Tuesday, August 06, 2013

ရဲလေးဦးကို လူသတ်မှုဖြင့် စခန်းမှူးက ပြန်တရားစွဲ

Posted by drmyochit Tuesday, August 06, 2013, under | No comments


ပဲခူးတိုင်း ဖြူးမြို့နယ်ရဲစခန်းမှ ရဲလေးဦးကို လူသတ်မှုဖြင့် အဆိုပါရဲစခန်း၏ စခန်းမှူး အုန်းကျော်က တောင်ငူခရိုင် တရားရုံးတွင် တရားစွဲဆိုထားရာ သြဂုတ် ၂ ရက်တွင် ယင်းအမှုကို တရားသူကြီးက စွဲချက် တင်လိုက်ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းက အရက်သေစာသောက်စားထားသည့် ဖြူးမြို့မှ လူငယ် တစ်ဦးကို ရဲလေးဦးကရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းစဉ် သေဆုံးသွားမှုနှင့်ပတ်သက်ပြီး ၎င်းတို့ကို စွပ်စွဲ ကာ ယခုလိုတရား စွဲဆို ထားခြင်းဖြစ်သည်။

ရဲလေးဦးက စခန်းတွင်ခေါ်ဆောင် ထိန်းသိမ်းစဉ် သေဆုံးသွားခဲ့သူမှာ အသက် ၂၄ နှစ် အရွယ် ကိုလင်းလင်းထက် ဆိုသူဖြစ်ပြီး သူသည် သေဆုံးချိန်အထိပြစ်မှုကြောင်းအရ တစ်စုံတစ်ရာ အမှုဖွင့်ခံထားရခြင်းပင် မရှိသေးကြောင်းသေဆုံးသူ၏ အမဖြစ်သူက မဇ္ဈိမကိုပြောသည်။

ကိုလင်းလင်းထက် သေဆုံးသည့်အမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသည့် ရဲလေးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ကနဦး အရေးယူခဲ့ရာ ဒုရဲအုပ်တစ်ဦးက ထောင်တစ်နှစ် ချမှတ်ခံခဲ့ရပြီး ကျန် ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကိုမူ ရာထူးလျှော့ချသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ကာယကံရှင် မိသားစုထံမှ စုံစမ်းရရှိသည်။

ထိုသို့ ရဲဥပေဒအရ အရေးယူပြီးသည့်အပြင် အရပ်ဖက်တရားရုံး၌ လူသတ်မှုဖြင့် စခန်းမှူးက ထပ်မံ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားသူကြီး သြဂုတ် ၂ ရက်တွင် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

သို့သော် တောင်ငူခရိုင်တရားသူကြီး၏ စွဲချက်ကို ရဲများက “အပြစ်မရှိပါဘူး၊ သက်သေရှိပါတယ်” ဟု ခုခံခဲ့ကြောင်းတရားခွင်၌ သွားရောက်လေ့လာခဲ့သော သေဆုံးသူ၏ အမဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမကို ပြောသည်။

ယခုအမှုကို သြဂုတ် ၁၄ ရက်တွင် ထပ်မံစစ်ဆေးရန် တရားသူကြီးက ချိန်းဆိုလိုက်ကြောင်း သေဆုံးသူ၏ ဖခင်ဦးလှမြင့်က ပြောသည်။

လူသတ်မှုဖြင့် တရားစွဲခံထားရသော ဖြူးမြို့နယ်ရဲစခန်းမှ ရဲများမှာ ဒုရဲအုပ် သူရိန်စန်း၊ ဒုရဲအုပ် ၀င်းတင့်၊ တပ်ကြပ်ကြီး ဖိုးစီ၊ တပ်သား မင်းကိုလတ်တို့ဖြစ်ကြကြောင်း သေဆုံးသူ ကိုလင်းလင်းထက်၏ မိသားစုဝင်များက အတည်ပြုပြောကြားသည်။

ဇော်ဇော်ထွေး .
mizzimaburmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်