Friday, September 06, 2013

မန္တလေးတွင် သိန်းတစ်ရာအောက် အိမ်ယာ စီမံကိန်းများစတင်

Posted by drmyochit Friday, September 06, 2013, under | No comments


မန္တလေး၊ စက်တင်ဘာ ၆။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း ဆောင်ရွက်မည့်မြို့ပြစီမံကိန်း လုပ်ငန်းအချို့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မန္တလေးစည်ပင်သာယာကော်မတီ အဆောက်အအုံနှင့်
ကုန်ရုံဌာနမှူး ဦးမျိုးအောင်က ပြောသည်။

ချမ်းမြသာစည်မြို့နယ် မြရိပ်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိမြို့ပြ စီမံကိန်းမှ တန်ဖိုးနည်း အိမ်ယာဆောက်လုပ်ရန်အတွက် မြေကွက်အမှတ် မမ-၁၅နှင့်မမ-၂၆တို့ တွင်
သြဂုတ်လ ၄ရက်နေ့မှ စတင်၍ တိုင်းတာခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

၎င်းမြေကွက်နှစ်ခုတွင် အဆောက်အဦး၅၇လုံး၊ အခန်းပေါင်း၁၃၄၄ခန်း (မမ၁၅အကွက်တွင် ရှစ်ခန်းတွဲ၎ထပ် အဆောက်အဦး၂၇လုံး၊ စုစုပေါင်း၈၆၄ခန်း၊ မမ၂၆အကွက်တွင် ၄ခန်းတွဲ၎ထပ်
အဆောက်အဦး အလုံး၃၀၊ စုစုပေါင်း၄၈၀ခန်း) ဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဘတ်ဂျက်ကာလအပြီး(မတ်လကုန်)မှာ အပြီးသတ်ဖို့  ခန့် မှန်းထားတယ်။ အဲဒီအတွက်၇လနဲ့အပြီးသတ် ဆောက်မယ်”ဟု ခန့်မှန်းကာလနှင့် ပတ်သက်၍ ဌာနမှုးက ရှင်းပြသည်။

၎င်းတိုက်ခန်းများတွင် မမ၁၅တိုက်ခန်းတွင် ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်း၊ မီးဖိုခန်းတစ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတစ်ခန်းပါဝင်မည်ဖြစ်ပြီး၊ မမ၂၆တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုခန်းတစ်ခန်း၊ ရေချိုးခန်းအိမ်သာတစ်ခန်းပါဝင်ကြောင်းလည်း သိရသည်။

တိုက်ခန်းဈေးနှုန်းများမှာ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နှင့် တတိယထပ်များမှာ ဈေးနှုန်းကွာခြားမည်ဖြစ်ပြီး “ဘယ်လိုရောင်းချပေးမယ်၊ ဘယ်လိုနေရာချထားပေးမယ်ဆိုတာကတော့ လုပ်ငန်းပြီးစီးတဲ့(၇)လကျော်ပဲမှ သိရမှာပါ။ ဒါပေမယ့် အများဆုံး သိန်းတစ်ရာ အောက်ပါပဲ”ဟု ဌာနမှုးက ပြောသည်။

၎င်းရပ်ကွက်အတွင်းရှိ မြေနေရာများတွင် ရောင်းမှား၊ ဝယ်မှားဖြစ်သည့် သူများကို ဦးစားပေးရောင်းချသွားမည် ဖြစ်ပြီးတစ်ဦးလျှင် တစ်ခန်းနှုန်းသာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ စည်ပင်သာယာဌာနတွင်
ရောင်းမှား၊ ဝယ်မှားသမားများကို လာရောက်စာရင်းပေးသွင်းခွင့် ပြုထားရာ ယနေ့အထိလာရောက် စာရင်းပေးသူဦးရေ ၁၀၀ကျော်သာ ရှိသေးကြောင်းလည်း သိရသည်။

၎င်းတို့ ပြီးမှသာလျှင် ဝန်ထမ်းငယ်များကို ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ယင်းအိမ်ယာများ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း၃၇ခုအား ရွေးချယ်ပြီး
လုပ်ငန်းလုပ်ကိုင် ထားကြောင်းလည်း သိရသည်။

လူလူ
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်