Sunday, September 01, 2013

မြန်မာအလှမယ်တို့၏ နိုင်ငံတကာတစ်ကျော့ပြန်

Posted by drmyochit Sunday, September 01, 2013, under | No comments


နိုင်ငံတကာအဆင့် အလှမယ် ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေ ခဲ့သော မြန်မာနိုင်ငံ တွင် ‘Miss International’ ဟူသော စကားလုံးသည် ပြီးခဲ့သည့်နှစ်ကမှစ၍ လူပြောများ ရေပန်းစားပြီး စိတ်ဝင်စားစရာ စကားလုံးတစ်လုံး ဖြစ်လာခဲ့ကာ ယခုအချိန်သည် နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာ့အလှမယ်များ သွားရောက် ယှဉ်ပြိုင်လာချိန်၊ ယှဉ်ပြိုင်ရန်တာစူနေချိန် ဖြစ်သည်။ နိုင်ငံတကာနှင့် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်မှုအရပ်ရပ် အပြောင်းအလဲ ရှိလာချိန်တွင် ဖြစ်ထွန်းလာသော ပြောင်းလဲမှုတစ်ခုပင်။

socie_mmahmte_01ယင်းလူပြောများလာသော စကားလုံးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ကျင်းပခဲ့သော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု၍ နန်းခင်ဇေယျာ သွားရောက် ယှဉ်ပြိုင်ခြင်းမှ အစပြုခဲ့သည်။ ပြင်ဆင်ချိန်နည်း၊ အတွေ့ အကြုံနည်း အနေ အထား ရှိ နိုင်ငံမှ သွားသော်ငြား ပွဲဦးထွက်လည်းဖြစ်၊ မြန်မာဆိုသော အသိစိတ်ဓာတ်ဖြင့် အားပေးမှုများကြောင့် Miss Internet ဆုကိုရရှိခဲ့ပြီး People Choice Award, Ambassador Beauty ခေါင်းစဉ်ဆုများလည်း ရရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပမည့် Miss Supranational ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Supranational Myanmar ခင်ဝင့်ဝါက လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ကျင်းပမည့် Miss Grand International ပြိုင်ပွဲကြီးတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Grand Myanmar ထားထက် ထက်က လည်းကောင်း၊ လာမည့် အောက်တိုဘာလ ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် Miss International ပြိုင်ပွဲတွင် Miss Myanmar International ဂုဏ်ရည်အေးကျော်က လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအပြင် (၆၁) ကြိမ်မြောက် ကျင်းပမည်ဖြစ်သော Miss Universe ကမ္ဘာ့ အလှ မယ်ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုတွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ ယင်းကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အကြိမ် ပြန်လည် ၍ ခြေ လှမ်းနိုင်တော့ မည် ဖြစ်သည်။

ယင်းသို့သော ပြိုင်ပွဲများ မတိုင်ခင်က နီးနီးစပ်စပ်ရှိသော ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Miss ASEAN 2005 ပြိုင်ပွဲတွင် အိရူပါဝင်းက ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၎င်းကျွမ်းကျင်စွာ တီးခတ် နိုင်သော စန္ဒရားတူရိယာကို တီးခတ်ပြသ၍ Miss Talent ဆုကို ရရှိခဲ့သည်။


ယင်းသို့ပြိုင်ပွဲများနှင့် ကင်းကွာခဲ့ချိန်၊ မော်ဒယ်လ်ပြိုင်ပွဲများနှင့် မော်ဒယ်လ်များကိုသာ လူငယ်များအဖို့ ရင်းနှီးကျွမ်းဝင် နေခဲ့ချိန်တွင် နိုင်ငံတကာ Miss အဖြစ် ယှဉ်ပြိုင်သူတွင် မော်ဒယ်လ်များနှင့် မတူသည့် လိုအပ်ချက်နှင့် အရည်အသွေးများရှိရန် လိုကြောင်းကို စတင်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် Miss Universe၊ Miss World၊ Miss Earth၊ Miss Supranational၊ Miss International၊ Miss Grand ဟူ၍ပြိုင်ပွဲများ ပြုလုပ်လျက်ရှိရာ မိမိတို့နိုင်ငံတွင် ယင်းပြိုင်ပွဲများကို စိတ်ဝင်တစား ကြည့်ရှုလာသူများနှင့် အဆိုပါပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားသူများ ရှိလာပြီ ဖြစ်သည်။
ကမ္ဘာ့အဆင့် ၃ ရှိ အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သော Miss Supranational ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ “ဒီပွဲကိုဝင်ပြိုင်ဖြစ်တာက ပွဲလုပ်တဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ပါ။

