Friday, April 12, 2013

ချောက်ကမ်းပါးထိပ်မှ ရတနာ

Posted by drmyochit Friday, April 12, 2013, under | No comments



ယခုပင် ရောက်လာတော့မည့် ၁၃၇၄ ခုနှစ် တန်ခူး လဆန်း ၃ ရက်နေ့ဆို မြန်မာ့ နှစ်သစ်ကူး သင်္ကြန် အခါတော်သို့ ရောက်ပေ ဦးတော့မည်။ အတိတ် အခါ ခေတ်အဆက်ဆက် တုန်းကဖြင့် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ဆိုသည်က ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်ကို လူမရွေး စတမ်း တန်းညှိ ပစ်နိုင်သည့် သင်္ကြန်။ အသက်အရွယ် တွေကို မေ့လျော့သွားစေနိုင်သည့် သင်္ကြန်ဖြစ်လေသည်။

သင်္ကြန်အခါသို့ ရောက်လျှင် အဘိုး အဘွားတွေက ဘုရားကျောင်းကန်သို့ သွားရောက်ကာ ဥပုသ်သီလ ဆောက်တည်ကြသည်ဆိုသည့်တိုင် သင်္ကြန်ထဲတွင်တော့ မနော ကံက ကျန်နေခဲ့တတ်သေးသည်။ သင်္ကြန်ရေ အစိုခံလိုစိတ် မရှိကြတော့ဘူး ဆိုလျှင်တောင်မှ သင်္ကြန်ကို စောင်းငဲ့၍မျှ မကြည့်ဘဲ နေနိုင်စွမ်းမရှိကြ။ သင်္ကြန်အသံ သင်္ကြန်ရနံ့ ရရုံနှင့်ပင် ရင်ထဲ စိမ့်ခနဲ အေးခနဲလေးတော့ လှုပ်လှုပ်ခတ်ခတ် ရှိတတ်ကြမြဲဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူး အတာသင်္ကြန်ဆိုသည်က အဲ့သည်လောက် အစွမ်းသြဇာထက်လေသည်။

အသက် ၆၀ ကျော် ၄ နှစ်နီးပါး စွန်းလာပြီဖြစ်သည့် အဘိုးကြီးပေါက်စ ကိုယ်သည်ပင် သင်္ကြန်ဆို အူက ယားတုန်း။ တူးပို့ တူးပို့ဆို ခြေက နန့်နန့် လက်က နန့်နန့် ဖြစ်မိတုန်း။ ဟိုအတိတ် အနှစ် ၅၀ ကျော် ကိုယ်လူ မဖြစ်တဖြစ် ဆယ့်သုံးလေးနှစ် အရွယ်ရဲ့ သင်္ကြန် အခါတော်ထဲက ကိုယ့် ပထမဆုံး ဂီတ မိတ်ဆွေ ဖြစ်ခဲ့သော စည်တိုလေးကို တမ်းတမိတုန်း။ အဲဒီကမှ တစ်ဆင့်..ဂီတနှင့် ရင်းနှီးလာခဲ့သည့် ဟိုးအတိတ် နှစ် ၃၀ ကျော်လောက်ဆီက ကိုယ်တိုင်မြတ်နိုးစွာ ကိုင်တွယ် တီးခတ်ခဲ့သည့် ကိုယ့်ရင်ဘတ်ထဲ တွဲလွဲခို နေခဲ့ဖူးသော အကော်ဒီယံ ကျောက်စိမ်းရောင်လေးကိုလည်း သတိရမိတုန်း။ ပြည်သူ့ အသံကို ပဲ့တင်ထပ် နိုင်ဖို့ ရည်ရွယ်သည့် ကိုယ်တို့ရဲ့ “ ပဲ့တင်သံ” ဒိုး အဖွဲ့အတွက် ကိုယ်ရေးခဲ့သည့် သီချင်းတွေ သံချပ်တွေ ကလည်း ယခုတိုင် ကိုယ့်နှုတ်ဖျားမှာ နှုတ်တက် ရွရွ ရှိနေမိတုန်း။ ရေးချင် တီးချင်၊ ဆိုချင်၊ ကချင် ရှိမိတုန်း။ သင်္ကြန် ရနံ့နှင့် အတူ ငယ်ပေါင်း ဂီတ သူငယ်ချင်းတွေကိုလည်း လွမ်းမိနေရတုန်း။

