Friday, April 12, 2013

ဘာသာရေး လိုက်စားသည့် သမ္မတကြီး ဦးသိန်းစိန် သင်္ကြန်ရက်မြတ်မတိုင်ခင် တစ်ရက်အလို ရှေးဟောင်းစေတီတော် များ ရွှေထီးတော်တင်

Posted by drmyochit Friday, April 12, 2013, under | No comments




နေပြည်တော် ဧပြီ ၁၂

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် ညောင်ပင်ကြီးစု ကျေးရွာရှိ ပြုပြင်မွမ်းမံ ပြီးစီးသော ရှေးဟောင်း စေတီတော်များ ​ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်များ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ရွှေထီးတော်တင်လှူပူဇော်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိ သုတာရာမ​ဈေးကုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူ များနှင့် တာဝန် ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ရှေးဟောင်း စေတီတော် များအားဆွမ်း၊ သစ်သီး၊ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်သည်၊

မင်္ဂလာအချိန် နံနက် (၉) နာရီတွင် နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ရှေးဟောင်း စေတီတော်အမှတ် (၁၉)၏ ရွှေထီးတော် ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တို့ကို ရတနာ ရွှေကြိုးဆွဲ၍ တင်လှူကြပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ဘုရား ဒါယကာများက ကျန်ရှေးဟောင်း စေတီတော် များအား ​ရွှေထီးတော် ဘုံဆင့်များနှင့် ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်တို့ကို ရတနာ ရွှေကြိုးဆွဲ၍ တစ်ပြိုင်တည်းတင် လှူကြပြီး ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက ရှေးဟောင်း စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာ တင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြသည်။

ရွှေထီးတော် တင်လှူအပြီးတွင် မင်္ဂလာ မဏ္ဍပ်အတွင်း၌ နိုင်ငံတော် သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာ ရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိသာရထံမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဇျယ်တော် မူသော ပရိတ် တရားတော် များကိုနာယူကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ရှေးဟောင်း စေတီတော် များအား သာဟတ္တိကဒါန မြောက်အောင် ကတ္တီပါယပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ကိုဈေးကုန်းကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ အမှူးပြုသော ဧည့်ပရိသတ်များက ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှူ အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတနှင့် ဧည့်ပရိသတ်တို့က ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်ကြသည်။

ယနေ့ ရွှေထီးတော် တင်လှူပူဇော်သည့် ရှေးဟောင်း စေတီတော် (၄၂) ဆူကို တူးဖော်ခဲ့ရာ၌ စေတီတော် (၁၃) ဆူမှ ဌာပနာများ တွေ့ရှိခဲ့ရပြီး ယင်းဌာပနာများကို မူလ စေတီတော် များ၌ပင် ၂၀၁၃ ခုနှစ် ဧပြီ (၃) ရက်တွင် ရှေးမူမပျက် ပြန်လည်၍ ဌာပနာသွင်းပူဇော်ခဲ့သည်။

ညောင်ပင်ကြီးစု ကျေးရွာ၌ ယခုရှေးဟောင်း စေတီတော်များ နေရာ၌ မြန်မာ သက္ကရာဇ် ၁၂၂၀ ခုနှစ် ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၅၀) ခန့် ဘိုးတော် ဘုရားခေါ် ပဒုံမင်း လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော စေတီတော် (၄၂) ဆူနှင့် သာသနိက အဆောက်အအုံများကို လည်းကောင်း၊ မြန်မာ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့သော (၇၅) နှစ်သက်တမ်း ကြာမြင့်နေသည့် သိမ်ကျောင်းတော် တို့ကိုလည်းကောင်း၊ သိမ်ကျောင်းတော် အတွင်းမှ ဘုရားရှင် ဟောကြားတော် မူခဲ့သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာပိဋိကတ် သုံးပုံဆိုင်ရာ ပေစာထုပ်များကို လည်းကောင်း တွေ့ရှိခဲ့ ရကြောင်း၊ ပေစာထုပ်များမှာ မြန်မာသက္ကရာဇ် ၁၂၁၅ ခုနှစ် ဝန်းကျင် လွန်ခဲ့သော နှစ်ပေါင်း (၁၆၀) ခန့်က ပြုစု ထားသော ပေစာများ ဖြစ်သည်ကို သိရှိရကြောင်း၊ ယင်းရှေးဟောင်း စေတီတော်များ၏ ဗိသုကာ လက်ရာများ၊ သိမ်ကျောင်းဆောင်နှင့် ရုပ်ပွား ဆင်းတုတော်များ၏ အင်္ဂတေပန်း လက်ရာများသည် ကုန်းဘောင်ခေတ်၊ အမရပူရခေတ် ပုံသဏ္ဌာန်များ ဖြစ်သည်ဟု ပညာရှင်များ၏ လေ့လာစိစစ်ချက်နှင့် အကိုးအကား အထောက်အထား များအရသိရှိရကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် ယခုရှေးဟောင်း စေတီတော် များသို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်းရောက်ရှိ ခဲ့ပြီးရှေးမူ လက်ရာမပျက် ရေရှည် တည်တံ့ခိုင်မြဲအောင် ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရန် မိန့်ကြားခဲ့သဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် လုပ်ငန်းများ စတင်အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများ ပြီးစီးအောင်မြင် ခဲ့ပြီဖြစ်၍ ရှေးဟောင်း စေတီတော် (၄၂) ဆူအား ရွှေထီးတော် တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနား ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
 
 
From:myanmar express 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်