ပြီးတော့ မနန်းခင်ဇေယျာလိုမျိုး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ကိုယ့်နိုင်ငံကိုယ်စားပြုပြီး သွားပြိုင်ချင်နေတာ အခုတော့ ဆန္ဒပြည့်ဝသွားပါပြီ။ ညီမမြန်မာနိုင်ငံရဲ့ စလွယ်ကိုလွယ်ထား တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု Miss Supranational Myanmar ခင်ဝင့်ဝါက ပြောကြားသည်။


“ကိုယ်က မြန်မာနိုင်ငံဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့…”


Miss Supranational Myanmar မခင်ဝင့်ဝါ စံထားသော နန်းခင်ဇေယျာကလည်း ယခုကဲ့သို့ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်ရသည်မှာ မလွယ်ကူကြောင်းနှင့် စိတ်ဓာတ်ကျစရာများ ကြုံတွေ့နိုင်သောကြောင့် မိမိအသိစိတ်တွင် မြန်မာကိုယ်စားပြု လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံ့ဂုဏ်ကို မညှိုးနွမ်းစေရန် အသိတို့ကို ထားစေချင်ကြောင်း၊ မိမိယှဉ်ပြိုင်စဉ်က ပြင်ဆင်ချိန် မရှိသည့်အပြင် တစ်ကိုယ်တည်း သွားရောက် ယှဉ်ပြိုင်ခဲ့ရကြောင်း စသည်ဖြင့် ၎င်း၏အတွေ့အကြုံများနှင့် ပြင်ဆင်ရန် လိုအပ်သည်များကို ပြောပြသည်။

လက်ရှိအချိန်တွင် မခင်ဝင့်ဝါသည် နိုင်ငံကိုယ်စားပြုရန်အတွက် ပြိုင်ပွဲကျင်းပမည့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်၍ ယှဉ်ပြိုင်မှုများ ပြုလုပ်နေပြီး ယင်းပြိုင်ပွဲတွင် အလှမယ် အားလုံးကို မေးခွန်း များမေးမြန်း ၍ အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း ၎င်းမှာ ထိုမေးခွန်း များကို ကောင်းမွန် စွာ ဖြေဆိုနိုင်ခဲ့ကာ လက်ရှိတွင် Miss Internet ဆုအတွက် အင်တာနက်မှ vote ပေးသူ အများအပြား ရရှိနေသည်။


Miss Grand International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျွမ်းဘားမယ် ဖြစ်ခဲ့ဖူးသူ မထားထက်ထက် သည် ဘာသာ စကားလေးမျိုး တတ်မြောက်ထားပြီး နိုင်ငံအတွက် အကျိုးပြုသူတစ်ဦး ဖြစ်လိုသောကြောင့် ပြိုင်ပွဲဝင်ခြင်း ဖြစ်ကြောင်း၊ သွားရောက် ယှဉ်ပြိုင်ချိန်တွင် မြန်မာအမျိုးသမီးထုကို ကိုယ်စားပြု ရမည် ဖြစ်သောကြောင့် မြန်မာ အမျိုးသမီးများ၏ နေထိုင်မှုပုံစံများကို ၎င်းတို့အထင်ကြီး လေးစားစေရန် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြောဆိုသည်။