ပြန်တွေးမိတော့ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး သင်္ကြန်တိုင်းမှာ တူးပို့ တူးပို့နှင့် ကိုယ်တို့ နွှဲခဲ့ကြသည်က မနေ့ တစ်နေ့က လောက်ပဲ ရှိနေသေးသလို ထင်မှတ်နေမိဆဲ ဖြစ်ရသည်။ သင်္ကြန်ဒိုး တူးပို့ တူးပို့နှင့် ကွေးနေအောင် ကခဲ့ကြသူ ငယ်သူငယ်ချင်း မတွေလည်း အခုတော့ ခါးကိုင်း သွားကြွေရှိကြပြီ ထင်၏။ ဘာပဲဖြစ်ဖြစ် သူတို့သည်လည်း ကိုယ်တို့ငယ်တုန်းအခါက မွေးရပ်မြေ မြို့ကလေး၏ အတာ သင်္ကြန်ကို မေ့နိုင်ကြလေမည် မထင်။

တကယ်တော့ ကိုယ်တို့ ဖြတ်သန်းခဲ့ကြသည့် မြန်မာ့ ရိုးရာ အတာ သင်္ကြန်ဆိုသည်က တစ်ဦးကို တစ်ဦး ရေပက်ကြရုံ ဆိုကြ တီးကြ ကခုန် ပျော်ကြ ပါးကြရုံမျှသော အဓိပ္ပာယ် မဟုတ်ခဲ့။ ကောင်းမှု ကုသိုလ်များကို ကိုယ်စီ ပြုကြရင်း မကြာမတင် ရောက်ရှိလာတော့မည့် နှစ်သစ်တွင် ကောင်းကျိုးအထွေထွေနှင့် ပြည့်စုံပါ စေကြောင်း၊ နှစ်ဟောင်းမှ အဆိုးအညစ် မှန်သမျှ နှစ်ဟောင်းတွင်သာ ကျန်ခဲ့ပါစေကြောင်း ဆုမွန် တောင်းလျက် တရော် ကင်ပွန်းဖြင့် ခေါင်းဆေး မင်္ဂလာလည်းပြုကြ။ နှစ်သစ်အခါတွင် စိမ့်ရေ စမ်းရေ တမျှ အေးမြပါစေကြောင်းရည်လျက် ရေရှားပါးရာ ဘုန်းတော်ကြီး ကျောင်းများသို့ ရေအိုး ကိုယ်စီရွက်ကာ ရေအလှူလည်းလှူခဲ့ကြ။

ဘေးဘယာတွေ ဝေးကွာပါစေကြောင်းရည်လျက် သတ္တ၀ါတွေကို ဘေးမဲ့တွေလည်း လွှတ်ခဲ့ကြ။ ဟိုရပ်ကွက် သည်ရပ်ကွက်တွေက စတုဒီသာ အကျွေးအမွေးတွေလည်း လှိုင်ပေါလည်အောင် လှူကြ တန်းကြ။ သက်တော်ရှည် အဘိုးအဘွားတွေကို ပူဇော်ကန်တော့ကြ။ ခြေသည်း လက်သည်းတွေ လှီးဖြတ် ပေးကြ။ ရေချိုးခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူကြ။ ထို့အပြင် လူတိုင်းစေ့ ခေါင်းဆေးမင်္ဂလာ ပြုနိုင်ကြဖို့ ရပ်ကွက်တွေထဲအနှံ့တ ရော်ကင်ပွန်းရည်များလည်း လိုက်လံဝေငှ ဒါနပြုကြသေးသည်။

