Wednesday, September 04, 2013

ဓါးကိုင်ရမ်းကားသည့် ရူးသွပ်နေသူကိုဖမ်းဆီး

Posted by drmyochit Wednesday, September 04, 2013, under | No comments



နေပြည်တော်၊ စက်တင်ဘာ ၃

၃၀-၈-၂၀၁၃ ရက်နေ့ ၁၉၅၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ ၁၆ လမ်း(၈၀x၈၁)လမ်းကြားတွင် လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ အောင်မြေသာစံ အမှတ်(၄)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အောင်မြေသာစံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ်သို့ ဖမ်းဆီးရန် သွားရောက်ခဲ့သည်။

အထက်ပါနေရာတွင် ပြည်လုံးချမ်းသာရပ်နေ အုန်းကြီး(ခ)စိုင်းကျော်ထက်သိန်း(ခ) စိုင်းကိုကို(၃၀)နှစ်က အရိုးအသွား(၈)လက်မခန့်ရှိဓါးဦးချွန်၊ မီးဖိုဆောင် သုံးဓါး(၁)ချောင်း၊ အရှည်(၁၀)လက်မရှိ လက်ကိုင်ကွေးထားသော ဆိုင်ကယ်စပုတ်တံ (၁)ချောင်းတို့ ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာများအား လိုက်လံ ထိုးနှက်ရန်ပြုနေသည်ကိုတွေ့ရသဖြင့် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် အုန်းကြီးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး (၁၅x၈၂)လမ်းထောင့်၌ စက်ဘီးစီး လာသည့် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်နေ ၀င်းထွန်း(၃၂)နှစ်အားရန်ပြုခဲ့သဖြင့် ၀င်းထွန်းတွင် မေးရိုးယာဘက် ပြတ်ရှဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ၎င်းသည် ဆက်လက်ထွက်ပြေးသွားပြီး(၈၂)လမ်း၊ (၁၅x၁၆)လမ်းကြားသို့အရောက် ပြည်လုံးချမ်းသာ ရပ်နေ ဇော်မင်းဦး(၄၂)နှစ်အား ဆက်လက်ရန်ပြုခဲ့သဖြင့် ဇော်မင်းဦးတွင် ယာလက်မောင်း ပြတ်ရှ၊ ၀ဲလက်ဖျံ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် မန္တလေးဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းဖမ်းဆီး ခဲ့ရာ အုန်းကြီးကို နောက်စေ့နှင့်ဦးခေါင်းထိပ်တို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သောကြောင့် မန္တလေးဆေးရုံ သို့တင်ပို့ကုသခဲ့ပြီး အုန်းကြီးနှင့်အတူနေအဒေါ်ဖြစ်သူ ဒေါ်ဇင်မာဝင်း(၄၀)နှစ်အား မေးမြန်း စုံစမ်းချက်အရ အုန်းကြီး သည် ငယ်စဉ်ကတည်းက စိတ်ပုံမှန်မဟုတ်ဘဲ ရူးသွပ်နေသောကြောင့် ထိန်းမရသဖြင့် လွှတ်ထားရခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် အုန်းကြီး(ခ)စိုင်းကျော်ထက်သိန်း(ခ) စိုင်းကိုကိုအား မန္တလေး ဆေးရုံကြီးမှ စိတ်ကျန်းမာရေး ဌာနသို့ လွှဲပြောင်းကုသစေလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်