အရှေ့ဘက် ပရီမော်ရီ ဒေသတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် ဒေါက်တင် ရပ်နားထားသော စစ်ဘက်သုံး ရေငုပ်သင်္ဘောသည် တနင်္လာနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဆိုသည်။
ရုရှားနိုင်ငံတွင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း နျူကလီးယား ယိုစိမ့်မှု ပြဿနာ လုံးဝမရှိဟု အစိုးရက ကြေညာခဲ့သည်။ အရှေ့ဘက် ပရီမော်ရီ ဒေသတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် ဒေါက်တင် ရပ်နားထားသော စစ်ဘက်သုံး ရေငုပ်သင်္ဘောသည် တနင်္လာနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဆိုသည်။ သို့သော်လည်း မီးကို လျင်လျင်မြန်မြန် ငြှိမ်းသတ်နိုင်ခဲ့သလို ချက်ချင်းစစ်ဆေးမှုများ ပြုလုပ်ရာ နျူကလီးယား ယိုစိမ့်မှု လုံးဝ မဖြစ်ပေါ်ခဲ့ဟု သိရှိရသည်။
ရေငုပ်သင်္ဘောကို ပြင်ဆင်မှုများ ပြုလုပ်နေသည့် ဇဗက်ဇ်ဒါ သင်္ဘောကျင်းမှ တာဝန်ရှိသူ တစ်ဦးက မီးလောင်မှုနှင့် ပတ်သက်၍ မည်သည့် နောက်ဆက်တွဲ ဆိုးကျိုး သက်ရောက်မှုမျှ မရှိကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာမရခဲ့ကြောင်း ပြောဆိုသွားသည်။ ရေငုပ်သင်္ဘောတွင် ဝရိန်ဆက်မှုများ ပြုလုပ်နေရင်း မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရေငုပ်သင်္ဘော ကိုယ်ထည် အတွင်းဘက်ရှိ ရော်ဘာ အတားအဆီးများ၊ ရေလှောင်ကန် မျက်နှာပြင်များတွင် မီးစွဲလောင်ခဲ့သည်။
ရုရှား၏ ပစိဖိတ် ရေတပ်မှ မီးသတ်ဝန်ထမ်း (၁၃)ဦးနှင့် အရေးပေါ် အခြေအနေ စီမံရေး ဝန်ကြီးဌာန လက်အောက်မှ တာဝန်ရှိသူများသည် အခင်းဖြစ်ရာ နေရာသို့ အရေးပေါ်လာရောက်ကာ မီးငြှိမ်းသတ်ခဲ့သည်။ ထို့နောက် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရာ နျူကလီးယား စွမ်းအင်သိုလှောင် စနစ်တွင် မည်သည့် ထိခိုက်မှုမျှ မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။ ခရုစ်ဒုံးကျည်များ တင်ဆောင်နိုင်သည့် K-150 Tomsk ရေငုပ်သင်္ဘောသည် နျူကလီးယား ဓာတ်ပေါင်းဖိုရှိ အအေးပေးစနစ်တွင် ပြဿနာများ ဖြစ်ပေါ်လာပြီးနောက် (၂၀၁၀)ပြည့်နှစ် ကတည်းက ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
From: Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment