အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာရှိ ဗုဒ္ဓဘုရားရှိခိုးကျောင်းအတွင်း ဩဂုတ်လ ၅ ရက်တွင် ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုတွင် “ဘင်္ဂါလီတွေအတွက် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်” ဟူသော စာတန်းအား တွေ့ရှိခဲ့ရသည်ဟု AFP သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
ယင်းဖြစ်ရပ်မှာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ မြန်မာနိုင်ငံအတွင်းတွင် ဘာသာမတူသည့် အုပ်စုနှစ်ခုအကြား ပဋိပက္ခများ ဖြစ်ပေါ်နေစဉ် မွတ်ဆလင်အများစုနေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံအတွင်း ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။
ရာနှင့်ချီသော ဘုရားဖူးများ ဖူးမျှော်နေသည့် Ekayana ဗုဒ္ဓကျောင်းတော်အတွင်းတွင် သံအပိုင်းအစများဖြင့် ပြုလုပ်ထားသည့် ဖျက်အားနည်းသည့် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဘုရားဖူးတစ်ဦးမှာ ခြေထောက်နှင့် လက်များတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ဖောက်ခွဲရန်ပြင်ဆင်ထားသည့် ဒုတိယဗုံးတစ်လုံးမှာမူ မီးခိုးများသာ ထွက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့ဟု ရဲများက ဆိုသည်။
CCTV ကင်မရာမှတ်တမ်းများအရ အဖြူရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ကာ ဗုံးများထည့်ထားသည့် အစိမ်းရောင်ပုံးနှစ်ပုံးကို တံခါးနှစ်ခုအနီး ထားရှိခဲ့သည်ကို တွေ့ရှိရသည်ဟု ဘုရားကျောင်း တာဝန်ခံ Ponijan Liaw မှ AFP သို့ ပြောသည်။ ယင်းသို့ထားရှိပြီး မရှေးမနှောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း Ponijan Liaw က ပြောသည်။
အထုပ်တစ်ထုပ်တွင်မူ “ကျွန်တော်တို့က ဘင်္ဂါလီတွေအတွက် တုံ့ပြန်လိုက်တာပါ” ဟု တွေ့ရှိရပြီး ဗီဒီယိုမှတ်တမ်းအား ရဲများလက်သို့ ပေးအပ်ခဲ့သည်ဟုလည်း Liaw က ပြောသည်။
အင်ဒိုနီးရှား အာဏာပိုင်များကမူ တိုက်ခိုက်မှုပြုလုပ်ရသည့် အကြောင်းအရင်းအား ဆက်လက်စုံစမ်းနေဆဲဖြစ်သောကြောင့် မည်သူ့တွင် တာဝန်ရှိသည်ဆိုသည်အား ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း အမျိုးသားရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie မှဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုမှာ “အစ္စလာမ်ဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ဦးတည်တိုက်ခိုက်ရန်အတွက် ဆွပေးလိုက်ခြင်းဖြစ်ပါတယ်” ဟု အင်ဒိုနီးရှား ဘာသာရေးဝန်ကြီး Suryadharma Ali က ပြောသည်။
“ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်ကို သက်ရောက်မှုရှိမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်ကောင်းကောင်းသဘောပေါက်ပါတယ်။ သူတို့အကြားမှာရှိတဲ့ ပေါင်းသင်းဆက်ဆံရေးဟာ လက်ရှိအချိန်ထိကောင်းနေဆဲပါ။ အင်ဒိုနီးရှားနိုင်ငံအတွင်းက သူတို့တွေအကြားမှာ တိုက်ခိုက်မှုတွေ မဖြစ်ပွားသေးပါဘူး” ဟုလည်း သာသနာရေးဝန်ကြီးက ဆိုသည်။
ယခုလာမည့်လတွင် အစ်ပွဲတော်ဖြင့် အဆုံးသတ်မည့် မွတ်စလင်တို့၏ အထွတ်အမြတ်လ တစ်ခုဖြစ်သော “ဥပုသ်လ၏ ငြိမ်းချမ်းမှု” အား ဖျက်ဆီးလိုက်သည့် ရာဇဝတ်မှု ကျူးလွန်သူအား လုံခြုံရေးဝန်ကြီး Djoko Suyanto မှ ရှုတ်ချသည်။
“ပြစ်မှုကျူးလွန်သူကို ချက်ချင်း လိုက်လံဖမ်းဆီးဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမိန့်ပေးပြီးပါပြီ” ဟုလည်း ၎င်းက ဆိုသည်။
ယခုနှစ်မေလတွင် ဘင်္ဂါလီအရေးကိစ္စအပေါ်တွင် အမျက်ထွက်နေသည့် အစ္စလာမ်မစ်အစွန်းရောက်များမှ ဂျာကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုကိုလည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များမှ တားဆီးနိုင်ခဲ့သည်။
ဆယ်စုနှစ်ပေါင်း ခြောက်ခုမျှ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်နိုင်ရန်အတွက် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေသည့် မြန်မာနိုင်ငံသည် ဘာသာမတူသည့် အုပ်စုနှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။
ဇူလိုင်လ ၇ ရက်ကလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သေးသည်။
မဇ္ဈိမ၊ AFP |
Tuesday, August 06, 2013
ဘင်္ဂါလီအရေး တုံ့ပြန်သည့်အနေဖြင့် အင်ဒိုဘုရားကျောင်းကို ဗုံးဖောက်ခွဲဟုဆို
Posted by drmyochit
Tuesday, August 06, 2013, under သတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment