေလည်မူများ ဖြစ်ပေါ်စေခဲ့သည်။

"ကျွန်တော်တို့က ထွက်သမျှရေနံတွေကို အပြင်ကို မရောင်းဘူး။ ဒါပေမယ့် ကုမ္ပဏီကလည်း အကုန်လုံး မသိမ်းနိုင် ဘူး၊ အဲတော့ လောင်ထားကြရတယ်။ မီးဘေးအတွက် အန္တရာယ်ရှိတယ်။ ဒီတော့ အပြင် ပုဂ္ဂလိက ကိုရောင်း အဲတော့ တရားမ၀င်ဘူးဆိုပြီး ဖမ်းတယ်။ အရေးယူတာတွေ ဖြစ်လာတယ်"ဟု ပိတောက် ပင် ရေနံလုပ်ကွက်မှ ဦးတင့်က ပြောသည်။

အဆိုပါ ရေနံလုပ်ငန်းရှိ လုပ်ကွက်များတွင် မကြာခဏမီးလောင်မှုများဖြစ်ပေါ်လျက်ရှိပြီး မီးလောင်မှု များအတွက် ကုမ္မဏီမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိပဲ လုပ်ကွက်ပိုင်ရှင်များကသာ တာဝန်ယူနေရကြောင်း မီးဘေး သင့် လုပ်ကွက်ပိုင်ရှင်များထံမှ သိရှိရသည်။

“ကျွန်တော့်တို့ လုပ်ကွက် မီးလောင်တာ ဆုံးရှုံးမှု အရမ်းများတယ်။ ဒါကိုလည်း ကုမ္မဏီက တာဝန်ယူ ဖြေရှင်းပေး မှု မရှိဘူး။ ဒဏ်ရာရတဲ့ အလုပ်သမားတွေအတွက်လည်း ကိုယ်အိပ်ထဲကပဲ စိုက်သုံး ရတယ်။ ကျွန်တော် တို့ ခလေးတွေအတွက် သောက်သုံးရေတွေ ဘာတွေလည်း လုံလောက်အောင် မပေးဘူး။” ပာု လုပ်ကွက်ပိုင် ရှင်တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ကုမ္ပဏီအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့က ကုမ္ပဏီဖြစ်တယ်။ သူတို့ကို လုပ်ပိုင် ခွင့်ပေးဖို့ စလစ်ပေးဖို့ပဲတာဝန်ရှိတာ။ တချို့ကိစ္စတွေ ကျတော့ ကျွန်တော်တို့မှာ တာဝန်မရှိဘူး။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မီးဘေး အတွက်လုပ်ကွက်တွေမှာ ၀င်ထွက်သွား လာလွယ် ကူဖို့အတွက် လမ်းမကြီးတွေ ဖောက်ထားတယ်။ မီးသတ်ကား တွေလည်း အသင့်ထားထားတယ်"ဟု ရွှေရာ သီ ကုမ္ပဏီ ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းဝင်းက ဆက်ပြော သည်။

ရေနံ တစ်ပေပါကို ကျပ် (၈) သောင်း ကုမ္ပဏီမှ ပေးဝယ်ကာ မှောင်ခိုဈေးကွက်တွင်မူ ကျပ် (၁) သိန်းခန့် ဝယ် ယူကြောင်း သိရသည်။

အဆိုပါ လုပ်ကွက်များအတွက် ရွှေရာသီကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိထားပြီး မေလ(၃၁)ရက်နေ့တွင် လိုင်စင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
ထွန်းနေအောင် (မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်