Friday, September 13, 2013

လူသတ်မှု မဟုတ်ဘဲ လူသတ်သည်ဟု သေသူ၏ ညီအစ်ကိုအရင်းများကို ဖမ်းဆီး

Posted by drmyochit Friday, September 13, 2013, under | No comments

ကလော၊ စက်တင်ဘာ ၉

ရှမ်းပြည်နယ်၊ ကလောမြို့၊ ကလောရဲစခန်းတွင် သြဂုတ် ၁၁ ရက်က လူသတ်တရားခံဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံထားရသူ မြင်းမထိရွာသား (၄) ဦးသည် သေဆုံးသူ၏ ညီအစ်ကိုအရင်းများ ဖြစ်ကြပြီး ရန်ငြိုးရန်စရှိသူ ရွာသားတစ်ဦး၏ မရေမရာ လိမ်လည်သတင်းပေး တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်ကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ မသူဇာထွေးက ပြောကြားခဲ့သည်။

ယခုအခါ ပြစ်မှုပုဒ်မ ၃၀၂/ ၃၄၊ ၂၀၁ တို့ဖြင့် တရားစွဲနိုင်ရန် အမှုတွဲ တည်ဆောက်လျက်ရှိခြင်းကြောင့် ကာယကံရှင်မိသားစုနှင့် ရွာသူ၊ ရွာသားတို့ စိုးရိမ်ထိတ်လန့် နေကြရသဖြင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးဆောင်ရွက် ပေးနိုင်ပါရန် သေဆုံးသူ၏ ညီမဖြစ်သူ မသူဇာထွေးက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီထံသို့ စက်တင်ဘာ ၇ ရက်က တင်ပြထားပြီး ၀န်ကြီး – ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲချုပ် – မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ဥပဒေအရာရှိချုပ်ရုံးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မိတ္တူများ ပေးပို့တင်ပြထားကြောင်း ပြောကြားခဲ့သည်။

 သြဂုတ် ၃ ရက်တွင် သဆုံး သူ ကိုကျော်အောင်သည် အရက် အလွန်အကျွံ သောက်စားမူးယစ်ကာ ဓားမြှောင်တစ်ချောင်းကို ကိုင်၍ ကျေးရွာအတွင်း ဆူပူသောင်းကျန်းနေပြီး နေအိမ်သို့ ပြန်လာကာ … အိမ်တံခါးအား တွန်းဖွင့်နေသည်ကို အိမ်အပေါ်ထပ်ရှိ ၄င်း၏ မိခင်နှင့် ညီဖြစ်သူ ကိုကျော်ဆောင်၊ ညီမ ဖြစ်သူ မသူဇာထွေးနှင့် မဖြူဖွေးစံ (၂)နှစ်တို့က ကြောက်လန့်၍ အိမ်တံခါးမဖွင့်ရဲကြဘဲ ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အိမ်အပေါ်ရှိသူများ ဆင်း၍ကြည့်သောအခါ ကိုကျော်အောင်မှာ ပက်လက် အနေအထားဖြင့် လဲကျနေကြောင်း၊၊ သြဂုတ် ၄ ရက် ညနေ ၅ နာရီခန့်တွင် ကိုကျော်အောင်မှာ အပေါ့အလေးများ သွားထားသဖြင့် နှိုးကြရာ မထနိုင်ဘဲ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း လှုပ်မရတော့ဘဲ လေဖြတ်နေပြီး ည ၉ နာရီ မိနစ် ၄၀ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ သင်္ဂြိုဟ်ပြီး နောက်တစ်နေ့တွင် တစ်ရွာတည်းနေ ဦးသာဒင်က ရဲစခန်းသို့သွား၍ သေဆုံးသူ ကိုကျော်အောင်မှာ ၀ိုင်း၍ ရိုက်သတ်သဖြင့် သေဆုံးကြောင်း ကိုယ်တိုင်မြင်တွေ့ခြင်း မရှိဘဲ ၄င်း၏ သားဖြစ်သူ၏ တစ်ဆင့်ကြားစကားဖြင့် မရေမရာ လိမ်လည်သတင်းပေး တိုင်တန်းခဲ့ကြောင်း၊ သြဂုတ် ၁၁ ရက် ညနေတွင် ကိုကျော်ဆောင်နှင့် ကိုအောင်ငယ်တို့အား ဖမ်းဆီးကာ ကိုအောင်ဝင်း၊ ကိုမင်းဒင်နှင့် မသူဇာထွေးတို့အားလည်း စစ်ဆေးစဉ်တွင် အခင်းဖြစ်ညက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်ဟု ထွက်ဆိုသော်လည်း ဒုရဲမှူး ရွှေဦးက “အဲဒီလို မပြောနဲ့၊ ညီအစ်ကို မောင်နှမအားလုံး ဖမ်းချုပ်ပစ်မည်” ဟု ပြောခဲ့သည်။

သက်သေခံတုတ်အား သိမ်းဆည်းစဉ်အခါက သွေးများ ပေကျံနေခြင်း တစ်စုံတစ်ရာ မရှိသော်လည်း ဓာတုဗေဒ၀န်ရုံး၏ ထင်မြင်ချက် ပြန်ကြား ရာတွင် သွေးများ တွေ့ရှိသည်ဟု သိရှိရကြောင်း၊ အလောင်းအား ဆေးရုံ၌ ခွဲစိတ်စဉ်က သွေးထွက်စေသည့် ပေါက်ပြဲဒဏ်ရာ မတွေ့ရှိကြောင်း၊ စခန်းမှူးသည် အခင်းဖြစ်ညက ရှိနေသူနှင့် သက်သေများအားလုံးကို စစ်ဆေးခြင်းမပြုဘဲ လုပ်ကြံတိုင်တန်းသူ တင်ပြသည့် သက်သေများ ကိုသာ စစ်ဆေးခဲ့ပြီး အမှုမှန် ပေါ်ပေါက်ရေး ထက် တရားစွဲတင်နိုင်ရေးကိုသာ အလေးပေး၍ အမှုတွဲ တည်ဆောက်လျက် ရှိသည်။

နွေဦးနေ
Myanmartandawsint Newspaper


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်