မှတ်မှတ်ရရ အဲ့သည်တုန်းအခါက တရော်ကို ဈေးမှ အလွယ်တကူ ၀ယ်လိုက်ကြသည် မဟုတ်။ လူငယ် သိုက်က ပဲခူးရိုးမ ခြေရင်းသို့ ရက်ကြို၍ တက်ကာ တရော်ပင်တွေ ခုတ်ကြသည်။ သိပ်ဝေးဝေး သွားခဲ့ကြ ရသည်မဟုတ်။ မနက်အစော ကြက်ဦးတွန် ၄ နာ ရီလောက်မှထပြီး နံနက်အစောစာ အဆာပြေစားနိုင်ဖို့ ကိုယ့်အိမ်က ထမင်းထုပ်ကလေး ကိုယ့်ဘာသာထုပ်၍ ရိုးမခြေရင်းသို့ တက်ခဲ့ကြလျှင် တစ်မြို့လုံးစာ ဝေငှဖို့လုံလောက်သည့် တရော်ကို နံနက် ၈ နာရီလောက်ဆို ပြည့်ပြည့်တင်းတင်းရကြပြီ။ သည်တော့မှ ၀ိုင်းဖွဲ့ပြီး ပါလာသည့် ထမင်းထုပ်တွေ အတူဖြေ ဝေငှစားသောက်ခဲ့ကြ ဆိုတာတွေကလည်း သည်နေ့ထိ မမေ့နိုင်သေး။ ပြန်တွေးတော့ လွမ်းစရာတွေချည်း။

အခုတော့ နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ အဲ့သည် မြန်မာ့သင်္ကြန်ရိုးရာယဉ်ကျေးမှု အရသာတွေ ပျောက်ဆုံး သွားသလို ခံစားလာရသည်။ လောလောဆယ် ရေကြည်ရာ မြက်နုရာအဖြစ် ကိုယ်ရောက်နေမိရသည့် ရန်ကုန် ရွှေမြို့တော်ကြီးတွင်တော့ သင်္ကြန်ပုံရိပ်က ရုပ်ပျက် ဆင်းပျက်နှင့်ပင် ပိုဆိုးသလားထင်သည်။ မြန်မာ့သင်္ကြန်သင်္ကေတ တူးပို့သံဆိုသည်က မြန်မာ့ ရုပ်မြင်သံကြားက လွှင့်တာလောက် ထီရောင်းသည့် ထီလှည်းက ဖွင့်တာလောက်၊ ရှင်လောင်းလှည့် အလှူပွဲ စည်တိုဝိုင်းက ဖြတ်သွားဖြတ်လာ တီးသွားတာ လောက်သာရှိတော့သည်။ တူးပို့က သင်္ကြန်ထဲမှာ မရှိတော့။ သင်္ကြန်ထဲကို ဒူးချပ် ဒူးချပ်ပဲ ကျယ်ကျယ် လောင်လောင် မြည်သည့် သံစဉ်ဘာမှန်းမသိသော အသံတွေက ပုံပြင်ထဲက ကုလားအုပ်လို တိုးဝင် လာသည်။ သင်္ကြန်ပန်းကုံးလေးတွေ လည်ပင်းမှာ တ၀ဲဝဲနှင့်ကကြသည့် သင်္ကြန်အကလည်း ပျောက်လာ သည်။

“၀သ၀တ္တီ နတ်ပြည်က နတ်သမီးလေးလို လှပါတယ်၊ သင်္ကြန်မယ်လေးတွေလှပါတယ်” ဆိုသည့် သင်္ကြန် သီချင်းထဲမှ နတ်သမီးလေးတွေလို လှသည့် ယဉ်ယဉ်ကျေးကျေး မြန်မာ့သမီးပျိုတို့ ရဲ့ အလှတွေလည်း ဘယ်ရောက်ကုန်ကြပြီမသိတော့။ လုံလုံခြုံခြုံ လုံချည်အကျ အ၀တ်အစားကို သင်္ကြန်ရေ စိုသဖြင့် ပေါ်လာသည့် မပေါ်၏ သို့ ပေါ်၏သို့ ရေစို အလှလောက်မျှကို မရောင့်ရဲနိုင်ကြတော့တာလားလည်း မသိ တော့။ သင်္ကြန် ဆိုသည်မှာ မြန်မာ့ သမီးပျိုလေးတွေ အရှက်အကြောက် မရှိစတမ်း ဖော်ခွင့် ချွတ်ခွင့်ရှိသည့် လိုင်စင်ရ ဖော်ပွဲ ချွတ်ပွဲကြီးလိုဖြစ်လာသည်။

