Friday, April 12, 2013

၂၁ ရာစု မန္တလေး

Posted by drmyochit Friday, April 12, 2013, under | No comments



ဓမ္မာရုံ ဘုရားပွဲနှင့် ဘုန်းကြီးပျံ၊ အလှူ မင်္ဂလာဆောင်နှင့် ကလေး ပုခက်တင်ပါ မကျန် ဇာတ်ပွဲ၊ အငြိမ့်ပွဲများ အပြိုင်အဆိုင် ထည့်သွင်းကာ ၁၂ ရာသီ ပွဲလမ်းမပျက် လမ်းပိတ်အောင် စည်ကား ခဲ့သောမြို့၊ နံနက် အရုဏ်တက် ဆွမ်း ထချက်ကာ ထိုင်ကိုယ်တော် တစ်မျိုး၊ ရပ်ကိုယ်တော် တစ်သွယ် ဆွမ်းခဲဖွယ်များ လောင်းလှူခဲ့သောမြို့၊ ထောင့် ကျကျ လေးထောင့်ကွက် ၀င်းတွေမှာ နှစ်အိမ့် တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြသော မြို့၊ မြန်မာဘုရင် နောက်ဆုံး မင်းဆက် နန်းစိုက်ခဲ့ရာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိ ခဲ့သောမြို့၊ ရှည်လျား ထည်ဝါသော သမိုင်းရှိပြီး ကိုယ်ပိုင် ယဉ်ကျေးမှုဖြင့် ၀ံ့ကြွားခဲ့သော ထိုမြို့မှာ ၂၁ ရာစု အရောက်တွင် အပြောင်းအလဲများ၊ အရွေ့ များစွာ ဖြစ်ပေါ်ခဲ့လေပြီ။

အရှေ့ဘက် ရှမ်းရိုးမ တောင်တန်းများဘက်မှ နံနက်ခင်း နေရောင်ခြည် သန်းလာတော့ မန္တလေးမြို့က သံဃာတော်တွေ ဆွမ်းခံ ထွက်လာကြသည်။ သံဃာတော်များ၏ ကြွချီ ဦးတည်ရာမှာလည်း နေထွက်ရာမြို့ အရှေ့ခြမ်း မန္တလေး မြို့သစ်ဘက်ဖြစ်သည်။ ယခင်လို မြို့တွင်း မဟုတ်တော့ဘဲ အနည်းငယ် အလှမ်းဝေးသော မန္တလေးမြို့ သစ်ဘက်ခြမ်း ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ် ကြာခဲ့လေပြီ။ တစ်နေကုန် ရုန်းကန် စီးပွားရှာ ပင်ပန်းခဲ့သော မန္တလေးမြို့ပေါ်လူထုအတွက် နေ့စဉ် နံနက် စောစောထကာ ဆွမ်းထ ချက်ရမည့် အလုပ်က မလွယ်ကူတော့ပေ။

ထို့ကြောင့် ဝေးလံလှသည့် မြို့သစ်သို့ သွားရောက် အလှူခံရမည့်အရေး အဆင်ပြေစေရန် ယာနဒါန ဆွမ်းခံ ကြိုပို့ယာဉ်များ ပေါ်ထွက်လာခဲ့သည်။ အလှူအတန်း ၀ါသနာပါသူများ စုစည်းကာ တစ်ပတ်တစ်ခါ စုပေါင်း ဘုံဆွမ်းလောင်း အသင်းများ ဖွဲ့စည်းလာခဲ့ကြသည်။ လမ်း ၈၀ ယူနန်ဘုံကျောင်းမှလည်း ၀ါတွင်း ဥပုသ်များတွင် ဆွမ်းခဲဖွယ်များ လောင်းလှူပေးခဲ့ ကြလေသည်။

