Sunday, September 01, 2013

ပြည်တွင်းဖြစ် အင်တာနက်ဖုန်း

Posted by drmyochit Sunday, September 01, 2013, under | No comments


နိုင်ငံတကာကို ဖုန်းလိုင်းကတစ်ဆင့် ဖုန်းခေါ်တယ်ဆိုတာ ဟိုတုန်းကတော့ အိပ်မက်တစ်ခုပဲဗျ။ ကြိုးဖုန်းတွေကို ဒစ်ဂျစ်တယ်စနစ် စပြီး ပြောင်းပေးတဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ နိုင်ငံရပ်ခြား ဖုန်းပြောတယ် ဆိုတာကို တော်တော်တန်တန် လူသိလာတယ်။ ဒါပေမယ့် လူသုံးမများဘူး။ ကုမ္ပဏီတစ်ချို့ကို အင်တာနက် သုံးခွင့်ပေးလိုက်တော့ အီးမေးလ်ဆိုတာကို ကျွန်တော်တို့ စပြီး သိလာတယ်။ အဲဒီအချိန်မှာ gmail မရှိသေးဘူး။ အင်တာနက်ပေါ်မှာ တွေ့သမျှ မေးလ်တစ်ခုခုမှာ စာရင်းဖွင့်ပြီး သုံးရတယ်။ သိုလှောင်ခွင့် 1GB ပေးတယ် ဆိုတာက အင်မတန် ထူးတဲ့ကံ။ အီးမေးလ်ရှိတော့ နိုင်ငံရပ်ခြား ရောက်နေတဲ့ သူငယ်ချင်း တချို့နဲ့ ဆက်သွယ်လို့ ရလာတာပေါ့။ ၂၀၀၃ ခုနှစ်လောက်မှာ အိမ်သုံး အင်တာနက်တွေ စချပေးပြီး ၂၀၀၄ ခုနှစ်လောက်မှာ gmail တွေ gtalk တွေ ပေါ်လာတော့ အရင်ကထက် စာရင် ဟန်ကျသား။ ဒါပေမယ့် အများသိကြတဲ့အတိုင်း gtalk က လူနှစ်ယောက်စလုံး အွန်လိုင်းချိတ်ထားမှ ပြောလို့ရတာဆိုတော့ အချိန်မရွေး ဖုန်းနံပါတ်လှည့်ပြီး ကောက်ခေါ်လို့ ရတဲ့ ဖုန်းလောက် အဆင်မပြေပါဘူး။ ဒါကြောင့် လူတွေရဲ့ ချဉ်ခြင်းကို နားလည်တဲ့ အက်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေက အင်တာနက်ပေါ်ကတစ်ဆင့် တစ်ဘက်က ဖုန်းကို လှမ်းခေါ်နိုင်တဲ့ အင်တာနက်ဖုန်းစနစ် (VOIP = Voice Over Internet Protocol) ကို ထွင်ပေးခဲ့ကြပါတယ်။

သူတို့ဆီမှာတော့ ဒီစနစ်က အတော်လေး အဆင်ပြေတယ်။ နိုင်ငံခြားသုံးငွေ ကိုင်ခွင့်မရှိတဲ့ ကျွန်တော်တို့အဖို့က ဖုန်းဆက်ခ ကြိုတင် ငွေသွင်းဖို့ အဆင်မပြေတော့ သုံးလို့ မရပါဘူး။ စင်ကာပူ အဆက်အသွယ် ကောင်းတဲ့သူတွေကတော့ Pfingo တို့ Skype တို့ကို ငွေလှမ်းသွင်းခိုင်းပြီး ဝန်ဆောင်မှုတစ်ခု အနေနဲ့ လုပ်စားခဲ့ကြပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ နိုင်ငံခြား ဖုန်းပြောခထက်စာရင် အင်တာနက်ပေါ်ကနေ ဖုန်းပြောခဟာ (၈၀) ရာခိုင်နှုန်းမက သက်သာလေတော့ အင်တာနက်ဆိုင်မှာ လူတွေက တရုန်းရုန်း၊ တရားမဝင် အင်တာနက် ဖုန်းပြောရင် ဖမ်းမယ်ဆီးမယ်နဲ့ အသံတွေက တညံညံ။ ကျွန်တော့်စိတ်ထင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အဲ့ဒီအသံတွေဟာ ၂၀၁၁ ခုနှစ်လောက်ထိ ရှိနေခဲ့တယ် မှတ်တယ်။ ၂၀၁၂ ထဲ ရောက်တော့ ဆက်သွယ်ရေးက မူပြောင်းပြီး အင်တာနက်ဖုန်းတွေကို လိုက်ပိတ်မယ့် အစား၊ ဖုန်းဆက်သွယ်မှုတွေကို ဖမ်းဆီးမယ့်အစား အဲ့ဒီစနစ်တွေနဲ့ ဈေးနှုန်းခြင်း ယှဉ်ပြိုင်နိုင်တဲ့ ပြည်တွင်းဖြစ် အင်တာနက်ဖုန်း စနစ်ကို ထောင်ရင်ကောင်းမယ်လို့ စိတ်ကူးလာတယ်။ အဲ့ဒီစိတ်ကူးအရ ပေါ်လာတဲ့ အင်တာနက်ဖုန်းဝန်ဆောင်မှု နှစ်မျိုးက Ytalk နဲ့ MEB TALK2 တို့ ဖြစ်ပါတယ်။

