Monday, July 01, 2013

တိုင်းမဂ္ဂဇင်းတွင် ဖော်ပြသည့် ဇူလိုင်လ ၁ရက်ထုတ် မျက်နှာဖုံးစာမျက်နှာတစ်ခုသာ ဖြန့်ဝေခွင့် ပိတ်ခြင်းဖြစ်

Posted by drmyochit Monday, July 01, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၁။

တိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဇူလိုင်လ ၁ ရက်ထုတ် “The Face of Buddhist TERROR” ဆောင်းပါး မျက်နှာဖုံး တစ်ခုသာ ဖြန့်ဝေခွင့် ပိတ်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း ထုတ်ဝေမည့် စာစောင် များအား ပိတ်ပင် သွားမည် မဟုတ်ကြောင်း နေပြည်တော် ၌ ပြုလုပ်သော သတင်း မီဒီယာ သမား များနှင့် တွေ့ဆုံပွဲ တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“ဒီမျက်နှာဖုံးကြောင့် ပြည်တွင်းမီဒီယာတွေမှာ ဘာသာပြန်တွေပါလာပြီး ဒါကို အစိုးရက မလုပ်ဘူးလား။ မလုပ် ရင် ကိုယ့်ဘာသာကိုယ် မီးရှို့ပစ်မယ်တို့ ဘာတို့ ဖြစ်လာတယ်။ ကျုပ်တို့ဘာသာ ဟိုသံရုံးရှေ့ ဆန္ဒသွားပြ မယ်။ ဒီသံရုံးရှေ့ ဆန္ဒသွားပြမယ်လို့ ဖြစ်လာတယ်။ အဲဒါကနေ တဖြည်းဖြည်း ဘာသာရေး ကို နွယ်လာလို့။ မဟုတ်ဘူး အစိုးရဘက်ကနေ ဒါကို ပိတ်လိုက်ပြီ အရေးယူမှု တစ်စုံတစ်ရာလုပ်လိုက်ပြီ ဒီကိစ္စနဲ့ ပတ် သက်ပြီး ဒီမှာပဲ ရပ်တော့ ဆိုတဲ့ မက်ဆိပ်ကို ပေးချင်လို့ ဒါကို လုပ်လိုက်တာ။ ကျန်တဲ့ Issue တွေနဲ့ မ ဆိုင်ပါဘူး” ယင်းက ဆက်လက် ပြောကြားသည်။

ယင်းဆောင်းပါးနှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာများတွင် ဖော်ပြသော ဆောင်းပါးအများစုသည် အပြု သဘောဆောင်ပြီး ငြိမ်းအေးရာ ငြိမ်းအေးကြောင်းထက် ပွဲဆူစေသည့် အရေးအသားများ ပိုများကြောင်း၊ ထိုအခါ ပြည်သူ လူထု၏ ငြင်းခုန်မှု အရှိန် ပိုမိုမြင့်မားလာပြီး ဝေဖန်မှုများမှာ ဘာသာရေး ဘက်ကို ရှေးရှု လာသည့် အတွက် အစိုးရကလည်း ယင်းကိစ္စကို အလေးထားသည်ကို သိစေချင်၍ ယင်းကဲ့သို့ ဖြန်ဝေခွင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စကို ပြန်ကြည့်လိုက်ရင် အစိုးရက လွယ်လွယ်နဲ့ တိုင်းမဂ္ဂဇင်းကို ပိတ်တယ်ပေါ့။ ကျွန်တော်တို့ အများကြီး စဉ်းစားပြီးမှ ဦးအောင်ကြည်နဲ့ ကျွန်တော်တို့ အဖွဲ့တွေ ခေါင်းချင်းရိုက်ပြီး ဒါကိုပိတ်လိုက်ရင် ဘာဖြစ်နိုင်မလဲ ဒါကိုပိတ်ရင် မီဒီယာဘက်က မီဒီယာလွတ်လပ်ခွင့်ကို နှောင့်ယှက်ရာ ကျမလား အဲလို အခါခါ စဉ်းစားဆုံးဖြတ်ပြီးမှ ဒီလိုဆုံးဖြတ်ခဲ့တာ ဖြစ်တယ်” သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းမီဒီယာများ အနေဖြင့် သတင်း၊ ဆောင်းပါးများ ရေးသားသည့်အခါ ပဋိပက္ခ မဖြစ်အောင် ရေး သား သင့်ကြောင်း၊ ၎င်းတို့ အစိုးရအနေ၏ ပထမ ရည်ရွယ်ချက်မှာ ယင်းမဂ္ဂ ဇင်း ဖြန့်ဝေ သည့် အင်းဝစာ အုပ်တိုက်ကိုသာ ဖြန့်ဝေခွင့် ရပ်ရန်ဖြစ်သော်လည်း ပြည်တွင်းမီဒီယာများမှ မျိုးစုံ ဝိုင်းဝန်းရေး သားခဲ့သည့် အတွက် ယင်းမဂ္ဂဇင်း၏ ဇူလိုင်လထုတ် ဆောင်းပါးကို မဖော်ပြရန် ပိတ်ပင် ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ ထွက်ရှိမည့် မဂ္ဂဇင်းအား ဖြန့်ဝေခြင်း ပိတ်ထားမည် မဟုတ်ကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်