အတိုအပြတ်ဆိုသည်က ပျင်းတောင် ပျင်းသေး အဆင့်ဖြစ်သွားသည်။ ပါးပေ့ လွှာပေ့ဆိုသော အဖြူပြောင် ဖျင်စလိုမျိုးကို ၀တ်စုံချုပ်၍ အပေါ်အောက် အောက်ခံ ဘာမျှမပါဘဲ ၀တ်လာပြီး စင်ပေါ်သို့ တက်ပြီဆို ကတည်းက မူလကပင် ရှင်းရှင်း လင်းလင်း မြင်စေကြည့်စေလိုသည့် သဘော ဆန္ဒပါသည်။ သင်္ကြန်ရေ စိုလိုက်သည့်အခါ သူ့ဆန္ဒလည်း အလိုလို ပြည့်သွားသည်။ သင်္ကြန်ရေလည်း အလိုလို ကျက်သရေယုတ် သွားတော့သည်။

ဖွင့်ထားသည့် ဒူးချပ် ဒူးချပ် တီးလုံးနှင့်အတူ ကော့ကော်ကန်ကား အကကိုရော စွက်လိုက်သည့် အခါ တွင်တော့ အဖုံးအကွယ် အကြိုအကြား မကျန်တော့သဖြင့် ကမ္ဘာမှာ မြန်မာကွဟု ရှက်ကြောပြတ် အလံကို မြင့်မြင့် မားမား ထူနိုင်သည့် ယဉ်ကျေးမှု အစုတ်အပဲ့လည်း ရှေ့တန်းသို့ ရောက်လာတော့သည်။ ထိုသို့ အရှက်အကြောက်မဲ့စွာဖြင့် စင်မြင့်ပေါ် တက်ကာ ရိုင်းစိုင်းပြနေကြသည့် အမျိုးသမီးလေးတွေဆိုသည်က ခြေကြိုခြေကြား အုတ်ကြားမြက်ပေါက်ဆိုသည့် အနှိမ်ခံ အောက်ခြေလူတန်းစားတွေထဲမှ ပညာမဲ့ သူလေးတွေ မဟုတ်ကြ။ သူတို့ကိုယ် သူတို့ တကယ့် အဆင့်အတန်း ရှိသူတွေ ဟု သတ်မှတ်နေကြသည့် ကြေးရတတ်တွေထဲမှ ပညာတတ် ဆိုသူတွေဖြစ်သည်။ အချို့ဆို ဆင်စွယ်နန်းပေါ်က။

မနှစ်ကဆို သူ့ကိုယ်သူ အနုပညာရှင် တစ်ယောက် သရုပ်ဆောင် တစ်ယောက်အဖြစ် အမည်ခံထားသည့် အမျိုးသမီး တစ်ဦး၏ ဖော်ပုံချွတ်ပုံက အတော်ပင် သတင်းမွှေးခဲ့သေးသည်။ ထိုသို့ နာမည်ကျော် သတင်း မွှေးချင်သဖြင့် တမင်ထွင်၍ ချွတ်သည်လားတော့လည်း မသိ။ အပုပ်နံ့ နံခြင်းလား ရနံ့သင်း မွှေးခြင်း လားလောက်ပင်လည်း ခွဲခွဲ ခြားခြား သိပုံမရ။ မိမိ၏ ခန္ဓာကိုယ်ကို ကြော်ငြာခြင်းတော့ အောင်မြင် လိုက်ပုံရသည်။

