Monday, September 30, 2013

တစ်ချိန်တွင် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံစေမည့် Master Plan ဖြစ်နိုင်

Posted by drmyochit Monday, September 30, 2013, under | No comments



“ရခိုင်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်၏ထူးခြားသော ပထဝီနိုင်ငံရေးအရ အခြား တိုင်းရင်းသား များ ထက် ပြည်ထောင်စု၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပြင် ယဉ်ကျေးမှုဓလေ့ထုံးစံများအတွက် ခက်ခက်ခဲခဲဖြင့် ထိန်း သိမ်းကာကွယ်တာဝန်ယူနေရကြောင်း၊ မိမိတို့အနေဖြင့် နှုတ်ဖြင့် ဂုဏ်ပြု ချီးမြှောက်နေ ရုံမျှသာမဟုတ် အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း” ပြည်ထောင် စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC) ခန်းမ၌ကျင်းပသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး မိသား စုတွေ့ဆုံဆွေးနွေးပွဲ၌ ပဏာမနှုတ်ခွန်းဆက်အမှာ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီး များ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များ၊ ရခိုင်ပြည်နယ် (၁၇) မြို့နယ် ကိုယ်စားပြု နာယကကြီးများနှင့် ကိုယ်စားလှယ်များ၊ ရခိုင်သဟာရ အသင်း၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့နှင့် ပြည်နယ်လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမိသားစုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ဗွီဒီယိုပြ ကွက်များ ဖြင့် တင်ပြသည်။ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပဏာမ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေ သကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေး မောင်က ရခိုင်ပြည်နယ် သမိုင်းအကျဉ်းနှင့် လက်ရှိ အခြေ အနေ များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဦးဘိုမင်းဖြူ (တရားလွှတ်တော်ရှေ့နေ)က “ရခိုင်ပြည်နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တို့နှင့်စပ် လျဉ်း၍ လည်းကောင်း”၊ ဥပဒေပညာရှင် ဦးသာပွင့်(စစ်တွေ)က “ရခိုင်ပြည်နယ်ဒေသ တည်ငြိမ်ရေးနှင့် ပထဝီနိုင်ငံရေး ဆိုင်ရာ အရေးပါပုံများနှင့်စပ်လျဉ်း၍လည်းကောင်း”၊ ရခိုင်တိုင်းရင်းသား ကိုယ်စားပြုပုဂ္ဂိုလ် ဦးသိန်းရွှေက “ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရခိုင်သဟာယအသင်းဥက္ကဋ္ဌ ဦးလှမောင်သိန်းက “ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးအလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း”၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှ မောင်ဇော်မျိုးနိုင်က “ရခိုင်တက္ကသိုလ်ကျောင်းသား တစ်ဦးမှ လက်ရှိဖြစ်ပျက်နေသောအခြေအနေများကိုလည်းကောင်း”၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က “ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လတ်တလောလိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရခိုင်ပြည်နယ်(၁၇)မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး တင်ပြချက်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက အကျဉ်းချုပ်အားဖြင့် တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးက ရခိုင်အမျိုးသားရိုးရာခေါင်းပေါင်းနှင့် ရခိုင်အမျိုးသား အထိမ်းအမှတ် န၀ရူပ ဗျာလ ရုပ်ထုကို လက်ဆောင်အဖြစ်ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့တက်ရောက်လာကြသော အထူး ဧည့်သည်တော် များအား ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးက ရိုးရာခေါင်းပေါင်းနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားရာတွင် ယနေ့ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ၏ တင်ပြဆွေးနွေးမှုများမှာ ပြည့်စုံစနစ်ကျ ပါ ကြောင်း၊ ပြည်ထောင်စုအတွက်ပါ အကျိုးရှိကြောင်း၊ ပြည်နယ်ကိုယ်စားလှယ်များ၏ တင်ပြချက်များကို အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ထံသို့လည်း တင်ပြချက်များကို ပူးတွဲ၍ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့သို့လည်း တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ယခုတင်ပြချက်များသည် ရခိုင်ပြည်နယ်အတွက် သာမက ပြည်ထောင် စုကြီး တစ်ခုလုံးအတွက်ပါ အကျိုးရှိကြောင်း၊ တစ်ချိန်တွင် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံစေမည့် Master Plan ဖြစ်နိုင်ကြောင်းဖြင့် ပြောကြား သည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်