ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ရွှေတောင်မြို့နယ် မီးတောင်အုပ်စု၊ ဝါးလည်ရွာတွင် အလုပ် လုပ်ခြင်းဖြင့် ပေးဆပ် မည်ဟုဆိုကာ ချေးယူ ထားသောငွေ ၅၀၀ ကျပ်အတွက် အချင်းများရာမှ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
တူဖြစ်သူ ကိုသန်းသူမောင်ထံက ချေးယူထားသော ငွေ ၅၀၀ ကျပ်အတွက် အလုပ်လုပ်ပေးရန် ဦးဝင်းမြင့်နိုင် ကို သွားရောက်ခေါ်စဉ်တွင် ဦးဝင်းမြင့်နိုင် နေမကောင်း ဖြစ်နေခဲ့ကြောင်း၊ နောက် တစ်နေ့ တွင် တူဝရီးနှစ်ယောက် အတူအရက်သောက် စကားများရာမှ ဦးဝင်းမြင့်နိုင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ နေအိမ်ရှေ့ တွင် တူဖြစ်သူက တုတ်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးရှိ ရွာခံများ၏ ပြောဆိုချက် အရ သိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့က တူဝရီးဖြစ်သူ ဦးဝင်းမြင့်နိုင်နှင့် ကိုသန်းသူမောင်တို့ အရက်အတူ သောက်ရာမှ စကားများ ခဲ့ပြီး ကိုသန်းသူမောင်က ဝါးတုတ်ဖြင့်တစ်ချက် ရိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည် သူ့ဆေး ရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဒဏ်ရာဖြင့် သြဂုတ် ၁ ရက်နေ့တွင် ဦးဝင်းမြင့်နိုင် သေဆုံး သွား ခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ဦးအောင်မြင့်ဌေးက ပြောကြားသည်။
ဦးဝင်းမြင့်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ပ/၁၈၄/၂၀၁၃၊ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရွှေတောင်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
From : ..the voice
Time in Rangoon


0 comments:
Post a Comment