တကယ်တော့လည်း သည်စင်ပေါ်တက်ဖို့ အခငွေကြေးဆိုသည်က တော်ရုံလူ တတ်နိုင်သည်မဟုတ်။ ပြီး စင်ပေါ်မှာ ရက်ရက် ရောရော ပျော်နိုင်ဖို့အတွက် ယမကာ ဆေးဝါးက လိုသေးသည်။ သည်တော့ သည်စင် ပေါ်မှာ သောင်းကျန်းခွင့်ရှိသူတွေဆိုသည်က သူတို့ကိုယ် သူတို့ အထက်တန်းစားတွေဟု သတ်မှတ်ထားကြ သူတွေသာ ဖြစ်နေတော့သည်။

သို့နှင့်ပင် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကြီးဆိုသည်က ကိုယ့်ကိုယ်ကိုယ် လူ့ကုံထံတွေဟု သတ်မှတ်ထားကြသော မြန်မာ အမျိုးသမီးလေးတွေ လွတ်လပ်စွာ ဖော်ခွင့် ချွတ်ခွင့်ရှိသော အရက်နှင့် အခြား မူးယစ်ဆေးဝါးများကို တရားဝင် သုံးစွဲပိုင်ခွင့် ရှိသော၊ မူးယစ် ဖော်ချွတ်ခြင်းနှင့် တစ်ဆက်တည်း ပါလာသည့် စည်းကမ်းပျက် လိင်ဆက်ဆံမှုကိစ္စကို တရားဝင် ခွင့်ပြုသော ပွဲတော်ကြီး အဖြစ်သို့ ပြောင်ပြောင်တင်းတင်း ပြောင်းလဲသွားလေတော့သည်။ ကောင်းမှုပြုခြင်း ကိစ္စကိုသာ အတုယူ နှေးတတ်ကြသော်လည်း မကောင်းမှု အတတ်ကား အကူးစက်မြန်လေသည်။

ယမန်နှစ်ကပင် ရန်ကုန်ဆင်ခြေဖုံး သာမန်လူနေမှု အဆင့်အတန်းမျှရှိသည့် ရပ်ကွက်လေး တစ်ခုတွင် ဖြစ်ပျက်ခဲ့သော သင်္ကြန် သရုပ်ပျက် ဖြစ်စဉ်လေးက အထက်လွှာ စရိုက်ပျက်မှသည် အောက်ခြေသို့ စီးဆင်း လာခဲ့ပြီဖြစ်ကြောင်း ပြဆိုနေသလိုရှိသည်။ သင်္ကြန် အကြတ်နေ့ဖြစ်သော ထိုနေ့က အသက်အရွယ်အားဖြင့် တစ်ဆယ့်ခြောက် တစ်ဆယ့်ခွန်မျှသာ ရှိသေးသော မြန်မာအမျိုးသမီးလေး နှစ်ဦး အတိုအပြတ်တွေ ကိုယ်စီ ၀တ်ကာ အရက်ပုလင်း တစ်ပုလင်းနှင့် ရေသန့်ဘူးကို တစ်ယောက် တစ်လက် ကိုင်ထားပုံက မြင်သူတိုင်းကို အံ့အားတသင့်ဖြစ်စေသည်။ သို့သော် ထို အမျိုးသမီးငယ် နှစ်ဦးကမူ သူတို့နှစ်ဦးမှအပ လမ်းမပေါ်မှာ မည်သူမျှမရှိဟု ထင်နေကြသည်လားလည်း မသိ။

သို့မဟုတ်လည်း မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဟု ထင်ရာစိုင်းလာခဲ့ကြတာလားလည်း မသိ။ အရက် ပုလင်းကို ခွက်မလိုတမ်း ပုလင်းလိုက် တစ်ယောက် တစ်ပြန် လှည့်မော့နေလိုက်ကြပုံကလည်း ပီဘိယောက်ျား အရက်သမားတွေကပင် အလေးပြုရတော့မည့်ပုံ။ တားမည့် ဟန့်မည့်သူလည်း တစ်ဦး တလေမျှ မတွေ့ရ။ သည်ရပ်ကွက်ထဲမှ ဟုတ်လေပုံလည်းမရ။ ရွာကျော်ရပ်ကျော် ရမ်းကား လာကြပုံရသည်။ သူတို့နှစ်ယောက်ကို ကြည့်မြင်နေရသူ မိခင်စိတ်ရှိသည့် အဒေါ်ကြီးသုံးလေးဦးက မပြောသာ မဆိုသာမို့ တက်တခေါက်ခေါက် အံတကြိတ်ကြိတ်။