“မန္တလေးဝန်းကျင် သံဃာတော်တွေအတွက် သူတို့ ဒကာ၊ ဒကာမတွေ ပြောင်းသွားတဲ့ မြို့သစ်ကိုပဲ ဦးတည် ပို့ပေးနေရပါ တယ်” ဟု မိုးထိအောင်စည် ယာနဓာန ဆွမ်းခံ ကြိုပို့ယာဉ် အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြို့သစ်ရောက် မန္တလေးသူ၊ မန္တလေးသားများက အလှူအတန်း အပြင် ဓလေ့ ထုံးစံအတိုင်း သူတို့ ရောက်ရှိ သွားသည့် ရပ်ကွက် ဘုရားပွဲလေးများတွင် ပျော်ပျော် ရွှင်ရွှင် ဆင်နွှဲတုန်း။ သူတို့ ချန်ထားရစ်ခဲ့ရသည့် မန္တလေးမြို့အတွင်း ဓမ္မာရုံ ဘုရားပွဲများကတော့ ခြောက်ခြောက် ကပ်ကပ် အငြိမ့်ပွဲ ဇာတ်ပွဲ အသာထားခြင်း ပွဲကလေးနှင့် ပြီးရတာ များလာသည်။ ပွဲမကြိုက်သည့် မြို့နေ လူထုအကြား၊ ပွဲတော်ရက်မှာ တိုက်တံခါးပိတ် အိပ်လာကြသည့် မြို့နေ လူတန်းစားများ အကြား အငြိမ့်တွေ၊ ဇာတ်တွေလည်း ခေါင်းမထောင်နိုင်ကြတော့။ “ခုတော့ ကျွန်တော်တို့ မြို့သစ်ဘက်တွေကို အားထားနေရတယ်။ မြို့ထဲ ဇာတ်ကလည်း ကြည့်မယ့်သူ နည်းသွားပြီ” ဟု ဇာတ်သဘင်သက် နှစ် ၃၀ ကျော်ရှိသည့် ပိုးချစ်ဇာတ် အထွေထွေ တာဝန်ခံ ဦးလေးဇင်က ပြောသည်။

မိုးမချုပ် အိပ်ရေးမပျက် အငြိမ့်ပွဲ၊ ဇာတ်ပွဲ အစားထိုး ခြင်းလုံးသရုပ်ပြပွဲတွေကိုတော့ မြို့နေလူထုက အားပေးမှုရှိသည်။ “ဆုငွေတွေလည်း ချကြတယ်။ သူတို့လည်း လိုက်ခတ်လာကြတယ်။ ဘုရားကြီး ခြင်းအလှခတ် ပြိုင်ပွဲမှာတောင် သူတို့အဖွဲ့တွေ ပါလာကြပြီ။ တရုတ်ပြည်ကိုလည်း အလှပြ လိုက်ခတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်” ဟု ခြင်းလုံး သရုပ်ဖော် ကစားသည့် အဖွဲ့တည်ထောင်ထားသော ဦးကျော်သန်းက ပြောသည်။

အားကစားကို စိတ်ပါဝင်စားမှုရှိသည့် မန္တလေးမြို့ပေါ် နေထိုင်သူများအတွက် အဆင့်မြင့် ကိရိယာများကို အသုံးပြုထားသည့် အားကစား ခန်းမတွေ အလျှိုလျှို ပေါ်ထွက်လာသည်ကလည်း ခေတ်သစ် မန္တလေး၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မြို့တွင်းရှိ လမ်းလျှောက် အားကစား ပြုလုပ်ရန် ကောင်းသော မန္တလေး နန်းမြို့ ကျုံးဝန်းကျင်က သူတို့အတွက် အဆင်ပြေဆုံး နေရာ ဖြစ်လာသည်။ ထိုက်ကျိနှင့် ၀ူရှူး ကစားရင်း နံနက်ခင်းတိုင်း မြို့နေ လူထုနှင့် မန္တလေး ကျုံးကြီး ဆုံစည်းဖြစ်နေကြသည်။ ၀ူရှူးနှင့် ထိုက်ကျိ ကစားသူ မြို့နေ လူထုနှင့် မန္တလေး ကျုံးကြီးက ခွဲ၍မရတော့။ “နံနက်ခင်းတိုင်း ကျုံးဘေးမှာ ၀ူရှူးတွေ၊ ထိုက်ကျိတွေ အဖွဲ့လိုက် စုပေါင်း ကစားနေကြတာ တွေ့ဖူးတယ်။ မြို့သစ် ၆၂ လမ်းမှာလည်း လုပ်လာကြပြီ” ဟု မန္တလေးမြို့မှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်ဆွေက ဆိုသည်။

မန္တလေး ကျုံးဝန်းကျင်တွင် စုပေါင်း အားကစား လုပ်နေကြသလို မန္တလေးမြို့တွင် နေထိုင်သည့် ဒေသခံ များကလည်း နောင်ရှေ့ရေးမျှော်တွေးကာ တရုတ် ဘုံကျောင်းများသို့ အတူတကွ သွားရောက် ပညာ သင်ကြားနေကြပြီ ဖြစ်သည်။ “တချို့က ဒီမှာ ဆရာတောင် ပြန်ဖြစ်ကုန်ပြီ” ဟု တရုတ် ဘုံကျောင်း ၀န်ထမ်း တစ်ဦးက ဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်းမှာတော့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ လူမြင်ကွင်းများတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်များ၌ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာမှလွဲ၍ လူအများ နားမလည်သည့် အခြား ဘာသာစကားများ အသုံးမပြုရန် မေတ္တာရပ်ခံ ဖြုတ်သိမ်းစေခဲ့သည်။ ထို့အတွက်တော့ လုပ်ငန်းရှင်အချို့ အခက်အခဲ ဖြစ်စေခဲ့သည်။ အများဆုံး ဆက်ဆံနေရသူများ ဖတ်ရှုနား လည်စေရန် တရုတ်စာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များ ဖြုတ်သိမ်း ပေးခဲ့ရသည်။ ယခု အချိန်ထိ စည်ပင်သာယာက တားမြစ်ထားသော်လည်း တပ်ဆင် အသုံးပြုနေသူ အချို့ ရှိနေဆဲပင်ဖြစ်သည်။ “တရုတ်စာ မထည့်ထားတော့ အခက်အခဲ ရှိတယ်” ဟု လေယာဉ်လက်မှတ် အရောင်းဆိုင် ၀န်ထမ်း တစ်ဦး ကဆိုသည်။

