Monday, September 30, 2013

အီရန်၏ နျူကလီးယားလက်နက်များ လျှော့ချမည်ဆိုခြင်းသည် ဟန်ဆောင်ခြင်းဖြစ်ကြောင်း အစ္စရေးပြော

Posted by drmyochit Monday, September 30, 2013, under | No comments


အီရန်သမ္မတသစ်၏ လက်ထက်တွင် နျူကလီးယား ခြိမ်းခြောက်မှုများ ယခင်ကထက် လျော့နည်း သွားသည် ဆိုသော အမြင်များကို ပြန်လည်ဖြေရှင်းရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေ တန်ယာ ဟု (Benjamin Netanyahu) သည် နယူးယောက်မြို့သို့ တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ကြောင်း စက်တင် ဘာ ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

“အီရန်ရဲ့ အပြောချိုချိုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ စကားတွေရဲ့နောက်ကွယ်က အမှန်တရားကိုပြောပြဖို့ ကျွန် တော်ရည်ရွယ်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ကြောင်း အစ္စရေးရေဒီယိုက ထုတ်လွှင့်ခဲ့သည်။ နေတန်ယာဟု နယူးယောက်မြို့သို့ ထွက်ခွာရန်အတွက် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ #BenGurion လေဆိပ်တွင် ရောက်ရှိနေချိန်တွင် ထိုကဲ့သို့ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

အီရန်သမ္မတရိုဟာနီ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားခဲ့သော ပြေလည်ရေးဆန်သည့်မိန့်ခွန်း မှာ သံသယ၀င်ဖွယ်ဖြစ်ကာ၊ ဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေကြောင်း ယခုအပတ်အတွင်းတွင် နေတန် ယာဟုက ပြောကြားခဲ့သည်။

နေတန်ယာဟုသည် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အိမ်ဖြူတော်တွင်တွေ့ ဆုံဆွေးနွေးမည် ဖြစ်ကာ၊ ထို့နောက်တွင် အင်္ဂါနေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြော ကြားရန်အတွက် နယူးယောက်မြို့သို့ ပြန်မည်ဖြစ်သည်။

နျူကလီးယား လက်နက်ထုတ်လုပ်ရေး အီရန်၏လျှို့ဝှက်စီမံကိန်းဟု အစ္စရေးနှင့် အနောက်နိုင်ငံများက စွပ်စွဲထားကြသည့်၊ အီရန်၏ အစီအစဉ်နှင့် ပတ်သက်သည့် ကိစ္စရပ်အား အစ္စရေးနိုင်ငံ၏ လုံခြုံရေးတွင် အဓိက အရေးကြီးသော ကိစ္စရပ်တစ်ခုအဖြစ် နေတန်ယာဟုက သတ်မှတ်ထားသည်။

ထိုစွပ်စွဲချက်များကို အီရန်နိုင်ငံက ငြင်းဆိုထားခဲ့သည်။ ကုလသမဂ္ဂသို့ ပြောကြား ခဲ့သည့်မိန့်ခွန်းတွင် သမ္မတရိုဟာနီက “အီရန်ရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေး အယူအဆမှာ နျူကလီးယားလက်နက်တွေအတွက် နေရာမရှိပါဘူး” ဟုဆိုခဲ့သည်။

“ဒီလိုအချိန်မှာ အမှန်တရားကို ပြောဆိုဖို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးနဲ့၊ အထူးသဖြင့် အစ္စရေး ရဲ့လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်လှပါတယ်” ဟု သူကပြောခဲ့သည်။

အီရန် နျူကလီးယားကိစ္စနှင့်ပတ်သက်သည့် စိုးရိမ်ကြောင့်ကြမှုများကို ဖြေရှင်းရန်ကြိုးစားနေသည့်၊ ကိုယ် ပိုင်ပုံစံ အလယ်အလတ်ဝါဒီ သမ္မတသည် တယ်လီဖုန်းဖြင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သောကြာနေ့က ပြောဆိုဆွေးနွေးနိုင်ခဲ့ရာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ အီရန်နိုင်ငံတွင် ၁၉၇၉ ခု နှစ်က ဖြစ်ပွားခဲ့သည့် အစ္စလာမ်မစ် တော်လှန်ရေးကာလ နောက်ပိုင်း၌ နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် ဆက်သွယ်ပြောဆိုမှုတစ်ရပ်လည်း ဖြစ်သည်။

AFP/Mizzima burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်