“မြန်မာနိုင်ငံမှာက Miss တစ်ယောက်နဲ့ Model တစ်ယောက်ကို အတူတူပဲလို့ မြင်နေတဲ့ အမြင်မှာတွေ ရှိနေပါတယ်။ Miss ဆိုတာက ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်တဲ့သူ တစ်ယောက်ပါ။ သူလုပ်တဲ့ အပြုအမှုတွေကို ကြည့်ပြီးတော့ သူတို့နိုင်ငံက ဒီလိုပုံစံနေထိုင်ကြတယ် ဆိုတာကိုအများက မြင်ကြမှာပါ။ အဲ့ဒါကြောင့် Miss တစ်ယောက်ဟာကိုယ့် နိုင်ငံရဲ့ဂုဏ်ကိုဆောင် နိုင်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံမှ Miss Supranational နှင့် Miss Grand International ပြိုင်ပွဲများအတွက် မြန်မာ နိုင်ငံမှ National Director အဖြစ် ဆောင်ရွက်သူ ကိုဟန်ဇော်ထက်က ၎င်း၏အမြင်ကို ပြောကြားသည်။

လက်ရှိတွင် မထားထက်ထက်သည် ပြိုင်ပွဲတွင် မိမိ၏ အရည် အချင်းကို ကောင်း မွန်စွာ ပြ သနိုင်အောင် မြန်မာ့ တူရိယာတစ်ခု ဖြစ်သော စောင်းကို တီးခတ်၍ ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အမှား မရှိအောင် ပြင်ဆင်နေပြီး ယခင်ကလည်း ကျွမ်းဘားမယ်တစ်ဦးအဖြစ် နိုင်ငံတကာနှင့် ယှဉ်ပြိုင် ဖူးသောကြောင့် ကျွမ်း ဘား အားကစားကိုလည်း ထည့်သွင်းပြ သမည်ဖြစ်၍ လေ့ကျင့်မှု များ ပြုလုပ်နေကြောင်း၊ နိုဝ င်ဘာလတွင်မှ ယှဉ်ပြိုင်ရန် သွားရောက်ရ မည် ဖြစ်သောကြောင့် ပြင်ဆင် ချိန်များ ရှိသေး၍ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။


ထို့နောက် မိမိတို့ယှဉ်ပြိုင်ရသော ပြိုင်ပွဲသည် နိုင်ငံတကာနှင့် တန်းတူပြိုင်ရမည်ဖြစ်၍ ၎င်းတို့ သတ်မှတ် ထားသည့် စည်းမျဉ်းအရ ရေကူးဝတ်စုံ (swimsuit) ဝတ်၍ ပြိုင်ရ မည် ဖြစ်သောကြောင့် မြန်မာ ပရိသတ်များ အနေဖြင့် နားလည်စေချင်ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေး မှုအရ ထိုသို့ယှဉ်ပြိုင်သည်မှာ ကိုက်ညီမှု မရှိသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်မှသာ နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံတွင် ပြည်ထောင်စုမယ် ပြိုင်ပွဲကဲ့သို့ စင်မြင့်ထက်တွင် ရေကူးဝတ်စုံ ဝတ်ဆင် ယှဉ်ပြိုင် ရသော ပြိုင်ပွဲရှိခဲ့သော်လည်း လက်ရှိတွင် မြန်မာအလှမယ်များ နိုင်ငံတကာ စင်မြင့်ထက် ရေကူးဝတ်စုံ (two piece) ဝတ်ဆင်ယှဉ်ပြိုင်နေခြင်းကို ပြစ်တင်ပြောဆိုနေသေးသော သဘောထားများ ရှိနေသည်ကို လူမှုကွန် ရက် စာမျက်နှာများတွင် တွေ့မြင်နေရသည်။

“အစ်မသွားပြိုင်တုန်းကလည်း အဲ့ဒီ bikini (ရေကူးဝတ်စုံ) ကိုဝတ်ရမှာ ရှက်ပါတယ်။ ဒါပေမဲ့ ကိုယ် ကမြန်မာနိုင်ငံ ဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံက ဆိုပြီးတော့ သီးသန့် အခွင့်အရေးပေးထားတာ မဟုတ်ဘူး။ အကုန်လုံးကို တန်းတူပဲလို့ သတ်မှတ်ထားတာပါ” ဟု Miss Internet 2012 ဆုရှင် နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံများ ကိုရှင်းပြသည်။