ခဏအကြာတွင်တော့ ပိုမူးပြီး ပိုရမ်းကားနိုင်ပုံရသည့် ကလေးမလေးက အောက်ခံဘာမျှမပါဘဲ ၀တ်လာသည့် အင်္ကျီပါးကိုသူ့ဘာသာသူ ဆွဲဖြဲပစ်လိုက်သည့်အခါ အပေါ်ပိုင်းဗလာဖြင့် မြင်ရဲ ကြည့်ရဲစရာ မရှိတော့။

ထိုအချိန်မှာပင် အညှီအပုပ် ရှိသဖြင့် ချက်ချင်းအုံလာလိုက်သည့် ယင်မမဲရိုင်းတွေလို ဘယ်ကမှန်းမ သိရောက်လာလိုက်ကြသည့် အရွယ်ရောက်ပြီး ယောက်ျားလေး လေးငါးယောက်က ထိုမိန်းကလေး နှစ်ယောက်ကို ဘယ်ကိုမှန်းမသိ ချော့မော့ခေါ်သွားလိုက်ကြပုံက တားမည့် ဆီးမည့်သူလည်း မရှိ။ ဘယ်ကမ်း ဘယ်သောင်ဆိုက်လေမည်လည်းမသိ။ ထန်းသီးကြွေခိုက်ဆိုသလို ပက်ပင်းမြင်ခွင့်ကြုံနေသည့် ကိုယ့်ရင်ထဲတွင်လည်း ဖြစ်ရလေတယ် မြန်မာ့သင်္ကြန်ရယ်ဟု ရင်ထဲမှာမချိ။

သည်လိုဖြစ်ပျက်နေသည့် စရိုက်ပျက်တွေက ရန်ကုန်မြို့လယ်မှတစ်ဆင့် ဆင်ခြေဖုံးသို့ ရွေ့လာခဲ့ပြီ။ ဆင်ခြေဖုံးမှ တစ်ဆင့် အရပ်ရပ် နယ်မြို့တွေအထိပါ ကူးစက်လာမှာကိုဖြင့် မြန်မာတိုင်း ၀မ်းနည်းတတ်ကြဖို့ ကောင်းသည်။

သည်အဖြစ်တွေက မနှစ်တနှစ် သင်္ကြန်တွင်ကမှ အစပျိုးလာခဲ့သည်တော့ မဟုတ်။ အစပျိုးလာခဲ့သည်က ကြာပြီ။ ထိထိရောက်ရောက် တားဆီး ပိတ်ပင် မရှိကြတော့ စရိုက်ပျက် နယ်ပယ်တွေက ကျယ်ဝန်းလာပြီ။ ဘယ်လို လုပ်ကြမည်လဲ မြန်မာကို တကယ်ချစ်ရင် ဒါကို အလေးအနက်ထား မစဉ်းစားလို့မရ။

သင်္ကြန်ကာလတွင်သာမက သင်္ကြန်ပြင်ပတွင်ပါ စရိုက်ပျက် ၀တ်စားဆင်ယင် နေထိုင်ပုံတွေက နယ်ပယ် ချဲ့ထွင်လာနေသလား ကြားနေ၊ တွေ့နေရသည်။

အခုပင်စ၍မှ ပြင်ကြ ဆင်ကြ တားကြ ဆီးကြဖို့ ဆောင်ပုံ မကိုင်ကြလျှင် မြန်မာ့ ယဉ်ကျေးမှု ဆိုသည်က ချောက်ကမ်းပါးမှာ တကယ့်ကို မေးတင်နေသလားဟု စိုးရိမ်နေမိကြောင်းပါ။ ။



From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်