Friday, September 13, 2013

Friday 13th အကြို ကံဆိုးခဲ့သည့် နစ်ကိုးလ်ကစ်ဒ်မင်း

Posted by drmyochit Friday, September 13, 2013, under | No comments

ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးသည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ကျင်းပသည့် ဖက်ရှင်ပြပွဲ တစ်ခုမှ သူမတည်းခိုသော ဟိုတယ်သို့အပြန် စက်ဘီးတစ်စင်း ခပ်ပြင်းပြင်း ဝင်တိုက်မှုနှင့် ကြုံခဲ့ရသည်။


အနောက်တိုင်းတွင် Friday 13thသည် ကံဆိုးတတ်သည်ဟူသော အယူအစွဲမျိုး ရှိသော်လည်း နစ်ကိုးလ်ကစ်ဒ်မင်း အနေဖြင့်မူ တစ်ရက်စောပြီး ကံဆိုးသွားခဲ့သည်။ ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးသည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ကျင်းပသည့် ဖက်ရှင်ပြပွဲ တစ်ခုမှ သူမတည်းခိုသော ဟိုတယ်သို့အပြန် စက်ဘီးတစ်စင်း ခပ်ပြင်းပြင်း ဝင်တိုက်မှုနှင့် ကြုံခဲ့ရသည်။ အသားရောင်ဖျော့ဖျော့ ပွဲတက်ဝတ်စုံနှင့် နေကာမျက်မှန်တို့ကို တွဲဖက်ဝတ်ဆင်ထားသော မင်းသမီးသည် ယင်းအခြေအနေတွင် စတိုင်မကျနိုင်တော့ဘဲ ဒေါက်ဖိနပ်များပါ ကျွတ်ထွက်ကာ ဖရိုဖရဲ လဲကျခဲ့ရသည်။ သူမကို စက်ဘီးဖြင့် ဝင်တိုက်သူမှာ ကားလ်ဝူ အမည်ရှိ ပါပါရာဇီ ဓာတ်ပုံသမား တစ်ဦးဖြစ်သည်။

ကားလ်သည် နစ်ကိုးလ်ကို ဓာတ်ပုံရိုက်လိုဇောဖြင့် ဒရောသောပါး စက်ဘီးစီးလာရင်း အရှိန်မထိန်းနိုင်ဖြစ်ကာ အော်စကာဆုရှင် မင်းသမီးကို ဝင်တိုက်မိခြင်းဟု သိရသည်။ နစ်ကိုးလ် အနေဖြင့် လမ်းပေါ် လဲကျသွားရာမှ လူးလဲထစဉ် နာကျင်နေဟန်ရှိပြီး ကားလ်သည်လည်း စက်ဘီးနှင့်လူ တခြားစီ ပြုတ်ကျခဲ့သည်။ Calvin Klein ဖက်ရှင်ပြပွဲမှ ပြန်လာစဉ် နစ်ကိုးလ်နှင့် တောက်လျှောက် ကပ်ပါလာသော သက်တော်စောင့်များသည်လည်း ရုတ်တရက် ကြုံလိုက်သော အခြေအနေကို တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခဲ့ချေ။ ကားလ်ကို နစ်ကိုးလ်၏ သက်တော်စောင့်များက ကြိမ်းမောင်းနေသည်ကိုလည်း တွေ့ရှိရသည်။

TMZ သတင်းဌာနက နစ်ကိုးလ်သည် အဆိုပါ ပါပါရာဇီ သတင်းသမားကို အလွန်ဒေါသထွက်နေပြီး တရားစွဲရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ စက်ဘီးတိုက်မှု အပြီးတွင် အဆိုပါ ဟိုတယ်သို့ ဆေးရုံကားတစ်စင်း ရောက်လာပြီး နစ်ကိုးလ်၏ အသေးစား ဒဏ်ရာများကို ကုသပေးခဲ့ရသည်။ ကားလ်ကိုလည်း လူသွားလမ်းပေါ် စက်ဘီးတက်စီးခြင်းကို မေးမြန်းစစ်ဆေးရန် ရဲကားတစ်စင်းက လာရောက် ခေါ်ဆောင်သွားသည်။ နယူးယော့ခ်တွင် လူသွားစင်္ကြန်ပေါ် စက်ဘီးစီးခြင်းကို တရားဥပဒေအရ တားမြစ်ထားကြောင်း သိရှိရသည်။

From: Planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်