ကမ္ဘာ့အကြီးဆုံးအလှမယ် ပြိုင်ပွဲကြီးဖြစ်သော Miss Universe ပွဲကြီးကို လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ်များ ယှဉ်ပြိုင်နိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူနေသည်။
အဆို ပါပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများသည် အဓိကမြန်မာဆန်သောသူ ဖြစ်ရမည့်ဖြစ်ပြီး စကားပြော ယဉ်ကျေး ရမည် ဖြစ်ကြောင်း၊ အရပ်အမြင့်မှာ အနည်းဆုံး ၅ ပေ ၆ လက်မ ရှိရမည်ဖြစ်ပြီး အပျိုဖြစ် ရမည် ဖြစ်ကြောင်း၊ swimsuit ဝတ်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာကို ကောင်းမွန်စွာပြော နိုင်ရန် မလိုကြောင်း Miss Myanmar Universe organization တာဝန်ယူထားသော Hello Madam media group ၏ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ်ဆက်တိုက် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှ ပြန်လည် ယှဉ်ပြိုင်ရန် ပြင်ဆင် လာခြင်း ဖြစ်သည်။

ယခုချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထား သူများမှာ ၃၀ ဦးခန့်ရှိပြီး သြဂုတ်လ ကုန် ထိ လျှောက် လွှာတင်နိုင်ကာ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီး ဆုံး အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်း သာကြောင်း Hello Madam media မှ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီး ဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင်ရမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ဒီပွဲအကြောင်း ကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်းသူများနိုင်ငံမှာ မြန်မာနိင်ငံ ကိုယ်စားပြု သွားပြိုင်ရ မယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်” ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

အများစုမှာ Miss နှင့် Model ကို ကွဲပြားစွာ မမြင်ကြသေးပါ။ Model ဆိုသည်မှာ အနုပညာအလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုသူဟု ဆိုနိုင်ပြီး Miss ဆိုသည်မှာ Miss တစ်ယောက်တွင် ရှိသင့် ရှိထိုက်သော အရည်အချင်းများနှင့် ပြည့်စုံမှ သတ်မှတ်ခြင်းခံရကာ ၎င်း၏ဂုဏ်ပုဒ်တစ်ခုဖြင့် ကိုယ့်နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သူတစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် Miss Internet ဆုရှင် နန်းခင်ဇေယျာမှာ ပရဟိတ အလုပ်များစွာကို လုပ်ကိုင်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အားလပ်သည့် အချိန်များတွင် ကိုယ်တိုင်သွားရောက် လုပ်အားပေး ကုသိုလ်ယူခြင်းများ ပြုလုပ်၍ ၎င်းကို ချစ်မြတ်နိုးသော ပရိသတ်များထံသို့ အသိတရားများ ဖြန့်ဝေခဲ့သည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင်လည်း သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး အားကစား တွင်လည်း အကျိုးပြုသူတစ်ဦးအဖြစ် ရပ်တည်နေသည်။
“Miss ဆိုတာက အဓိက Education ပိုင်းမှာရော၊ Talent အပိုင်းမှာရော ပြည့်စုံနေတဲ့ သူတစ်ယောက် ဖြစ် ရ ပါမယ်။ Model ဆိုတာက အလှအပပိုင်းဆိုင်ရာကို အဓိကထားပြီးတော့ Show ပွဲတွေလျှောက်ပြီး အနုပညာ အလုပ်မျိုးပဲ လုပ်တယ်လို့ ထင်ပါတယ်။ Miss ပြိုင်ပွဲတွေကိုဆိုရင် တော်တော်များများက အနုပ ညာ လောကထဲက မဟုတ်ဘဲနဲ့ အပြင်လောကက အရည်အချင်းပြည့်တဲ့ အမျိုးသမီးတွေ ပြိုင်တာ များတာ ကို တွေ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမှ အလှမယ်များကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲ များ ပြုလုပ်နိုင်ရန် စီစဉ်နေသည့် Myanmar Model Management မှ ဒါရိုက်တာ ဦးဌေးမင်း ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ကြီးကျယ်သော Miss ပြိုင်ပွဲများကို မကျင်းပနိုင်သေးသော် လည်း ပြည်ပနိုင်ငံမှ ပြုလုပ်သော ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သော အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းခြင်းများ ပြုလုပ်ထားသင့်သည်မှာ သေချာလာသည်။ နိုင်ငံတကာတွင် ပြုလုပ်သော Miss ပြိုင်ပွဲများတွင် တင်ဆက်မှုများမှာ ခမ်းနားလှပပြီး ပြိုင်ပွဲတစ်လျှောက်တွင် အဆင့်ဆင့် ယှဉ်ပြိုင်ရ ကာ နိုင်ငံတိုင်းရှိ ပေါ်ထွန်းသော ရိုးရာယဉ်ကျေးမှုများကို ချပြကြသည်။ အကဲဖြတ်ဒိုင်များမှာလည်း အမှန်တကယ် အရည်အချင်းရှိသူများသာ ရွေးချယ်ကြသည်ကို ယင်းပြိုင်ပွဲများကို ကြည့်ရှုခြင်းဖြင့် သိနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ Miss ပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု များ ကို ဖော်ပြနိုင် မည့် အပြင် အကျိုးကျေးဇူးများစွာ ရရှိလာနိုင်သည်။ Miss International 2012 ပြိုင်ပွဲတွင် နန်းခင်ဇေယျာ သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအကဖြစ်သော ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် Miss Grand Myanmar ပြိုင်ပွဲဝင်မည့် မထားထက်ထက်ကလည်း မြန်မာ့ရိုးရာ တူရိယာစောင်းကို တီးခတ်ပြ သမည် ဖြစ် သည်။