ဒီနေ့ဆိုရင် မြန်မာပြည်သူတွေဟာ အဲ့ဒီဝန်ဆောင်မှု နှစ်မျိုးထဲက ကြိုက်နှစ်သက်ရာကို သုံးပြီး အင်တာနက်ဖုန်း ပြောဆိုနိုင်ကြပါပြီ။ ဈေးနှုန်းအရ ဆိုရင် MAB TALK2 က ပိုပြီး သက်သာပါတယ်။ ဒါပေမယ့် သူက အင်တာနက်ဖုန်း စစ်စစ်ပါ။ အင်တာနက်လိုင်း မရှိရင် ဖုန်းပြောလို့ မရပါဘူး။ Ytalk က ဈေးနှုန်း ပိုများပေမယ့် အင်တာနက်လိုင်း ရှိရှိ၊ မရှိရှိ အင်တာနက်ဖုန်း ပြောလို့ရပါတယ်။ ဒါကြောင့် ကြိုးဖုန်းတွေပေါ်ကနေလည်း ပြောလို့ရတယ်။ ကြိုးဖုန်း ဆက်သွယ်ခ တစ်မိနစ် ၂၅ ကျပ်နဲ့ အင်တာနက်ဖုန်း တစ်မိနစ်ပြောခ (နိုင်ငံအလိုက် ကျသင့်နှုန်း) တို့ပေါင်းပြီး ယူပါတယ်။ ကြိုက်သလောက်ပြော ကျသလောက်ရှင်း စနစ်ပါ။ အခုအချိန်မှာ လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်နိုင်ကြပြီ။ ငွေတစ်သောင်းသွင်းပြီး Orderdata service ဆိုတဲ့ စာလုံး ရိုက်ပို့တတ်ရင် ၃ မိနစ်အတွင်း အင်တာနက် သုံးလို့ရပြီ။ အဲ့ဒီတော့ နိုင်ငံရပ်ခြားမှာ ဆွေမျိုးရင်းချာရှိသူတွေ ပြည်တွင်းဖြစ် အင်တာနက်ဖုန်း သုံးနိုင်ကြပါပြီ။

ဈေးသက်သာတဲ့ MEB TALK2 နဲ့ အင်တာနက်ဖုန်း ဘယ်လိုပြောမလဲ ကြည့်ရအောင်။ သူက အင်တာနက်ဖုန်း စစ်စစ်ဆိုတော့ ဆော့ဖ်ဝဲ လိုတယ်။ ပထမဆုံး ကိုယ့်ဖုန်းမှာ အင်တာနက်လိုင်း ချိတ်သုံးလို့ရအောင် ပြင်ဆင်ထားပါ။ ပြီးရင် Browser တစ်ခုခု ဖွင့်ပြီး (အလုပ်လုပ်တာ မြန်တဲ့ Opera mini ဒါမှမဟုတ် Boat Browser တို့က သင့်တော်ပါတယ်) address ရိုက်ထည့်ရမယ့် ကွက်လပ်မှာ www.mebtalk2.com ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပါ။ MEB TALK2 ရဲ့ Home Page ကို ရောက်လာပါမယ်။ Account အသစ် ဖွင့်မှာမို့ Create Account Register နေရာကို နှိပ်ပါမယ်။ အဲဒီအခါကျရင် Account Registeration Form ဆိုတဲ့ စာမျက်နှာကြီး ပေါ်လာပါမယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ဖောင်ဖြည့်သွင်းရမယ့် နေရာပေါ့ ဖောင်ထဲမှာ username, password နဲ့ Comfirm password အကွက်တွေကို မဖြစ်မနေ ဖြည့်သွင်းပေးဖို့ လိုပါတယ်။ အီးမေးလ်က ကိုယ့် password မေ့သွားရင် ပြန်ပြီး တောင်းနိုင်အောင် ဖြည့်သွင်းသင့်တယ်လို့ website က အကြံပြုထားပါတယ်။ ဒါကြောင့် အီးမေးလ်လိပ်စာရှိရင် ဖြည့်သွင်းပေးလိုက်ပါ။ ပြီးရင် အောက်ဘက်မှာ တွေ့ရတဲ့ စာလိမ်နှစ်ခုကို အသေအချာ ဖတ်ပြီး type the two words ဆိုတဲ့ အကွက်ထဲမှာ တူအောင်ဖြည့်ပေးရမယ်။ စာတွေက တစ်ခါတစ်ရံမှာ အတော်လေး ကောက်ကွေးနေတာမို့ အသေအချာ မမြင်ရရင် မြင်ကွင်းကို အကြီးချဲ့ပြီး ကြည့်ပါ။ သုံးခါထက် ပိုမှားလို့တော့ မကောင်းပါဘူး။ အားလုံးပြီးပြီဆိုရင် အောက်ဘက်က Register ဆိုတဲ့နေရာမှာ တစ်ချက်နှိပ်ပါ။ အားလုံး အောင်မြင်တယ်ဆိုရင် Your Account is successfully registered ဆိုတဲ့ စာတမ်းနဲ့ အကွက်တစ်ခု ပေါ်လာပါမယ်။ အဲဒီစာတမ်းအောက်မှာ ဖောင်ဖြည့်သွင်းတုန်းက ကိုယ်ထည့်ခဲ့တဲ့ Username နဲ့ password ကို ဖော်ပြပေးထားပါတယ်။

ဒါက Account ဖွင့်ထားတာပဲ ရှိပါသေးတယ်။ ပြီးရင် Meb talk2.apk ဖိုင်ကို ဖုန်းထဲ download ဆွဲချရပါဦးမယ်။ ပြီးရင် Install ဖိုင်ကို လက်နဲ့ တစ်ချက်ခေါက်ပါ။ အောက်မှာမြင်ရတဲ့ Install နေရာမှာ တစ်ချက်ခေါက်ပါ။ ပြီးပြီဆိုရင် အမှန်ခြစ်လေးနဲ့ application installed စာသားကို မြင်ရပါမယ်။ အောက်ဘက်မှာရှိတဲ့ open ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ Log in ဝင်ရမယ့်နေရာ တစ်နည်းပြောရရင် ကိုယ့် Account ရဲ့ user name နဲ့ password ဖြည့်ရမယ့် နေရာကို ရောက်ပါမယ်။ ဖြည့်ပေးလိုက်ပါ။ မှန်တယ်ဆိုရင် Log in was a success ဆိုတဲ့ စာတန်းလေး ပေါ်လာပြီး ဖုန်းဆက်လို့ရမယ့် နေရာကို ရောက်သွားပါမယ်။ Call ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဖုန်းဆက်ဖို့ ဂဏန်းပါတဲ့ အကွက်ကြီးပေါ်လာပါမယ်။ ကိုယ်ဆက်မယ့် နိုင်ငံရဲ့ နိုင်ငံကုတ်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ပြီးခေါ်နိုင်ပါတယ်။ VOIP Call နေရာကနေ ခေါ်ရမှာပါ။ အဲဒီထဲကနေ ပြည်တွင်းဖုန်းတွေခေါ်ဖို့ Local Access ဆိုတဲ့နေရာကလည်း ပေးထားပါတယ်။ ဒါကတော့ ပြည်တွင်းဖုန်းခေါ်ခနဲ့ ဖြတ်မှာပါ။ ကိုယ့် Account ကို verify လုပ်ချင်ရင် setting ကိုနှိပ်ပါ။ ဖုန်းကျသွားပြီး Website ကနေ သူ့ဆီခေါ်တဲ့ဖုန်းကို ပြန်ဆက်သွယ်ပါမယ်။ viber မှာ ဂဏန်းလေးလုံး ပေးသလိုပါပဲ။ ရပြီဆိုရင် OK နှိပ်ပါ။ success ဆိုတဲ့ စာတမ်းနဲ့ အကွက်တစ်ခု ပေါ်လာပါမယ်။ OK နှိပ်ပြီးထွက်ပါ။ သတင်းအချက်အလက် စုံစမ်းချင်တဲ့ လူတွေက [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

