Wednesday, September 04, 2013

ဆီးဂိမ်းစ် ရာသီအတွက် လိင်လုပ်သားများ ကျန်းမာရေး အသိပညာပေးရန် ပိုမိုလိုအပ်

Posted by drmyochit Wednesday, September 04, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၄။

လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအားကစားပြိုင်ပွဲသို့ လာရောက်ကြမည့် နိုင်ငံတကာမှ ဧည့်သည်အချို့နှင့် မြန်မာနိုင်ငံရှိ လိင်လုပ်သားတို့အကြား ဆက်ဆံရေးအဆင်ပြေစေရန် နှင့်
HIV/AIDS ရောဂါပိုးကူးစက်ခြင်းများ မဖြစ်ပေါ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းများ ပိုမိုပြုလုပ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“sea games ကျရင် လူတန်းစားပေါင်းစုံ ပြည်တွင်းကို လာမှာဆိုတော့ ကျန်းမာရေးပညာပေးတွေ ဘာသာစကားကိစ္စတွေကို ပညာပေးအနေနဲ့ ကျယ်ပြန့်စွာ လုပ်ဆောင်ရင်ကောင်းတယ်။ နောက်တစ်ခု စိုးရိမ်စရာက ဘာသာစကားအခက်အခဲကြောင့် ငွေကြေးအပိုင်းမှာ ကြားပွဲစားက ဖြတ်ယူသွားတာမျိုးတွေလည်း ကြုံတွေ့နိုင်တယ်။ တရားမ၀င်ဆိုတာမျိုးကြီးနဲ့ဖြစ်နေတော့ အခုရန်ကုန်မှာက အဖမ်းအဆီးပိုများလာတယ်။ ဒါကြောင့် အခက်အခဲဖြစ်တာမျိုးတွေရှိတယ်” ဟု Sex Worker in Myanmar Network (Swim Network) မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ ရက်တိုသင်တန်း အဖြစ် လိင် ဆက်ဆံသည့်အခါ ကွန်ဒုံး အသုံးပြုရန်နှင့် အသုံးမပြုချင်သည့် ဧည့်သည်များကို စနစ်တကျ ပြန်လည်ရှင်းပြနိုင်ရန် သင်ကြားပေးကြောင်း၊ ဘာသာစကားအခက်အခဲရှိသည့်အခါ ဟန်ပန်အမူအယာဖြင့် မည်သို့လုပ်ဆောင်သင့်ကြောင်း နှင့် ကွန်ဒုံးအသုံးပြုနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း လိင်လုပ်သားတစ်ဦးက ပြောကြားသည်။

“တစ်ချို့ sex worker တွေက မျက်နှာမပြ၀ံ့တာတွေ ၊ ကြောက်ရွံ့တာမျိုးတွေရှိနေတော့ လိင်လုပ်သားလုပ်နေတဲ့အဖွဲ့တွေရှိတဲ့နေရာကို ကျန်းမာရေးပညာပေးအနေနဲ့ လိုက်ပြောပေးနိုင်ရင်ပိုကောင်းတယ်“ ဟု ၎င်းက ပြောကြားသည်။

Swim Network မှ တာဝန်ရှိသူတစ်ဦးက “အဓိကကတော့ HIV/AIDS လျော့ချရေးအတွက်နဲ့ လူ့အခွင့်အရေးတန်းတူရရှိဖို့ ရည်ရွယ်ပြီး လိင်လုပ်သားတွေကို ပညာပေးလုပ်ရတာပါ။”ဟု ပြောကြားသည်။

၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲ မတိုင်မီ ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့အနေဖြင့် လိင်လုပ်သားများကို ကျန်းမာရေးပညာပေးသင်တန်းများ ပို့ချပေးခြင်းသည် ကောင်းမွန်းကြောင်းနှင့် ပညာပေးခြင်းကို ကျယ်ပြန့်စွာလုပ်ဆောင်ရန် မျှော်လင့်ကြောင်း Swim Network မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

HIV/AIDS လျော့ချရေးအတွက် လိင်လုပ်သားဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများကို မျက်နှာမပြလိုသူများဖြစ်စေ ၊ နယ်မြို့များမှဖြစ်စေ သင်တန်းပို့ချပေးမှုများအား ဖိတ်ခေါ်လိုသူများရှိပါက အခမဲ့ပို့ချပေးမည်ဖြစ်ပြီး ဖိတ်ခေါ်လိုပါက swimmyanmar2011@gmail.comသို့ အီးမေးလ်ပို့ ဆက်သွယ်၍ အကူအညီတောင်းနိုင်ကြောင်း သိရှိရသည်။

ကိုလင်း (KL)
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်