Tuesday, August 06, 2013

ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာဖွယ်ရှိသည့် ဒေးဗစ်ဘက်ဟမ်း

Posted by drmyochit Tuesday, August 06, 2013, under | No comments



ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ဘောလုံးလောကမှ အနားယူလိုက်ပြီးနောက် ရုပ်ရှင်လောကထဲ ဝင်ရောက်လာဖွယ် ရှိနေကြောင်း သိရသည်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝမှ အပြီးတိုင် အနားယူပြီဟု ယခုနှစ် အစောပိုင်းက ကြေညာထားသည့်နောက် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းသည် အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ မဆုံးဖြတ်ရသေးချေ။ သို့သော်လည်း ယခုအခါ ဘက်ဟမ်းသည် သရုပ်ဆောင် လောကထဲ ခြေချမှုအဖြစ် သူလျှို ဇာတ်လမ်းတစ်ခု၌ ပါဝင်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

The Secret Service ဟု အမည်ပေးထားသော ဇာတ်ကားတွင် ဘက်ဟမ်းပါဝင်လာနိုင်ကြောင်း နီးစပ်သူများက The Sun သို့ ပြောဆိုခဲ့သည်။ မက်သရူးဗော်ဂန်၏ ဇာတ်ကားသစ်တွင် ဘက်ဟမ်းသည် ဗီလိန်ဇာတ်ရုပ် တစ်နေရာမှ ပါဝင်ရန် စိတ်ဝင်တစား ရှိနေကြောင်းလည်း ခန့်မှန်းမှုများ အားကောင်းနေသည်။ ဘက်ဟမ်းကို မင်းသား ကိုလင်ဖာ့သ်က သရုပ်ဆောင်အဖြစ် ပါဝင်လိုစိတ် ရှိမရှိ မေးမြန်း စုံစမ်းခဲ့ပြီး ဘက်ဟမ်းကမူ မိမိအနေဖြင့် ယတိပြတ် မဆုံးဖြတ်နိုင်သေးဟု ပြန်ကြားခဲ့ကြောင်း ၎င်း၏ မိတ်ဆွေ အချို့က ပြောဆိုခဲ့သည်။

"ဘက်ဟမ်းက ရုပ်ရှင်တွေကို ကြိုက်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ထဲမှာ တစ်ခန်းတစ်လေလောက် ပါဝင်ရတာမျိုးကို သဘောကျတယ်။ ဒါပေမဲ့ အဲဒါက အချိန်ပြည့် နှစ်မြှုပ်ထားရတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အနေနဲ့တော့ မဟုတ်သေးဘူးလေ"ဟု ဘက်ဟမ်းနှင့် ရင်းနှီးသူများက The Sun သို့ ပြောကြားထားသည်။ ဗော်ဂန် အနေဖြင့် ဘက်ဟမ်းကို ယခုဇာတ်ကားတွင် အသုံးပြုခွင့်ရမည် ဆိုပါက ရုပ်ရှင်ဇာတ်ကား၏ ပုံရိပ်ကိုလည်း မြှင့်တင်ပြီး ဖြစ်စေမည်ဟု ယုံကြည်နေသည်။ ယခုဇာတ်ကားတွင် ဆမ်မြူရယ်လ် အယ်လ် ဂျက်ဆင်သည် ဗီလိန် ဇာတ်ရုပ်တစ်ခုအတွက် ပါဝင်ရန် သဘောတူညီထားပြီး ဖာ့သ်အပြင် မိုက်ကယ်ကိန်းလည်း သရုပ်ဆောင်သွားမည်ဟု သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်