Tuesday, September 17, 2013

Online Charging စနစ် အရန်တစ်ခု နေပြည်တော်တွင်ထားရှိရန် စက်ပစ္စည်းအချို့တပ်ဆင်ပြီး ဖြစ်ကြောင်း သိရ

Posted by drmyochit Tuesday, September 17, 2013, under | No comments

အကြောင်းအမျိုးမျိုးကြောင့် Online Charging System (OCS) စနစ်ချို့ယွင်း ပါက ငွေကြေးမဆုံး ရှုံးရအောင် အရန်စနစ်တစ်ခုကို နေပြည်တော်၌ထားရှိရန် စီစဉ်လျက်ရှိရာ စက်ပစ္စည်းအချို့ကို စတင်တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။

လိုင်းအင်အား ၁၀.၅ သန်းအထိ တပ်ဆင်နိုင်သည့် OCS အရန်စနစ်ကို နေပြည်တော်၌ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ “OCS ဆိုတာ မိုဘိုင်းဖုန်းတွေကို Prepaid တွေမှာ သုံးတာပေါ့။ နောက်ပိုင်းပေါ်တဲ့ ဖုန်းမှန်သမျှ Prepaid နဲ့ လုပ်တယ်။ အဲ့ဒီ Prepaid လုပ်တဲ့ Topup Card တွေ ဖြည့်တာတွေ ဘာတွေကို အဲ့ဒီစက်ကနေမှတ်ပြီး ဆောင်ရွက်တာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ၎င်းစက်မှာ ရန်ကုန်တွင် တစ်လုံးရှိပြီးသားဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြုသူ ပိုမိုများပြားလာသည့်အတွက် အရန်တစ်လုံးထပ်မံထားရှိခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒါက နဂိုကတည်းက ရန်ကုန်မှာတစ်လုံးရှိပြီးသား။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူတွေက များလာရင် ပြတ်တောက်တာတွေ ဘာတွေမဖြစ်အောင်ဆိုပြီး အရန်တစ်လုံးကို နေပြည်တော်မှာ လာပြီးတပ်ဖို့လုပ်နေတာ။ စက်ပစ္စည်းတချို့လည်း ရောက်နေပါပြီ။ စလည်းတပ်နေပါပြီ” ဟု ဆက်လက်ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် GSM/ WCDMA (UMTS) မိုဘိုင်းလိုင်းများအတွက်၂၀၁၁ ခုနှစ်မှ စတင်ကာ ဘီလ်စနစ်သုံး (Post Paid) နှင့် ကြိုတင်ငွေပေးကတ်စနစ် (Prepaid) စနစ်နှစ်မျိုးစလုံး အသုံးပြုနိုင်ရန်အတွက် Online Charging System (OCS) ကို ရန်ကုန်မြို့တွင် ဝယ်ယူတပ်အဆင် အသုံးပြုခဲ့ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာန၊ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလမှစတင်ကာ တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ရောင်းချပေးနေသည့်အတွက် သုံးစွဲသူအရေအတွက်မှာ သိသိသာသာတိုးလာကြောင်း လက်ရှိတပ်ဆင်ထားသည့် Online Charging System (OCS) ၏ အများဆုံးတပ်ဆင်နိုင်သည့် လိုင်းအင်အားမှာ ၄.၇ သန်းသာရှိကြောင်း ဆက်လက်တိုးတက်လာမည့် တန်ဖိုးနည်းဖုန်းများအတွက် လိုင်းအင်အား ၁၀.၅ သန်းအထိ နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်သော စက်ပစ္စည်းများကို တိုးချဲ့တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ ယခုနှစ် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း၌ ဆောင်ရွက်မည့်လုပ်ငန်းစဉ် ၇ ခု အနက် OCS တိုးချဲ့ခြင်းလုပ်ငန်းလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း၊ နေပြည်တော်
အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်