Ytalk ကတော့ ကြိုးဖုန်းကရော၊ မိုဘိုင်းဖုန်းကနေပါ ခေါ်ဆိုနိုင်ပါတယ်။ ပထမဆုံးအဆင့်က Ytalk ရုံးစိုက်တဲ့နေရာ (ဆင်မလိုက် အဝေးပြေးဝင်းထဲက အဆောက်အဦမှာ မှတ်တယ်) နဲ့ ဆက်သွယ်ပါ။ ငွေကြိုပြီး ဖြည့်သွင်းထားပါ။ အင်တာနက်လိုင်း မရှိတဲ့ ကြိုးဖုန်းကနေ ဆက်သွယ်မယ်ဆိုရင် ဒီလိုလုပ်ရပါမယ်။ ကြိုးဖုန်းကနေဆိုရင် PIN နံပါတ်ကို ကြိုပြီး ပေးလိုက်ပါလိမ့်မယ်။ ပထမဆုံး ဖုန်းနံပါတ် ၀၁-၄၄၅၅၅၅၅ ကို အရင်နှိပ်ပါ။ PIN နံပါတ် တောင်းပါမယ်။ Ytalk account pin နံပါတ်နဲ့ hash key ကို နှိပ်ပေးရပါမယ်။ ပြီးရင် ကိုယ်ခေါ်ချင်တဲ့ နိုင်ငံခြားကို ၀၀+ နိုင်ငံကုတ်+ နိုင်ငံခြားဖုန်းနံပါတ်+ hash key ကိုနှိပ်ပြီး ဆက်ချင်တဲ့ နိုင်ငံကို တိုက်ရိုက်ခေါ်နိုင်ပါတယ်။ မြန်မာတွေ အဆက်များတဲ့ မလေးရှားနိုင်ငံကုတ် ၀၀၆၈၊ တရုတ် ၀၀၈၆၊ ဂျပန် ၀၀၈၁၊ တောင်ကိုရီးယား ၀၀၈၂ ဖြစ်ပါတယ်။ အင်တာနက်ကနေ သုံးမယ့် မိုဘိုင်းဖုန်းတွေကတော့ www.Ytalk.com.mm ကနေပြီး ဆော့ဖ်ဝဲကို download ဆွဲရပါမယ်။ ပြီးရင် ဖုန်းပေါ်မှာ Install လုပ်ရပါမယ်။ ပြီးရင် Ytalk ဆော့ဖ်ဝဲကို ဖွင့်ပါ။ Log in နေရာကို ရောက်ပါမယ်။ ဆိုင်မှာသွားပြီး ငွေဖြည့်ကတည်းက user name, password တွေ သတ်မှတ်လိုပြီ ဖြစ်ပါတယ်။ user name က မြင်နေရပါတယ်။ ကူးပြီးဖြည့်ပါ။ Pin Code နေရာမှာ ခဲခြစ်ပါ။ password ပေါ်လာပါမယ်။ ကူးပြီး Log in ရဲ့ password နေရာမှာ ဖြည့်ပါ။ Login နှိပ်ပါ။ အထဲကို ရောက်သွားပြီဆိုရင် ဖုန်းခေါ်တဲ့ အကွက်ကို သုံးပြီး ၀၀+ နိုင်ငံကုတ်+ နိုင်ငံခြားဖုန်းနံပါတ်တို့ကို နှိပ်ပြီး နှစ်သက်ရာ နိုင်ငံကို လှမ်းပြီး ခေါ်ဆိုနိုင်ပါတယ်။ အသံကြည်လင် ပြတ်သားချင်ရင် ဆော့ဖ်ဝဲရဲ့ Menu ကို ခေါ်တင်ရမယ်။ ဖုန်းအောက်ခြေမှာ မျဉ်းကြောင်းလေးတွေ ဆင့်ထားတဲ့နေရာ ဖြစ်ပါတယ်။ ပြီးရင် setting ထဲဝင်ပါ။ Audio setting ကို ရွေးပါ။ အဲဒီထဲက G729 ကိုပဲ အမှန်ခြစ်ပြီး ကျန်တဲ့ CODEC တွေကို ဖြုတ်ပေးရပါမယ်။ အင်တာနက်လိုင်းအား 30 kbps လောက် ပုံမှန်ရနေတဲ့အချိန်မှာ Ytalk ရော MEB TALK 2 ပါ ကြည်လင် ပြတ်သားပါတယ်။ လိုင်းအားကျပြီဆိုရင် Ytalk က ပိုပြီး ကြည်လင်ပြတ်သားတာ တွေ့ရပါတယ်။

နောင်စိုး (ထားဝယ်)

Ref & Credit: Mobile Guide Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်