ဆယ်စုနှစ်ပေါင်းများစွာ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သော မြန်မာနိုင်ငံမှ အလှမယ်များသည် ယခုချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူ ရင်ပေါင်တန်းနိုင်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုစလွယ်ကို လွယ်၍ ဂုဏ်ယူစွာဖြင့် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ခြေလှမ်းလှမ်းနိုင်တော့မည် ဖြစ်သည်။

ယင်းသို့ မြန်မာနိုင်ငံမှ နိုင်ငံတကာ ပြိုင်ပွဲများသို့ အလှမယ်စေလွှတ် ယှဉ်ပြိုင်မှုများ ပြုလုပ်လာကြရာတွင် ရုပ်ရည်ချောမောမှုသာမက လုံလောက်စွာ လေ့ကျင့်သွားမှုများ၊ လိုအပ်သော အရည်အသွေးများ စ သည်ဖြင့် ပြည့်စုံသူများ သွားရောက်နိုင်ရေးအတွက် ရွေးချယ်မှုများ မှန်ကန်ရန်၊ အရည်အသွေးရှိသူများ ယှဉ်ပြိုင် ရန် စိတ်ဝင်စားမှု ရှိလာစေရန်လည်း လိုအပ်သည်ဟု စိတ်ဝင်စားသူများက သုံးသပ်ကြ ပါသည်။ မြန်မာနိုင်ငံအဖို့ အတွေ့အကြုံနှင့် လိုအပ် ချက်များလည်း ရှိနေသေးရာ ပြိုင်ပွဲဝင်များသည်လည်း ထပ်မံကြိုးစားသင့်သည်များကို သတိပြုသင့်သည်သာမက နိုင်ငံသား အချင်းချင်းပေးသည့် Vote အရေအတွက်ကို အာရုံစိုက် အားကိုးမနေရေးကိုလည်း များစွာသတိထားသင့်ကြောင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ စောင့်ကြည့်အားပေးသူ မြန်မာနိုင်ငံသားအချို့က သုံးသပ်သတိပေးကြသည်။

ဟန်သူထွန်း
From: The Voice Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်