ဆိုင်ပြင်ပက ဆိုင်းဘုတ် ကိစ္စ အပြင် ဆိုင်အတွင်း ၀န်ဆောင်မှု ကိစ္စများကလည်း ရှိနေသေးသည်။ မန္တလေးမြို့ရှိ အင်တာနက် ဆိုင်များအတွက် ရပ်တည်ဖို့ လွယ်ကူ စေမည့် နည်းလမ်း တစ်ခုမှာ အင်တာနက် လိုင်းကောင်းရန် အပြင် ချက်တင် ဆော့ဖ်ဝဲ တစ်ခုဖြစ်သည့် Chinese QQ အက်ပလီကေး  ရှင်းနှင့် တရုတ် စာရိုက် စနစ်ဖြစ်သည့် Pyin Yin Keyboard နှင့် Sogo Font တို့ကို ကွန်ပျူတာများအတွင်း ထည့်သွင်း ထားရန်ပင်ဖြစ်သည်။

ထိုသို့သာ ထည့်ထားပါက စီးပွား လာဘ်ရွှင် ဂါထာများပင် ရွတ်ရန် မလိုတော့ပါ။ “မန္တလေးက ဆိုင်တွေ အတွက် အဲဒီ ဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်းတွေက မရှိမဖြစ်ပဲ” ဟု အင်တာနက်ဆိုင် ၀န်ထမ်း တစ်ဦးဖြစ် သူ ကိုအောင်က ဆိုသည်။ မန္တလေးမြို့ယဉ်ကျေးမှု တစ်ခုဖြစ်လာသည့် KTV ကာရာအိုကေ ဆိုင်များတွင် လည်း တရုတ်သီချင်းများ ထည့်မထားသည့် ဆိုင်အတွက် ဈေးကွက်နေရာ ကျဉ်းသည်ဟု ဆိုင်တာဝန်ခံ အချို့က ဆိုသည်။

“ဆိုင် တော်တော်များများ မရှိမဖြစ် ထည့်ထားရတယ်” ဟုဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။ မျက်ရစ် မပါသော မန္တလေးမြို့က ပျိုဖြူချောများအတွက် အိုင်းလိုင်နာက အသုံးဝင်ဆုံးဖြစ်လာသည်။ ပါးနီကြိုက် သည့် သူမတို့အတွက် နဂိုရဲပြီးသား မျက်နှာကြောင့် အရောင်မပါသည့် ပါးနီကို ပိုမိုသုံးစွဲလာသည်။ မန္တလေးမြို့၏ ပူပြင်းလှသည့် နေရောင်ကို အန်တုပြီး စီးပွား ရှာနေသူတို့အတွက် ရည်ရွယ်ကာ Skin Care လုပ်ရန် ဗြူတီ စလွန်းတွေက မှိုလိုပေါက်ကာ ပေါ်ထွက်လာသည်။ မျက်နှာတစ်ခါ ပေါင်းတင် ကျပ်နှစ်သောင်း၊ သုံးသောင်း၊ Skin Care တစ်စုံ ကျပ်ခုနစ်သိန်း၊ ရှစ်သိန်းသည် ၎င်းတို့အတွက် မပြော ပလောက်ဟု ဗြူတီစလွန်း ဆိုင်ရှင်အချို့နှင့် အလှအပပစ္စည်း ရောင်းချနေသူ အချို့က ဆိုသည်။

