Tuesday, September 17, 2013

Telenor က ဖုန်းခေါ်ဆိုမှုအား တစ်မိနစ်လျှင် ၂၅ ကျပ်သာ သတ်မှတ်မည်

Posted by drmyochit Tuesday, September 17, 2013, under | No comments

ဆက်သွယ်ရေးဆိုင်ရာ လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သော Telenor Group အနေဖြင့် ဖုန်းခေါ်ဆိုမှုအား တစ်မိနစ်လျှင် ၂၅ ကျပ်သာ အများဆုံး သတ်မှတ်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO Mr. Petter Furberg ကပြောသည်။




စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များက ကျင်းပခဲ့သည့် Myanmar Connect 2013 အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်မိနစ်လျှင် ၂၅ ကျပ် အများဆုံးသတ်မှတ်ခြင်းအပြင် အချို့ဝန်ဆောင်မှုများကိုလည်း ဈေးနှုန်းလျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ “တချို့ဝန်ဆောင်မှုတွေကို ငါးဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Mr. Petter Furberg က ပြောသည်။ မိုဘိုင်းဖုန်းနှင့် အင်တာနက်တို့သည် ယခင်ကနှင့်မတူဘဲ များစွာဈေးနှုန်းသင့်တော်လာသော နည်းပညာခေတ်အတွင်းတွင် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်နေကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်ရာ၌ ရင်ဆိုင်ရမည့်ပြဿနာမှာ လျှပ်စစ်ဓာတ်အားဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ “ဝန်ထမ်းတွေ စုဆောင်း သင်တန်းပေးတာမျိုး၊ နည်းစနစ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့နဲ့ လုပ်ငန်းတွေဟာ အများလက်ခံနိုင်တဲ့ လုပ်ငန်းတွေဖြစ်အောင်လုပ်ဖို့ လိုပါတယ်” ဟု ၎င်းက ပြည်တွင်းရှိ နိုင်ငံခြားလုပ်ငန်းများ လာရောက်လုပ်ကိုင်နိုင်ရန်နှင့် ပတ်သက်၍ ပြောကြားသည်။ Telenor ၏ ဝန်ဆောင်မှုများကို လိုင်စင်တရားဝင်ရရှိပြီးနောက် ၈ လ အတွင်းတွင် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မိုဘိုင်းအင်တာနက်နှင့်အတူ မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုများ၊ မိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှုများနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် မိုဘိုင်းဝန်ဆောင်မှုများကိုပါ ဆောင်ရွက်မည်ဟု ဆိုသည်။ ပြည်တွင်းအလုပ်အကိုင်များကို ဖန်တီးကာ စီးပွားရေးပတ်ဝန်းကျင် တိုးမြှင့်နိုင်ရန်လည်း ရည်ရွယ်ထားကြောင်း Mr. Petter Furberg က ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်းလုပ်ငန်းကိုလုပ်ကိုင်ရန် ပြိုင်ဆိုင်မှုအတော်များများရှိကြောင်း၊ ဟန်းဆက်ကို အများပြည်သူ သက်သက်သာသာ ဝယ်ယူနိုင်သည့်နှုန်းထားများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ပြည်တွင်းအခြေခံအဆောက်အအုံများ တည်ဆောက်မှုအပိုင်းတွင် နောက်ဆုံးပေါ်စက်ပစ္စည်းများကိုသာ ထည့်သွင်းအသုံးပြုသွားမည်ဟု ၎င်းကပြောကြားခဲ့သည်။

ထွန်းထွန်း၊ နေပြည်တော်
အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်