အသားအရေ စိုပြည် လှပအောင် သစ်သီး သီးနှံတွေ စားသုံးလေ့ရှိ ကြသည့် မန္တလေးမြို့နေ လူတန်းစား  များအတွက် အသီးအနှံ ဆိုင်လေးတွေက အပြိုင်အဆိုင် ပေါ်ထွက်လာသည်။ သစ်သီးမျိုးစုံ ကြိုက်တတ် ကြသည့်အတွက် အဖိုးတန် သစ်သီးတွေက ဆိုင်တွေမှာ နေရာ ၀င်ယူလာသည်။ တစ်ပိဿာလျှင် ကျပ် တစ်သောင်း ငါးထောင်ခန့်ရှိသည့် ယိုးဒယား စပျစ်သီးများ၊ တစ်လုံးလျှင် ကျပ် ၁၈၀၀ ၀န်းကျင်ရှိသည့် နဂါးမောက်သီးများ၊ တစ်လုံး ကျပ် ၂၅၀၀ ခန့်ရှိသည့် ကျွဲကောသီးများကို သစ်သီးဆိုင်တွေက ရဲရဲဝင့်ဝင့် တင်နိုင်လာကြသည်။ “မြန်မာတွေကတော့ အခါကြီးရက်ကြီး သစ်သီးကိုးမျိုးတင်တဲ့ အခါမျိုးဆိုရင် ရောင်းရ တယ်။ ပုံမှန်ရက်မျိုးကတော့ ဈေးအရမ်းကြီးတဲ့ အသီးတွေ သိပ်မ၀ယ်ကြဘူး”ဟု လမ်း ၈၀ တွင် သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သစ်သီးတင်မဟုတ်၊ အခြား စားသောက်မှုများလည်း မသိမသာ ပြောင်းလဲလာသည်မှာ မန္တလေး၏ ပုံရိပ်သစ်များ ဖြစ်သည်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ထမင်းသုပ်၊ မုန့်သိုင်းခြုံအစရှိသည့် မြန်မာ မုန့်မျိုးစုံ ရောင်းချ နေသည့် ဈေးချိုတော် ညဈေးတန်းထက် ရှမ်းခေါက်ဆွဲ၊ အကင်စုံ၊ မာလာဟင်းနှင့် တရုတ် အစားအစာ တွဲဖက်ပြီး မျိုးစုံ ရောင်းချနေသည့် ၇၆ လမ်း ညဈေးတန်းက ပိုမို အရောင်းအ၀ယ် ဖြစ်လာသည်။ မုန့်မျိုးစုံ တွဲဖက် ရောင်းချသည့် မန္တလေး လက်ဖက်ရည်ဆိုင်များတွင် မန္တလေး မုန့်တီနှင့် အကြော်စုံထက် ရှမ်းခေါက်ဆွဲနှင့် ၀က်ခေါက်ကြော်က မရောင်းမဖြစ် ရောင်းချနေရသည့် မန္တလေး အစားအသောက် ဖြစ်လာသည်ဟု ဆိုင်ရှင်အချို့က ဆိုသည်။

ယခင် နှစ်ပိုင်းက မဟာမြတ်မုနိ ဘုရားဝန်းကျင်ရှိ ကျောက်ဆစ်တန်းတွင် ကွမ်ရင် မယ်တော် ရုပ်ပွားတော် များ၊ ဦးတီပွား ရုပ်ပွားတော်များ သူ့ဆိုင် ကိုယ့်ဆိုင် မြိုင်မြိုင် ဆိုင်ဆိုင် ထုလုပ်ပေးခဲ့ရသည်ဟု မဟာမြတ်မုနိ ဘုရားကြီးမှ အမှတ်တရ အရောင်းဆိုင်ရှင် တစ်ဦးက ဆိုသည်။ အခုတော့ အချိန်ယူ ထုလုပ်ရသည့် ကျောက်ဆစ် ရုပ်ပွားတော်ကို စောင့်ရန် မလိုတော့။ တရုတ်နိုင်ငံမှ ၀င်ရောက်လာသည့် ဈေးနှုန်း ကျပ် တစ်ဆယ့် ငါးသိန်းဝန်းကျင်အထိရှိသော ဗုဒ္ဓ ရုပ်ပွားတော်များ၊ ကွမ်ရင် မယ်တော် ရုပ်ပွားတော်များ၊ တရုတ်နိုင်ငံလုပ် ကြွေပန်းအိုးကြီးများ၊ တရုတ် စစ်သူကြီး အရုပ်များ၊ တရုတ် နတ်ရုပ်များ ရောင်းချပေး နေသည့် ဆိုင်များ ပေါ်ထွက်လာပြီဖြစ်သည်။

မန္တလေးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာပြီဟု မန္တလေးမြို့ခံ အချို့က သုံးသပ်သည်။ မနည်း ကြံ့ကြံ့ ခံနေရတယ်ဟုလည်း မန္တလေးသား စာရေးဆရာ ဆူးငှက်က ပြောသည်။ မန္တလေးသည် တကယ်တော့ မန္တလေးပင် ဖြစ်ပါသည်။




From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်